နိရဉ္စရာ
ရခိုင်ပြည်နယ်သို့ (၂) ရက်ကြာ သွားရောက်လည်ပတ်ခဲ့သော ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Mr. Alan Duncan သည် ယမန်နေ့က ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင်များနှင့် စစ်တွေမြို့တွင် တွေ့ဆုံခဲ့သည်ဟု ဆိုသည်။
တွေ့ရသည့် အချိန်မှာ အလွန်တိုတောင်းပြီး မေးခွန်း အနည်းငယ်ကို မေးမြန်းသွားခဲ့သည်ဟု တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ ရခိုင်ပြည်နယ် သတ္တုဝန်ကြီး ဦးအောင်သန်းတင်က ပြောသည်။
“ မိနစ် ၂၀ လောက်ဘဲ အချိန်ရပါတယ်။ အလုပ်တွေများတဲ့ အတွက် အချိန်မရဘူးလို့ ပြောပါတယ်။ ဆွေးနွေးတာထက် အဓိကတော့ သူသိချင်တာတွေကို မေးမြန်းတာပါ။ အဲဒီအထဲမှာ ပြန်လည် နေရာချထားရေး ကိစ္စဘယ်လို ရှိသလဲ၊ ရခိုင်တွေနဲ့ မွတ်ဆလင်တွေ ကြားဖြစ်နေတဲ့ ပြဿနာတွေကို ဘယ်လို ဖြေရှင်းပေးမလဲဆိုတာတွေကို မေးပါတယ်။ သိပ်ထွေထွေထူးထူးတော့ မမေးပါဘူး” ဟု သူက ဆိုသည်။
ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် အစိုးရသာမက ဗြိတိန် သံရုံးမှ အရာရှိများ၊ ယူအန်မှ ဒေသဆိုင်ရာ ကိုယ်စားလှယ်များ၊ Department For International Development ( DFID) ဗြိတိသျှ အန်ဂျီအို တစ်ခုမှ အရာရှိများလည်း တက်ရောက်ခဲ့ကြသည်ဟု ဆိုသည်။
ဆွေးနွေးပွဲသို့ တစ်ခြား ရခိုင် လွှတ်တော် ကိုယ်စားလှယ်များနှင့် မြို့မိ မြို့ဖများအား ဖိတ်ကြားခြင်း မရှိကြောင်း သိရသည်။
ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Mr. Alan Duncan သည် ဇွန်လ ၁၈ ရက်နေ့က ရန်ကုန်မှ တဆင့် စစ်တွေသို့ ရောက်ရှိခဲ့ပြီး သက်ကယ်ပြင်၊ သဲချောင်း၊ ဓါးပိုင်၊ အောင်မင်္ဂလာ၊ ဆတ်ရိုးကျ ဒုက္ခသည် စခန်းများသို့ သွားရောက်ကြည့်ရှု့ခဲ့ပြီး မြေပုံမြို့ရှိ မွတ်ဆလင် ဒုက္ခသည် စခန်းသို့လည်း မြန်မာ အစိုးရ ရဟတ်ယာဉ်များဖြင့် သွားရောက် ကြည့်ရှု့ခဲ့သည်ဟု ဆိုသည်။
ဗြတိန်ဝန်ကြီး၏ ရခိုင်ခရီးစဉ်နှင့် ပတ်သက်ပြီး စစ်တွေတွင် တစ်စုံတစ်ရာ ထုတ်ဖေါ်ပြောကြားခဲ့ခြင်း မရှိခဲ့သော်လည်း သူ၏ ရခိုင်ပြည်နယ် ခရီးစဉ် အတွင်း တွေ့ရှိချက်များနှင့် ပတ်သက်ပြီး မြန်မာ အစိုးရကို ဆွေးနွေး နိုင်ခြေရှိသည်ဟု လေ့လာသုံးသပ်သူများက ပြောသည်။
ဗြိတိန်နိုင်ငံ ဝန်ကြီး Mr. Alan Duncan သည် စစ်တွေမြို့မှ ဇွန်လ ၁၉ ရက်နေ့က ပြန်လည် ထွက်ခွာသွားသည်ဟု သိရသည်။
No comments:
Post a Comment