Friday, June 28, 2013

ပြည်တွင်းစစ် ပြသနာကို အပစ်အခတ် ရပ်စဲရေးနည်းဖြင့် မကုစားနိုင်

ရွှေဟင်္သာ

မြန်မာနိုင်ငံ၏ jပည်တွင်းစစ် ပြသနာကို အပစ်အခတ် ရပ်စဲသည့် နည်းဖြင့် ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ကြောင်း နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးခြင်းဖြင့်သာ အဖြေရှာ သင့်ကြောင်း ကချင်လွတ်လပ်ရေး အဖွဲ့ KIO ဗဟိုကော်မတီဝင် တစ်ဦးက ဆိုပါသည်။

“အပစ် ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ကြည့်ပါ။ နှစ်ဖက် ခေါင်းဆောင်တွေ ဘယ်လိုဘဲ ဂတိတွေ ပေးကြ ပေးကြ ဖြစ်နေတဲ့ တိုက်ပွဲက ရပ်မသွားဘူး။ ဒီလိုဖြစ်လာ လိမ့်မယ် ဆိုတာ ကျွန်တော်တို့ KIO က သိနေလို့ နိုင်ငံရေးပြသနာကို နိုင်ငံရေးအရ ဖြေရှင်းပေးဖို့ တောင်းဆိုနေရတာဖြစ်တယ်၊ အဓိက ကတော့ တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် ရရေးပါဘဲ” ဟု ဆိုပါသည်။

သမ္မတ ဦးသိန်းစိန်သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အားလုံးနီးပါး အပစ်ရပ်စဲ သွားပြီး ဖြစ်၍ မကြာမီတွင် လွှတ်တော်သို့ တင်ပြပြီး တပြည်လုံး အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်ကို လက်မှတ် ရေးထိုး နိုင်တော့မည် ဖြစ်သည် ဟု ဇွန်လ ၂၅ ရက်နေ့၌နေပြည်တော်တွင်ပြုလုပ် ခဲ့သည့် စီမံကိန်း ကော်မရှင် အစည်း အဝေးတွင် အစိုးရ အဖွဲ့ဝင် များအား ပြောကြားခဲ့ပါသည်။

သို့သော် လက်တွေ့တွင် မိန့်ကြားမှုနှင့် တခြားစီဖြစ်နေပါသည်။ KIO အဖွဲ့နှင့် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေသည့်အပြင်၊ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့်လည်း တိုက်ပွဲဖြစ် ပွားနေဆဲဖြစ်ပြီး ရာဇသံပါ အပေး ခံနေရဆဲ ရှိပါသည်။ ဤသို့ကြောင့် ငြိမ်းချမ်းရေး အတွက် ယုံကြည်ရဖွယ် ရှိသည့် ကတိကဝတ်မျိုး မဟုတ်သေးကြောင်း KIA က ဆိုပါသည်။

သာဓက အားဖြင့် ယမာန်နေ့ဇွန်လ ၂၆ ရက်နေ့က ရှမ်းပြည် မြောက်ပိုင်း မူဆယ် မြို့နယ်ရှိ KIA တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၃၆) တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့ ခလရ (၁၂၈) တပ်ဖွဲ့ တို့က ဖိုင်ကောင်း ကျေးရွာ အနီးရှိ လယ်ကွင်းပြင်၌ ည ၈ နာရီမှ ၉ နာရီ အထိ တိုက်ပွဲ ဖြစ်ပွား ခဲ့သည်ဟု KIA တပ်မဟာ (၄)တပ်မဟာမှူးက ဆိုပါသည်။

“ကျွန်တော်တို့ တပ်မဟာ (၄) လက်အောက်ခံတပ်ရင်း ၃၆ ရဲ့တပ်ခွဲ စခန်းကို ခလရ ၁၂၈ တပ်ဖွဲ့က ညအချိန်မှာ လာဝိုင်းတော့ တိုက်ပွဲဖြစ်တာပေါ့။ အဝေးကနေ လက်နက်ကြီးနဲ့ လှမ်းပစ်ပြီး အနီးကပ် တက်တိုက်ခဲ့တယ်” ဟု ဆိုပါ သည်။

ဤလုပ်ရပ်မျိုးသည် ကချင် လူထုအား စီမံကိန်း ကျကျ ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) နောင်မ အခြေစိုက် စခန်းမှ အမှတ် (၇၀၁) စစ်ဒေသမှူး ဒုတိယ ဗိုလ်မှူးကြီးစွမ်မိဏ်း ကဆိုကြောင်း ယနေ့ထုတ် သျှမ်းသံတော်ဆင့် သတင်းက ဆိုပါသည်။

ထို့အပြင် အစိုးရသည်မည်သည့် အပစ်ရပ် လက်မှတ် ထိုးထားသည့် အဖွဲ့များကိုမှ ယနေ့အထိ တပ်နေရာ ချထား ပေးနိုင်ခြင်း မရှိသေးကြောင်း၊ ထိုကဲ့သို့ နေရာ ချထားပေးခြင်း မရှိသည့်အပြင် အပစ်အခတ် ရပ်စဲရေး သဘောတူ ညီမှု ပထမဆုံး ရယူ ထားသည့် ရှမ်းပြည် ပြန်လည် ထူထောင်းရေး ကောင်စီ RCSS အဖွဲ့ကိုပင် အကြိမ်ပေါင်း ၇၀ ကျော် တိုက်ခိုက် ခဲ့ပါသည်။

အလားတူ ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/SSA တပ်ဖွဲ့နှင့်လည်း တိုက်ပွဲပေါင်း ၁၂၀ ခန့် ဖြစ်ပွား ခဲ့သည့် အပြင် အခြား အပစ်ရပ်ထားသည့် ကရင်နီပြည် တိုးတက်ရေး ပါတီ KNPP ၊ ကရင် အမျိုးသား အစည်းအရုံး KNU ၊ ဒီမို ကရေစီ အကျိုးပြု ကရင် တပ်မတော် DKBA တပ်ဖွဲ့များနှင့်လည်းတပ်ပိုင်းဆိုင်ရာ များကိုယနေ့အထိ ပြေလည် မှုများ မရရှိ သေးပေ။

ဤအခြေနေ၌ အစိုးရသည် တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးပွဲ ကျင်းပပြီး လွှတ်တော်သို့ တင်ပြရန် ကြံရွယ်ထားပါသည်။ တိုင်းရင်းသား များကလည်း အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲထက် နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးရေးနည်းဖြင့် အဖြေရှာရန် စောင့်ဆိုင်းနေပါသည်။ သို့မဟုတ်ပါက ပြည်တွင်းစစ် ပြသနာကို အပစ်အခတ် ရပ်စဲသည့် နည်းဖြင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူပါက ပြေလည်လိမ့်မည် မဟုတ်ဟု KIO ကဆိုပါသည်။

No comments: