Thursday, October 27, 2011

အင်းစိန်ထောင် နိုင်ငံရေးအကျဉ်းသား ၁၅ ဦး အစာငတ်ခံ ဆန္ဒပြ

လင်းသန့် on October 27, 2011

အင်းစိန်ထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသား ၁၅ ဦးသည် ယမန်နေ့ နေ့လယ်ပိုင်းက စတင်၍ အကျဉ်းသား ရပိုင်ခွင့်များအတွက် အစာငတ်ခံ ဆန္ဒပြနေကြောင်း သိရသည်။

ကိုညီညီထွန်း၊ ကိုကောင်းမြတ်လှိုင်၊ ကိုသော်ဇင်၊ ကိုဉာဏ်ထွန်းလင်း ခေါ် ကိုရန်နိုင်တို့ အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၁၅ ဦးသည် ၄င်းတို့၏ သက်ဆိုင်ရာ ၅ ဆောင် ၊ ဒုထောင်မှူး ဦးမြင့်မောင်မှတဆင့် မိန်းဂျေးလ် တာဝန်ခံ ဦးစီးအရာရှိ ဦးဝင်းနိုင် အား သတင်းပို့လိုက်ပြီး ယမန်နေ့ကစတင်၍ နေ့လယ်စာ ထမင်းကို မစားတော့ဘဲ ဆန္ဒပြခြင်းဖြစ်သည်။

သီးသန့်အကျဉ်းသား၊ သာမန်သီးသန့် အကျဉ်းသားများအား အကျဉ်းသား ရပိုင်ခွင့်၊ လျှော့ရက်ခံစားခွင့် စသည့် အကျဉ်းသား ရပိုင်ခွင့် ဆုံးရှုံးနစ်နာနေမှုများ ပြန်လည်ရရှိရေးအတွက် ယင်းသို့ ဆန္ဒပြခြင်းဖြစ်သည်ဟု အောက်တိုဘာ၂၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သော နိုင်ငံရေးအကျဉ်းသား မိသားစုများ အကျိုးဆောင် ကွန်ရက် ၏ ကြေညာချက်၌ ဖော်ပြထားသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) အတွင်းရေးမှူး ကိုတိတ်နိုင် ကလည်း ၁၉၉၉ ခုနှစ် ကတည်းက နိုင်ငံရေးပြစ်မှုနှင့် အကျဉ်းချထားသူများကို လျှော့ရက်မပေးတော့ဘဲ သာမာန် ရာဇ၀တ်သား များကို လျှော့ရက်ပေးကြောင်း၊ ထိုသို့ ခွဲခြားဆက်ဆံခြင်းကြောင့် ၁၉၉၉ နောက်ပိုင်း လျှော့ရက် ပြန်ပေးရန် တောင်းဆို ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ကြောင်း ပြောသည်။

“အခုလည်း မတရားဖိနှိပ်ဆက်ဆံတဲ့ဥပဒေကို ကန့်ကွက်ဆန္ဒပြတာဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အကျဉ်းသားရပိုင်ခွင့်ကို တောင်း ဆိုတာဖြစ်တဲ့အတွက် အာဏာပိုင်တွေဘက်က မဖြစ်မနေ လိုက်လျောဖို့ လိုပါတယ်”ဟု ကိုတိတ်နိုင်က ဆိုသည်။

သမ္မတ ဦးသိန်းစိန် ၏ မေလ ၁၆ ရက်နေ့ ရက်စွဲဖြင့် လွတ်ငြိမ်းချမ်းသာအမိန့်တွင် အကျဉ်းသားတိုင်းကို သာမန် လျှော့ရက် ခံစားခွင့် ပေးထားကြောင်း ပါရှိသော်လည်း အကျဉ်းသားများရပိုင်ခွင့်အရ နိုင်ငံရေးအကျဉ်းသားများ လျှော့ရက် ခံစားခွင့်များကို မပေးခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု တရပ်ပင် ဖြစ်ကြောင်း အဆိုပါ ကြေညာချက်တွင် ပါရှိသည်။

ဦးသိန်းစိန် အစိုးရတက်လာပြီးနောက်ပိုင်းတွင် အကျဉ်းထောင်တွင်း စာရေး စာဖတ်၊ စားသောက်နေထိုင်ရေး နှင့် ကျန်းမာရေး စောင့်ရှောက်မှု စသည့် အကျဉ်းထောင် လက်စွဲဥပဒေပါ ရပိုင်ခွင့်များကို နိုင်ငံရေးအကျဉ်းသားများက တောင်းဆိုသည့် ဆန္ဒပြမှုများ မေလအတွင်းက စတင် ဖြစ်ပေါ်ခဲ့သည်။

အကျဉ်းဦးစီးဌာနက လုံလောက်သော ဘတ်ဂျက်မရသောကြောင့် ဖြစ်ကြောင်း၊ သို့သော် အတတ်နိုင်ဆုံး ကောင်းမွန်ရန် စီစဉ်ဆောင်ရွက်ပေးနေကြောင်း ပြည်တွင်း ဂျာနယ်များတွင် တုံ့ပြန် ပြောဆိုခဲ့သည်။

AAPP ကမူ အင်းစိန်ထောင်တွင်းရှိ အကျဉ်းသားတဦး၏ တနပ်စာ စားစာရိတ်သည် ၅၇ ကျပ်ဝန်းကျင်သာ ရှိကြောင်း ထောက်ပြ ထားသည်။

၁၉၉၈ ခုနှစ် မေလ ၁၅ ၇က်နေ့ ကလည်း သာယာဝတီ အကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသားများ လျှော့ရက် ခံစားခွင့် မရသည့်အတွက် အစာငတ်ခံ ဆန္ဒပြမှုကြောင့် နိုင်ငံရေးအကျဉ်းသား ကိုအောင်ကျော်မိုး အသက်ဆုံးရှုံးခဲ့ရဖူးသည်။

မကြာသေးမီက ဦးသိန်းစိန် အစိုးရ က လွတ်ငြိမ်းချမ်းသာ ၂ ကြိမ်ပေးခဲ့ပြီးနောက် နိုင်ငံရေးအကျဉ်းသား အနည်းငယ် ပြန်လည် လွတ်မြောက်လာခဲ့သည်ကို နိုင်ငံတကာက သတိနှင့် ကြိုဆိုမှုများလုပ်ဆောင်လျက်ရှိပြီး ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်း သားများကို အမြန်ဆုံး လွှတ်ပေးရန်လည်း တိုက်တွန်းလျက်ရှိသည်။

ပြီးခဲ့သည့် တနင်္လာနေ့က ရောက်ရှိလာခဲ့သော အမေရိကန် ပြည်ထောင်စု၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဒဲရစ် မစ်ချဲလ် ကလည်း မြန်မာ အာဏာပိုင်များနှင့်တွေ့ဆုံစဉ် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာတို့ကလည်း မကြာသေးမီက ကိုဇာဂနာအပါအ၀င် နိုင်ငံရေးအကျဉ်းသား၂၀၀ ကျော် လွှတ်ပေးမှုကို ကြိုဆိုသော်လည်း နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် တောင်းဆိုထားသည်။

No comments: