Friday, June 28, 2013

မူစယ်ခရိုင်အတွင်း KIA နှင့် အစိုးရတပ်တို့ တိုက်ပွဲ ဖြစ်ပွား

သျှမ်းသံတော်ဆင့်

၂၆ ရက်ည ၈ နာရီကျော်ခန့်မှစ၍ သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် ကြူကုတ် - ပန်ဆိုင်းမြို့နယ်ခွဲ အတွင်း KIA နှင့် အစိုးရတပ်တို့အကြား နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းလာသည့် သတင်းများအရ သိရသည် ။

ကြူကုတ် - ပန်ဆိုင်းမြို့နယ် နမ့်ဟူးရွာအနီး ကောင်းဆထေးနေရာတွင် နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ် ကြောင်း ပန်ဆိုင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“မနေ့ညပိုင်းက စဖြစ်တာ သေနတ်သံတွေ ရပ်သွားလိုက် ပြန်ပစ်လိုက်နဲ့ တစ်ညလုံးပဲ။ ဒီမနက်လည်း အဲဒီနေရာနားမှာပဲ သေနတ်သံတွေထပ်ကြားရတယ်။ သေတာတွေ ဒဏ်ရာရတာတွေတော့ ဘာမှ မသိရသေးဘူး ” ဟု ၄င်းဒေသခံက ဆို သည် ။

အဆိုပါတိုက်ပွဲနှင့် ပတ်သက်၍ KIA တပ်မဟာ ၄ အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ၂၆ ရက်ညပိုင်း ၈ နာရီ ၅ မိနစ် ခန့်မှ စ၍ တစ်ညလုံးနီးပါ တိုက်ပွဲများကြိုကြားကြိုကြား ဖြစ်ပွားခဲ့ပြီး ၂၇ ရက်နံနက်ပိုင်း တွင်လည်း ထပ်မံဖြစ်ပွားကြောင်း အတည်ပြုပြောသော်လည်း အသေးစိတ်ကို ပြောဆိုခြင်းမရှိပေ ။

No comments: