အေးနိုင်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က “ဒီလောက်ကြီးကျယ်ပြီး ထုထယ် များပြားတဲ့ ပရိ သတ်ကို ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ ပထမ ဆုံးကြုံတွေ့လိုက်ရတဲ့ အကြောင်းနဲ့ ဒီအင်အား တွေကို နိုင်ငံ အတွက် မှန်မှန် ကန်ကန် အသုံး ချကြ ပါ”လို့ သိန်းနဲ့ ချီပြီး နားထောင် နေတဲ့ မန္တလေးပရိသတ် ကြီးကို ဒီကနေ့ ပြောဆို လိုက်ပါ တယ်။
“အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်က လာမယ့် ကြားဖြတ် ရွေးကောက် ပွဲမှာ အောင်မြင်ဖို့ ပြည်သူ တွေရဲ့ အကျိုးကို ထမ်းဆောင် ဖို့အတွက် ကူညီ ပေးကြ ပါလို့ ကျမတောင်း ဆိုချင် ပါတယ်။”
ဒေါ်အောင်ဆန်း စုကြည်က မန္တလေး အောင်ပင်လယ် ကွင်းက စင်မြင်မှာ မိုးရွာ နေတဲ့ ကြားက ဟောပြော ခဲ့တာ ပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ ငါးနာရီကြာကားစီးပြီး မိုးရေထဲမှာ ခရီးပန်းတာကြောင့် ခေါင်းမူးပြီး ခေတ္တဟောပြောမှုကို ရပ်ဆိုင်းခဲ့ရပါ တယ်။ ပါတီနာယကအဖွဲ့ဝင် ဦးဝင်းတင်က ခေတ္တအစားထိုး ဟောပြောခဲ့ပါတယ်။ ဒီနောက်မှာ ဒေါ်အောင်ဆန်းစုကြည်က ထပ်မံ ဟောပြောခဲ့ပါတယ်။
မနက် ၈ နာရီ ၂၀ မိနစ်မှာ ရန်ကုန်ကနေ တံတားဦးလေဆိပ်ကို ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လေဆိပ်ကနေ ဟောပြော ပွဲစင်မြင်ရှိရာ အောင်ပင်လယ်ကွင်းကို ယာဉ်တန်းနဲ့အသွား ထောင်ပေါင်းများစွာသော ပြည်သူတွေက အဖွဲ့ချုပ်အလံတွေ၊ နဖူးစည်းတွေ၊ ပင်နီအင်္ကျီတွေ ဝတ်ဆင်ကြိုဆိုခဲ့ကြပါတယ်။
ကြိုဆိုသူများလွန်းတာကြောင့် ယာဉ်တန်းနှေးနေရသလို မိုးကလည်း တဖွဲဖွဲရွာသွန်းတာကြောင့် တနာရီကျော် မောင်းနှင်ရတဲ့ ခရီးကို ငါးနာရီကြာ မောင်းနှင်ခဲ့ရပါတယ်။
မနက် ၅ နာရီကျော်ကတည်းက ရွှေရောင်ခွပ်ဒေါင်းကြယ်ဖြူတံဆိပ်ပါ ယာဉ်နဲ့အတူ တခမ်းတနား သွားရောက်ပြီး လေဆိပ်မှာ ရာပေါင်းများစွာသောလူတွေနဲ့ ယာဉ်တန်းတွေ စောင့်ဆိုင်း ကြိုဆိုခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် လာမယ်ဆိုတဲ့အတွက် လူတသိန်းဆံ့တဲ့ ကွင်းကို အချောသတ်ပြုပြင်မွမ်းမံထားသလို သူ့ရဲ့လုံခြံရေးအတွက် လုံခြုံရေးအင်အား သုံးထောင်ခန့် စီစဉ်ထားတယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုတဲ့ အသက် လေးဆယ့်ငါးခန့်အရွယ် ကျောင်းဆရာတဦးက “ကျနော်မြင်တာကတော့ အများစုက မ ကြာခင်မှာ တိုင်းပြည်မှာ အပြောင်းအလဲ ဖြစ်တော့မယ်။ သူတို့ ကြုံတွေ့နေရတဲ့ အခက်အခဲကို ဒီအမျိုးသမီးက လိုက်ပြီးတော့ ရွေးကောက်ပွဲမှာ အနိုင်ရရင် ဒါတွေ ပြေလည်သွားလိမ့်မယ်လို့ မျှော်လင့်ချက်နဲ့လို့ ပြောလို့ရတယ်။ နောက်တခုက သူ့ကို ချစ်ခင်လေးစားလို့ ဒီလို ကြိုကြတာလည်း ပါပါတယ်။”
လမ်းနဘေးမှာ ကြိုဆိုနေသူတွေထဲက အသက် ၇၃ နှစ်အရွယ် အဘိုးအိုတဦးက “ခေါင်းဆောင်မှုအနေနဲ့လည်း ကောင်းပါတယ်။ နှလုံးရည်လည်း ကောင်းတယ်။ သည်းခံစိတ်လည်းရှိတယ်။ အဲဒါကြောင့်မို့ ကျနော် ကြိုဆိုတာပါ။ ဗိုလ်ချုပ်အောင်ဆန်းလည်း ကျနော်တို့က မမှီခဲ့ဘူး။ သူ့အသံကြားရတော့ သူ့ရဲ့ မိဘအတိုင်း လိုက်နာတယ်။ တိုင်းပြည်အကျိုးကို အများအတွက် သယ်ပိုးတာ၊ ဦးဆောင်တာတွေပေါ့။”
အောင်ပင်လယ်ကွင်းထဲမှာ ဟောပြောမှုကို မိနစ် ၂၀ ခန့်သာ ပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ဟိုတယ်မှာ အနားယူပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖန်ကျရင် စစ်ကိုင်းနဲ့ ငါးရက်နေ့မှာ မန္တလေးတိုင်း အတွင်းက တံတားဦး၊ နွားထိုးကြီး၊ မိထ္ထီလာမြို့တွေ ကို ခရီးစဉ်စီစဉ်ထားသလို ၆ ရက်နေ့မှာ နေပြည်တော် လေးမြို့နယ်မှာ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်။
No comments:
Post a Comment