၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူ့အဖွဲ့အစည်းခေါင်းစဉ်နဲ့ သတင်းစာရှင်းလင်းပွဲတခုကို ဒီကနေ့ ရန်ကုန်မှာ ပြုလုပ်ပါတယ်။သဃင်္န်းကျွန်းမြို့နယ်၊ သီရိဂုဏ်အိမ်ယာမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ၈၈ မျိုးဆက်ကျောင်းသားတွေ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းသွားခဲ့တဲ့ မြစ်ကြီးနား၊ မန္တလေး စတဲ့ ခရီးစဉ် အတွေ့အကြုံတွေနဲ့ အဲ့ဒီအတွေ့အကြုံတွေပေါ် မူတည်ပြီးတော့ အရပ်ဘက်လူ့အဖွဲ့အစည်း ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်သွားမယ့် ကိစ္စရပ်တွေကို ရှင်းလင်း ပြေကြားခဲ့ကြပါတယ်။
တနင်္ဂနွေနေ့ သတင်းစာရှင်းလင်းပွဲမှာ အဓိက ရှင်းလင်းပြောကြားခဲ့တာကို ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင် မီ က ခုလိုပြောပြပါတယ်။
“အဓိကကတော့ အထက်မြန်မာပြည် မြစ်ကြီးနား၊ မန္တလေး ခရီးစဉ်နဲ့ ပဲခူးတိုင်း ခရီးစဉ်၊ နိုင်ငံတော် သမ္မတ မိန့်ခွန်းပေါ့။ အဲဒီအရာတွေပေါ် အခြေတည်ပြီး ကျနော်တို့ သွားနေတဲ့ လမ်းကြောင်းတခုပေါ့။ ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းစဉ်အောက်ကနေ ကျနော်တို့ ပြောကြဆိုကြတာပါ။”
သတင်းစာရှင်းလင်းပွဲကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီစတဲ့သူတွေနဲ့ ပြည်တွင်းပြည်ပ သတင်းဌာနတွေက သတင်းစာဆရာ ၅၀ လောက်တက်ရောက်ခဲ့ကြပြီး၊ သိလိုတာတွေ မေးမြန်းခဲ့ကြတာကိုလည်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေက ပြန်လည် ဖြေကြားခဲ့ကြပါတယ်။
တနင်္ဂနွေနေ့ သတင်းစာရှင်းလင်းပွဲအပြီး ညနေပိုင်းမှာပဲ ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ ကိုဂျင်မီနဲ့ ကိုအံ့ဘွယ်ကျော်တို့ဟာ မကွေးတိုင်း၊ ချောက်မြို့ကို ခရီးထွက်မှာဖြစ်ပြီး၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေပေါ်ပေါက်ရေး ဆောင်ရွက်သွားကြမယ်လို့ သိရပါတယ်။
၈၈ မျိုးဆက်တွေရဲ့ အခုသတင်းစာရှင်းလင်းပွဲဟာ ဒုတိယအကြိမ် ပြုလုပ်တာဖြစ်ပြီး၊ အကျဉ်းထောင် အသီးသီးက ပြန်လည်လွတ်မြောက် ခါစက ပထမအကြိမ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
No comments:
Post a Comment