Monday, March 5, 2012

ပဒိုမန်း​ငြိမ်း​မောင်အမှု စီရင်ချက်ချရန်နီး​ကပ်

အေး​နိုင်

အင်း​စိန်​ထောင်မှာ ရုံး​ထုတ်တဲ့​ ​ကေအန်ယူ​ခေါင်း​ဆောင် ပဒိုမန်း​ငြိမ်း​မောင်အမှုကို ကြာသပ​တေး​နေ့​က ရုံး​ထုတ်ရာမှာ လက်ရှိအင်း​စိန်​ထောင်ပိုင်နဲ့​ အငြိမ်း​စား​ယူခဲ့​တဲ့​ ​ထောင်ပိုင်ကို စစ်​ဆေး​တယ်လို့​ ပဒိုမန်း​ငြိမ်း​ရဲ့​ ​ရှေ့​နေဦး​ကြီး​မြင့်​က ​ပြောပါတယ်။

“စစ်တာက​တော့​ ပဒိုမန်း​ငြိမ်း​မောင်ကို လာ​တွေ့​တဲ့​ အရာရှိကြီး​ ၂ ​ယောက်ရဲ့​ မှတ်တမ်း​ကို ကျ​နော်တို့​က ​မေး​တာပါ။ ​မေး​တဲ့​အခါ သူတို့​က ​နေပြည်​တော်က အရာရှိဆိုတဲ့​အမည်နဲ့​ လာပြီး​ ​တွေ့​တာ မရှိပါဘူး​တဲ့​။ ဒါ​ပေမယ့်​ ပဒိုမန်း​ငြိမ်း​မောင်က သူတို့​ဆီကို စက်တင်ဘာ ၃ ရက်​နေ့​ ​ရောက်တယ်။ ၅ ရက်​နေ့​မှာ စရဖ ​ထောက်လှမ်း​ရေး​ကို လွှဲ​ပေး​လိုက်တယ်။ ကြည့်​ရတာ စရဖမှာပဲ ​တွေ့​တယ်လို့​ပဲ ယူဆရတယ်​ပေါ့​။ အဲဒီ မှတ်တမ်း​တွေကို စရဖက လာပြီး​ သက်​သေမခံ​တော့​ ကျ​နော်တို့​ တရား​ရုံး​က ​ဖော်မ​ပေး​တဲ့​အခါ ကျ​နော်တို့​ အဲဒါကို​တော့​ မသိရဘူး​ဗျာ။”

ဒီကွဲလွဲချက်နဲ့​ ပတ်သက်လို့​ ပဒိုမန်း​ငြိမ်း​မောင်ကို ​မေး​ရာမှာ စက်တင်ဘာ ၃ ရက်​နေ့​မှာ လာတယ်။ ဗိုလ်မှူး​အဆင့်​ရှိတယ်လို့​ ​ဖြေခဲ့​ပြီး​ ဒါကို ​ထောင်အရာရှိ​တွေက မဟုတ်မှန်​ကြောင်း​ ငြင်း​ဆိုခဲ့​တယ်လို့​ ဆိုပါတယ်။

ပဒိုမန်း​ငြိမ်း​မောင်ကို အစိုး​ရက နိုင်ငံ​တော်ပုန်ကန်မှု၊​ တရား​မဝင် အသင်း​အပင်း​နဲ့​ ဆက်သွယ်မှု ပုဒ်မ​တွေနဲ့​ တရား​စွဲထား​တာ ဖြစ်ပါတယ်။

နောက်တပတ်မှာ ​ကေအန်ယူနဲ့​ အစိုး​ရအကြား​ ငြိမ်း​ချမ်း​ရေး​ အကျိုး​ဆောင်​ပေး​သူ ​တောင်က​လေး​ဆရာ​တော်ကို တရား​ခံသက်​သေအ ဖြစ် ပင့်​ဆောင်ဖို့​ စီစဉ်ထား​ပြီး​ အစိုး​ရဘက်က​တော့​ မစီစဉ်​ပေး​နိုင်ဘူး​လို့​ ဆိုပါတယ်။

လာမယ့်​အပတ် ရုံး​ထုတ်အပြီး​ ​လျှောက်လဲချက်​ပေး​ပြီး​ရင် အမိန့်​ချမှတ်ဖို့​ပဲ ကျန်​တော့​တယ်လို့​ ​ရှေ့​နေဦး​ကြီး​မြင့်​က ​ပြောဆိုပါတယ်။

ကေအန်ယူ​ခေါင်း​ဆောင် ပဒိုမန်း​ငြိမ်း​မောင်ဟာ ထိုင်း​နိုင်ငံက​နေ တရုတ်နိုင်ငံကို ​လေ​ကြောင်း​ခရီး​နဲ့​ အသွား​မှာ ထိုင်း​နိုင်ငံတွင်း​ ပြည်ဝင် ခွင့်​ ဗီဇာမရလို့​ တရုတ်နိုင်ငံမှာ ​သောင်တင်​နေရာက မြန်မာအာဏာပိုင်​တွေထံ လွှဲ​ပြောင်း​ပေး​ခံရပြီး​ ရုံး​တင်ခံ​နေရတာပါ။

ပြီး​ခဲ့​တဲ့​ သီတင်း​ပတ်တုန်း​က တရား​ခံဘက်က သက်​သေ ၈ ဦး​တင်တဲ့​အနက် ပြည်​ထောင်စုဝန်ကြီး​ ဦး​အောင်မင်း​ အပါအဝင် ၆ ဦး​ကို ပယ်ချခဲ့​ပါတယ်။ ပဒိုမန်း​ငြိမ်း​မောင်ကို ပြန်လည်လွတ်​မြောက်မှာပါလို့​ အစိုး​ရပြည်​ထောင်စု ဝန်ကြီး​တဦး​က ကနဦး​ပိုင်း​က ထုတ်​ပြောထား​ဖူး​ပါတယ်။

No comments: