နော်နိုရင်း
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဗိုလ်ချုပ်ဇော်မင်းနဲ့ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်မောင်မောင်အုန်း တို့အဖွဲ့ရဲ့ ကားတန်းကို ဒီကေဘီအေအဖွဲ့က ချုံခိုတိုက်ခိုက်ခဲ့ပါတယ်။
ဝန်ကြီးချုပ်နဲ့အဖွဲ့ဟာ ကရင်ပြည်နယ် မြဝတီမြို့နယ် ကုက္ကိုမြိုင်ကျေးရွာမှာ ဩဂုတ်လ ၂၀ ရက်နေ့က ကျင်းပတဲ့ နယ်ခြားစောင့်တပ် ၁ နှစ်ပြည့်အခမ်းအနားကို တက်ရောက်ပြီး အပြန် ဝှေ့ရှားမယ့်ပလယ်ရွာမှာ ဆွဲမိုင်းနဲ့တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။
တိုက်ခိုက်ခံရတဲ့အတွက် ဗိုလ်မှူးတဦးနဲ့ တပ်သားနှစ်ဦး ထိခိုက် သေဆုံးသွားတယ်လို့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (ဒီကေဘီအေ) ကလိုထူးဘောတပ်ရင်းရဲ့ စစ်ထောက်လှမ်းရေး ဗိုလ်ကြီးတူးသရီးက ပြောပါတယ်။
“နအဖဘက်က အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှုးနဲ့ ကရင်ပြည်နယ်ဝန်ကြီးပေါ့။ အခမ်းအနားက ပြန်လာတဲ့အချိန်မှာ ကျနော်တို့ ဒီကေဘီအေကနေ မိုင်းနဲ့ဆွဲပြီး သေနတ်ငယ်နဲ့ တချို့ပစ်ပြီး ပြန်ဆုတ်တယ်။ နအဖဘက်က သုံးယောက်သေတယ်။ အဲဒီထဲမှာ ဗိုလ်မှူး တယောက်ပါတယ်။ ဒဏ်ရာ နှစ်ယောက်ရတယ်။”
အခုလို ချုံခိုတိုက်ခံရမှုမှာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ကားကိုမထိဘဲ နောက်က လိုက်တဲ့ လုံခြုံရေးကားကို ထိသွားတာလို့ သူက ပြောပါတယ်။
အစိုးရတပ်ဖွဲ့တွေကို အခုလို ချုံခိုတိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး ဗိုလ်ကြီး တူးသရီးကို မေးမြန်းထားပါတယ်။
“ဒါက မြန်မာနိုင်ငံမှာ စစ်အစိုးရက အုပ်ချုပ်မှုမတည်ငြိမ်တဲ့အတွက် တိုင်းရင်းသားတွေနဲ့ ညီညွတ်မှု မရသေးတဲ့အတွက် ဒီလိုဖြစ်တာ။”
အခုက သမ္မတ ဦးသိန်းစိန်က ပြောတယ်။ ငြိမ်းချမ်းရေး လိုချင်တယ်ဆိုရင် သူတို့နဲ့ ဆွေးနွေးနိုင်တယ်ဆိုပြီး အစိုးရအနေနဲ့ ငြိမ်းချမ်းရေးလုပ်ဖို့ ဖိတ်ခေါ်တယ်ဆိုတော့ ဒီကေဘီအေ အနေနဲ့ကော ငြိမ်းချမ်းရေးလုပ်ဖို့ စိတ်မကူးထားဘူးလား။
“အဲဒါတွေက အတုအယောင်တွေပါ။ တကယ်တမ်း ငြိမ်းချမ်းရေးလိုလားမယ်ဆိုရင် တကယ် ခေါ်မယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေကို အားလုံးလွှတ်ပေးရမှာပေါ့။ လက်နက်ကိုင် အင်အားစုတွေကို ပြေပြေလည်လည်နဲ့ စည်းရုံးမှု မရသေးဘဲနဲ့ အဲဒီလိုမျိုး လာခေါ်ရင် လက်ခံမှာမဟုတ်ပါဘူး။”
No comments:
Post a Comment