Saturday, September 8, 2012

ရခိုင် ပဋိပက္ခ စုံစမ်းရေး ကော်မရှင် စစ်တွေသို့ ရောက်ရှိ

ထွန်းထွန်း

ရခိုင် ပဋိပက္ခ စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင်များသည် ယနေ့  (စက်တင်ဘာလ ၇) ရက်နေ့တွင် စစ်တွေမြို့ သို့ လေကြောင်း ခရီးဖြင့် ရောက် ရှိ လာခဲ့ကြသည်။

“ ဒီနေ့ညနေ ၂နာရီ ၄၀မှာ စစ်တွေ လေဆိပ်ကို မြန်မာ့လေကြောင်း လိုင်းနဲ့ရောက်ပါတယ်။ အဖွဲ့ဝင် စုစုပေါင်း ၁၉ဦးပါတယ်။ ကျွန်တော်ကိုယ် တိုင် သွားရောက်ကြိုဆိုခဲ့ပါတယ်” ဟု ပြည်တွင်း ဂျာနယ် သတင်း ထောက်တဦး က နိရဉ္စရာသို့ပြော သည်။

ယနေ့ ရောက်ရှိလာသည့် စုံစမ်းရေး ကော်မရှင် တွင် ဥက္ကဌ ဒေါက်တာ မျိုးမြင့်၊ ဦးကျော်ညွန့်၊ ဦးစိုးသိန်း(ခ) မောင်ဝံ သ၊ ဒေါ်သန်းသန်းနု၊ ဦး ခင်မောင်ဆွေ၊ ဦးအေးသာအောင်၊ ဒေါက်တာ ရင်ရင်နွယ်၊ ဒေါက်တာဆလိုင်းငွေကျံလျှံ၊ ဦးတင်အောင်မိုး၊ ဦးအောင်နိုင်ဦး အပါအ၀င် အဖွဲ့ဝင် ၁၉ဦးတို့ ပါဝင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါအဖွဲ့အား ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်နှင့်တကွ ဌာနဆိုင်ရာ အသီးသီမှ ပုဂ္ဂိုလ်များ စစ်တွေ မြို့တွင် ကြိုဆိုခဲ့ကြ သည်။

၎င်းနောက် စစ်တွေမြို့မှ ဆရာတော်ကြီး ၉ပါးအားပင့်ဖိတ်ပြီး စစ်တွေမြို့ ရှိ လောကနန္ဒာ ဘုရားဝင်းရှိ မဟာဝေ ယံသိမ် တော်ကြီးတွင် ပဋိပ က္ခကိစ္စရပ်များကို မေးမြန်း စုံစမ်းမှုတချို့ပြု လုပ်ခဲ့သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ကို သြဂတ်စ်လ ၁၇ရက်နေ့က နိုင်ငံတော် သမ္မတမှ ဖွဲ့ စည်းပေးလိုက်ပြီး ထိုအထဲ တွင် နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ အစ္စလာမ်ဘာသာ ခေါင်းဆောင်များ၊ ခရစ် ယာန် ဘာသာ ခေါင်းဆောင်များ တို့ပါဝင်ကြောင်း သိရ သည်။

အဆိုပါအဖွဲ့သည် ရခိုင်ပြည်နယ်တွင် ၉ရက်ကြာ နေထိုမည်ဖြစ်ပြီး စက်တင်ဘာ ၁၅ရက်နေ့တွင် ရန်ကုန်သို့ ပြန် လည်ထွက်ခွာ သွားမည် ဟု ထောက်လှမ်းရေး သတင်းရပ်ကွက်အရ သိရသည်။

မနက်ဖြန် စက်တင်ဘာ ၈ရက်နေ့တွင် စစ်တွေကနေ ကျောက်တော်နှင့် မြောက်ဦးသို့ လေ့လာစစ်ဆေးရန် စတင်ထွက်ခွာ မည်ဟုသိရ သည်။

No comments: