Sunday, April 29, 2012

KIA ဋ္ဌာနချုပ် လိုင်ဇာမြို့ အနီး တိုက်ပွဲ ဖြစ်ပွားနေ

သျှမ်းသံတော်ဆင့်

တရုတ် နယ်စပ် အနီးရှိ ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့၏ ဋ္ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့ အနီးသို့ မြန်မာ အစိုးရ တပ်များ ချဉ်းကပ် ရောက်ရှိ နေပြီး နှစ်ဘက် တိုက်ပွဲများ ဖြစ်ပွား နေကြောင်း KIA စစ်ဘက် သတင်းများ အရ သိရသည်။

လိုင်ဇာမြို့ နှင့် ၅ မိုင် ခန့်သာ ကွာဝေးသည့် လဂျာယန် ရွာအ နီးတွင် အစိုးရ တပ်နှင့် KIA တပ်ဖွဲ့များ ယခုလ ၂၆ ရက် နေ့က တိုက်ပွဲ ဖြစ် ပွား ခဲ့ပြီး ဗဟို ဋ္ဌာနချုပ် လုံခြုံရေး ယူထားသည့် တပ်မဟာ ၅ နယ်မြေ မိုးလွဲချောင်း တစ်ဝိုက် တွင်လည်း တိုက်ပွဲဖြစ် ပွားနေ ကြောင်း သိရသည်။

ထို့အပြင် ယခုလ ၂၆ ရက်နေ့က ဘန်စို (Bun sau) ရွာသို့ အစိုးရတပ်အင်အား ၂၀၀ ကျော်ခန့် ထပ်မံရောက်ရှိလာရာယနေ့ နံနက် ပိုင်းအ ထိ နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများအတွင်း မြန်မာစစ်တပ်မှ KIA နယ်မြေအတွင်းသို့ ၁၀၅ မမ အမြောက်များဖြင့် ပစ်ခတ်မှုရှိကြောင်းလည်း သိရသည်။

ယခုရက်ပိုင်းအတွင်း KIA ထိန်းချုပ်နယ်မြေအတွင်းသို့ အစိုးရတပ်များ အင်အားဖြည့်တင်းနေပြီး ယမန်နေ့နေ့လည်ပိုင်းက သျှမ်းပြည် (မြောက်ပိုင်း) လားရိုးမြို့မှ အစိုးရစစ်သားများ အပြည့် တင်ဆောင် လာသော စစ်ကား အစီး ၂၀ ကျော်ခန့် နမ့်ခမ်းမြို့သို့ ရောက်ရှိ လာပြီး ကချင် ပြည်နယ် မန်ဝိန်းကြီး ရွာဘက်သို့ ဆက်လက် ထွက်ခွာ သွားကြောင်း သိရသည်။

No comments: