Tuesday, October 25, 2011

ကချင်အမျိုးသမီး ၉ဦး သတ်ဖြတ်ခံရ

နော်ဆဲကလယ် (ကေအိုင်စီ)

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့အနီး နမ့်လောင်ဟော်ရွာတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ရက်နေ့က အစိုးရစစ်တပ်၏ ကွတ် ခိုင်ဗျူဟာ လက်အောက်ခံ တပ်ဖွဲ့ဝင်များမှ ရွာသူ ကချင်အမျိုးသမီး ၉ဦးအား ခေါ်ဆောင်သွားပြီး ဓားဖြင့် ခုတ်ကာ သတ်ပစ်ခဲ့သည် ဟု ဒေသခံရွာသားတစ်ဦးက ကေအိုင်စီကို ပြောသည်။

မျက်မြင်တစ်ဦးက “ခေါ်သွားတာ တွေ့ပါတယ်။ အထမ်းထမ်းခိုင်းဖို့ ခေါ်သွားမယ်။ ပြီးရင် ပြန်ရောက်လာမယ် ထင်တာပါ။ နောက် နေ့မနက်ရောက်တော့ တောထဲမှာ သေနေတာပဲ တွေ့ရတယ်။ တစ်နေရာစီမှာ ဓားနဲ့ခုတ်ပိုင်း သတ်ထားတာ မြင်မကောင်းဘူး။ ၉ယောက်စလုံးပဲဗျ။”ဟု ပြောသည်။

သေဆုံးသွားသူ အမျိုးသမီးများမှာ အဓမ္မပြုကျင့်ခံရပြီးမှ သတ်ဖြတ်ခံရသည့် အနေအထားများ ဖြစ်နေကြောင်းလည်း အဆိုပါရွာ သားက ပြောဆိုသည်။

စစ်ဘေးဒဏ်ခံနေရသော ကချင်စစ်ပြေးဒုက္ခသည်များအား ကူညီပေးနေသည့်အဖွဲ့မှ အမျိုးသမီးဝန်ထမ်းတစ်ဦးက “ဒုက္ခသည် စခန်းထဲကို မုဒိမ်းကျင့်ခံရပြီး ရောက်လာတဲ့ အမျိုးသမီးတွေ တွေ့ရပါတယ်။၊ သူတို့ပြောတာက ငါတို့ကို ဘုရားသခင် မတာပဲတဲ့။ အများအားဖြင့် ဖြစ်နေတာက မုဒိမ်းကျင့်ပြီးရင် သတ်ပစ်တာကိုး။”ဟု ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံး(KWAT)ကို မေးမြန်းရာ ထိုအဖွဲ့၏ ပြောရေးဆို ခွင့်ရှိသူ မမွန်းနေလီက ၎င်းတို့အနေဖြင့် ထိုသတင်းကို ကြားသော်လည်း ခိုင်လုံသော အချက်အလက် မရရှိသေးပါဟု ကေအိုင်စီ ကို ပြန်လည် ဖြေကြားသည်။

၎င်းအစိုးရတပ်များသည် ထိုနေ့တစ်ရက်ထဲ၌ပင် နမ့်လောင်ဟော်ရွာရှိ လူနေအိမ်များမှ အိမ်သုံးပစ္စည်းများကို ပိုင်ရှင်မသိဘဲ ယူ ဆောင်သွားခဲ့ကြောင်းလည်း ရွာသားတစ်ဦးက ပြောသည်။

သူက “စစ်တပ်ရွာထဲဝင်ရင် ရွာကလူတွေ အကုန် ထွက်ပြေးကြတာ။ အိမ်တွေက လူမရှိဘူးလေ။ သူတို့စိတ်ကြိုက် လုပ်လို့ရတာ ပေါ့။ သူတို့ကြိုက်တဲ့အိမ်ဝင်ပြီး လိုချင်တာတွေ အကုန်ယူသွားကြတာလေ။”ဟု ဆိုသည်။

နမ့်လောင်ဟော်ကျေးရွာသည် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသအတွင်း တည်ရှိသော်လည်း ကချင်လူမျိုးများသာ နေထိုင်ကြသည့် ရွာတစ်ရွာ ဖြစ်သည်။

ထိုသို့ ဒေသခံ အမျိုးသမီးများကို အဓမ္မကျင့်ကာ သတ်ဖြတ်ခဲ့သည့် အစိုးရတပ်ရင်းနံပါတ်ကို ဒေသခံများက မသိရှိရသော်လည်း ကွတ်ခိုင်မြို့နယ်တွင် အစိုးရစစ်တပ်၏ ကွတ်ခိုင်ဗျူဟာ လက်အောက်ခံတပ်ရင်းများဖြစ်သည့် ခလရ(၄၅)၊ ခလရ(၆၇)၊ ခလရ(၆၈)၊ ခလရ(၁၄၁)နှင့် ခလရ(၁၄၂)တို့က ထိုးစစ်လှုပ်ရှားရာ နယ်မြေ ဖြစ်သည်။

No comments: