Monday, June 24, 2013

တနှစ်ကျော်ကြာ ရပ်နားခဲ့ရတဲ့ မြန်မာ- ဘင်္ဂလာ နယ်စပ်ကုန်သည်ကြီးတွေရဲ့ အစည်းအဝေး ပြန်စ

နိရဉ္စရာ

တနှစ်ကျော်ကြာ ရပ်နားထားခဲ့ရတဲ့ JWGFBT လို့ အမည်ရတဲ့ ဘင်္ဂလား- မြန်မာ နှစ်နိုင်ငံ နယ်စပ် ကုန်သည်ကြီးတွေရဲ့ ဆွေးနွေးပွဲကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံ တက်ကနက်မြို့မှာ စနေနေ့က ပြန်လည် စတင် နိုင်ခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲကို မြန်မာဘက်က မောင်တောမြို့နဲ့ မျက်နာချင်းဆိုင်မှာ တည်ရှိတဲ့ ဘင်္ဂလာဒေခ်ျ့ နယ်စပ်မြို့ တက်ကနက်မှာ နံနက် ၁၀ နာရီကနေ နေ့လည် ၂ နာရီ ပြုလုပ်ခဲ့ပါတယ်။

Joint Working Group For Border Trade ( JWGFBT) ဆွေးနွေးပွဲမှာ နှစ်ဘက်ကိုယ်စားလှယ်တွေ အနေနဲ့ သဘောတူညီမူ တချို့ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီအထဲမှာ ဘင်္ဂလာဒေခ်ျ့ ကုန်သည်တွေ အနေနဲ့ မောင်တော နယ်စပ်ကနေ စစ်တွေထိ (၃) ရက်ကြာ လည်ပတ်သွားလာခွင့် ရရှိကြမှာ ဖြစ်သလို ဘင်္ဂလာဒေခ်ျ့ တာကာ ငွေ (၅၀၀၀၀) ကိုလည်း လက်ထဲမှာ ယူဆောင်ခွင့် ရကြမှာ ဖြစ်ပါတယ်။

ဒါ့အပြင် သူတို့ ယူဆောင်လာတဲ့ လက်ပတော့ ကွန်ပျူတာတွေ၊ မိုဘိုင်း တယ်လီဖုံးတွေကိုလည်း မြန်မာဘက်မှာ သုံးခွင့် ရရှိကြတော့မှာ ဖြစ်ပါတယ်။ အဲဒီ ပစ္စည်းကရိယာတွေကို အရင်ကတော့ လုံခြုံရေးနဲ့ ဆိုင်တဲ့ အတွက် မြန်မာဘက်က အသုံးပြုခွင့် ပိတ်ပင်ထားခဲ့တယ်လို့ ဆိုပါတယ်။

အစည်းအဝေးမှာတော့ ဘင်္ဂလီ ကုန်သည်ကြီးတွေက မြန်မာဘက်မှ (ဆောလာ)ခေါ် မြင်းစားပဲ တစ်မျိုးကို တင်သွင်းဖို့ အထူးလိုလားနေကြပြီး လာမယ့် ရာမဇန် ဥပုတ်လ မတိုင်မီ သွင်းယူနိုင်ရေး အတွက် မြန်မာဘက်ကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

မြန်ဘက်မှ ကိုယ်စားလှယ်တွေကတော့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံကနေ မြန်မာဘက်ကို ဘိလပ်မြေနဲ့ ဓါတ်မြေသြဇာတွေကို အဓိက တင်သွင်းလိုကြတယ်လို့ ပြောပါတယ်။

အစည်းအဝေးကို ဘင်္ဂလာဘက်မှ အဖွဲ့ ၁၉ ဦးတက်ရောက်ပြီး ဆွေယက်နူရ်ဘာရှီးမှ ဦးဆောင်ခဲ့ပြီး မြန်မာဘက်မှ စီးပွားရေးဝန်ကြီးဌာနမှ ရွှေဦးမောင်မှ ဦးဆောင် တက်ရောက်ခဲ့ကြောင်း သိရသည်။

ယခုပြုလုပ်တဲ့ ကော်မီတီ၏ အစည်းအဝေးဟာ (ရ) ကြိမ်မြောက် ဖြစ်ပြီး ယခင် (၆) ကြိမ် မြောက် အစည်းအဝေးကိုတော့ ၂၀၁၂ ခုနှစ် မေလ ၂ ရက်နေ့က စစ်တွေမြို့မှာ ကျင်းပခဲ့ပါတယ်။

ရခိုင်မှာ ဖြစ်ပေါ်ခဲ့တဲ့ လွန်ခဲ့တဲ့နှစ် ဆူပူ အကြမ်းဖက်မူတွေကြောင့် နှစ်နိုင်ငံကုန် သွယ်ရေးလည်း တုန့်ဆိုင်းသွားခဲ့ရသလို ကုန်သည်ကြီးတွေရဲ့ အစည်းအဝေးတွေကိုလည်း မပြုလုပ်နိုင်ဘဲ ဖြစ်နေရာကနေ အခုမှ ပြန်လည် စတင်နိုင်တာ ဖြစ်ပါတယ်။

မြန်မာဘက်ကတော့ နှစ်နိုင်ငံကုန်သွယ်ရေး ပမာဏကို အမေရိကန် ဒေါ်လာ သန်း ၅၀၀ ထိ တိုးမြှင့်လိုနေပေမယ့်လည်း လက်တွေမှာတော့ နှစ်နိုင်ငံ ကုန်သွယ်မူ ပမာဏက အမေရိကန် ဒေါ်လာ သန်း ၁၄၀ ခန့်သာ ရှိတယ်လို့ သိရပါတယ်။

မြန်မာဘက်ကတော့ ဘင်္ဂလာဒေခ်ျ့နဲ့ ကုန်သွယ်ရေးမှာ နှစ်စဉ် အသာစီး ရရှိနေပြီး အဓိကတော့ ပို့ကုန်များနေတဲ့ အတွက် ဖြစ်ပါတယ်။ မြန်မာဘက်က ဘင်္ဂလာဒေခ်ျ့ကို လောလောဆယ်မှာ တင်ပို့နေတဲ့ ပစ္စည်းတွေကတော့ ရေချို ငါးအမျိုးမျိုး၊ သစ်မာ အမျိုးမျိုး (အများစု မှောင်ခို)၊ ဇီးတော်ဖီတွေနဲ့ စိုက်ပျိုးထွက်ကုန်တွေ ဖြစ်ကြပါတယ်။

ဘင်္ဂလာဒေခ်ျ့ဘက်က မြန်မာကို တင်ပို့နေတာကတော့ ဘိလပ်မြေ၊ ဓါတ်မြေသြဇာ (မှောင်ခို)၊ တီရှပ် အင်္ကျီတွေနဲ့ အိမ်သုံးဆေးဝါးတွေ ဖြစ်ကြတယ်လို့ ပြောပါတယ်။

No comments: