Monday, March 19, 2012

ဦးအောင်သောင်း၏ စည်း​ရုံး​​ရေး​ခရီးအတွင်း​ ယာဉ်တိုက်မှုကြောင့် လူတဦး ပွဲချင်းပြီးဆုံး

နေသွင်

ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရဲ့ ထိပ်တန်း ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးအောင်သောင်းရဲ့ စည်းရုံးရေး ခရီး စဉ်မှာ ယာဉ် တိုက်မှုဖြစ်တာကြောင့် လူတယောက် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သူ့ရဲ့ ဇာတိဖြစ်တဲ့ မန္တလေးတိုင်းအတွင်းက တောင်သာတ၀ိုက်မှာ ကားတန်းတွေနဲ့ စည်းရုံးရေးဆင်းဖို့ ပြင်ဆင်နေတုန်း သောကြာနေ့ တုန်းက ယာဉ်တိုက်မှု ဖြစ်သွားတာပါ။

အခင်းဖြစ်ပွားရာ အနီးဝန်းကျင်းဒေသခံတယောက်က “ဦးအောင်သောင်းက သူ့ရဲ့ စည်းရုံးရေးခရီးစဉ်အတွက် မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာတို့ ဒီနားမှာရှိတဲ့ ယာဉ်လိုင်းငယ်တွေကို ချောသဘောမျိုး ခေါ်တယ်။ အဲဒီထဲက ရွှေမြန်မာလိုင်းက ၁က၊၆၃၆၄ ခင်ဗျ။ မိုင် တိုင် အမှတ် ၁၂ လောက်မှာ နွားထိုးကြီးနဲ့ အနောက်ဘက် ရှစ်မိုင်အကွာမှာပါ။ တိုက်ခံရတဲ့သူက ဦးကံစိန်ပါ။ အသက် ၃၈ နှစ် အလုပ် အကိုင် က အထမ်းသမားပါ။ သူတို့ မိသားစုမှာ ကလေး ၂ ယောက်ရှိတယ်။ တော်တော်လေး ဆင်းရဲနွမ်းပါတယ်။”လို့ ပြောပါတယ်။

ကွယ်လွန်သွားတဲ့ ဦးကံစိန်ရဲ့ ရွာဖြစ်တဲ့ ပြရာချောင်းကျေးရွာက ရွာသားတဦးကတော့ ဒီနေ့မှာပဲ ဈာပနကိစ္စ ပြီးစီးသွားပြီလို့ ပြောပါတယ်။

“တမြန်နေ့က ဖြစ်တာဆိုတော့ မနေ့က သယ်လာပြီး ဒီနေ့ သင်္ဂြီုဟ်လိုက်ပြီ။ စခန်းတော့ခေါ်တယ်။ ရှင်းတော့ ရှင်းရမယ်လို့ ပြောတာပဲ။”

နွားထိုးကြီးမြို့နယ် ရဲစခန်းကို အမှုအခင်းအခြေအနေ မေးမြန်းပေမယ့် တာဝန်ကျရဲက ဖြေပိုင်ခွင့်မရှိဘူးလို့ ပြောပြီး ဖုန်းချသွားပါတယ်။

No comments: