နိရဉ္စရာ
(၆၇)နှစ်မြောက် ဗမာ့တပ်မတော်နေ့ အကြို အ ထိမ်းအမှတ် အဖြစ် ဂေါက်သီးရိုက် ပြိုင်ပွဲ ကျင်းပနေသည့် ထိုင်းနယ်စပ် ရှမ်းပြည်နယ် တာချီလိတ်မြို့ရှိ ရီဂျီးနားဟော်တယ် ဂေါက်ကွင်း၌ ယမန်နေ့ နံနက် တွင် ချိန်ကိုက်ဗုံး နှစ်လုံးဆက်တိုက် ပေါက်ကွဲခဲ့ရာ လူနှစ်ဦး ပြင်းထန် စွာ ဒဏ်ရာရှိသွားကြောင်း သတင်းရရှိသည်။
ပထမဗုံးမှာ နံနက် (၇) နာရီ အချိန်ခန့်တွင် ရီဂျီးနား ဂေါက်ကွင်းရှိ ဂေါက်ကျင်းအမှတ် (၁၃) နှင့် အမှတ် (၁၇)အကြား လမ်းကြောတွင် စ တင် ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး၊ ဂေါက်ကွင်း လုံခြုံရေးတာဝန်ခံများက အ ဆိုပါ ပေါက်ကွဲမှုဖြစ်ပွါးခဲ့သည့် နေရာအား သန့်ရှင်းရေး ပြုလုပ် နေ စဉ် တစ်နာရီခန့် အကြာတွင် ဒုတိယဗုံးထပ်မံပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိ ရသည်။
၎င်းပေါက်ကွဲမှုများကြောင့် ဂေါက်ရိုက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နေသူ ဦးအာဗျာ ဆိုသူနှင့် ဟော်တယ် ဂေါက်ကွင်း လုံခြုံရေးတာဝန်ခံ ကိုဇော် ရဲမင်း တို့နှစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့ကြောင်း တာချီလိတ်အွန်းလိုင်း သတင်း စာမျက်နှာ တစ်ခုတွင် ရေးသားဖေါ်ပြထားသည်။
၎င်းဒဏ်ရာသူနှစ်ဦးကို အရေးပေါ် ဆေးကုသပေးရန် ထိုင်းနိုင်ငံရှိ ဆေးရုံတစ်ခုသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်း သိရှိရသည်။
၎င်းဂေါက်သီးရိုက် ပြိုင်ပွဲကို လာမည့် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၆၇)နှစ်မြောက် ဗမာ့တပ်မတော်နေ့ အထိမ်းအမှတ် အ ဖြစ် ကျင်းပနေခြင်း ဖြစ်ပြီး၊ ထိုသို့ ပေါက်ကွဲမှုများ ဖြစ်ပွါးခဲ့ပြီး နောက်ပိုင်း သက်ဆိုင်ရာမှ အဆိုပါ ဂေါက်ကွင်း အတွင်း လာရောက် စစ် ဆေးရှာဖွေစဉ် မပေါက်ကွဲပဲ ကျန်ရှိနေခဲ့သည့် ဗုံးတလုံးကိုလည်း ထပ်မံ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။
လွန်ခဲ့သည့် နှစ်များအတွင်းတွင်လည်း မြန်မာနိုင်ငံ၌ ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွါးခဲ့ပြီး၊ ပေါက်ကွဲမှုများ ဖြစ်ပွါးတိုင်း မြန်မာ အစိုး ရဘက်မှ ပြည်ပအတိုက်အခံ အင်အားစုများ နှင့် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများကို စွပ်စွဲပြောဆိုလေ့ရှိခဲ့သည်။
လက်ရှိအချိန်တွင် မြန်မာအစိုးရဘက်မှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အများစုနှင့် ငြိမ်းချမ်းရေး ဆွေးနွေးထားပြီး ဖြစ်သဖြင့် အဆိုပါ ဗုံးခွဲမူနှင့် ပတ်သက်ပြီး အဖွဲ့အစည်း တစ်ခုခုကို စွပ်စွဲရန် အခက်အခဲ ရှိနိုင်ကြောင်း သုံးသပ်သူများက ပြောသည်။
ယခုဂေါက်သီးရိုက်ပြိုင်ပွဲတွင် တိုက်ခိုက်မှုနှင့် ပတ်သတ်၍ မည်သူ့တွင် တာဝန်ရှိကြောင်း မသိရှိရသေးပေ။
No comments:
Post a Comment