မိုးဇော်
အိန္ဒိယနိုင်ငံရှိ မြန်မာဒုက္ခသည်များအား တတိယနိုင်ငံသို့ ရွှေပြောင်းနေရာချထားရေးကို အမြန်ဆုံး အကောင်းအထည်ဖော်ဆောင်ရွက်ရန် မြန်မာဒုက္ခသည် ၃၀၀ ခန့်က ကမ္ဘာ့ဒုက္ခသည်များနေ့ ဇွန်လ ၂၀ ရက်နေ့က နယူးဒေလီမြို့၌ ကမ္ဘာ့ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ထံ ဆန္ဒပြတောင်းဆိုမှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ဆန္ဒပြတောင်းဆိုပွဲအား Delhi Chin Community Fellowship မှ ဦးဆောင်လှုပ်ရှားခဲ့ပြီး ဒုက္ခသည်များမှာ ကျန်းမာရေးနှင့် ဘ၀လုံခြုံရေးအတွက် တရားဥပဒေစောင့်ရှောက်ရေး အားနည်းမှုကို ဆန္ဒထုတ်ဖော်ပွဲတွင် ဦးဆောင်ပါဝင်ခဲ့သူလည်းဖြစ်၊ ဒုက္ခသည်တစ်ဦးလည်းဖြစ်သည့် ကိုကင်က Arakan Times သို့ပြောကြားခဲ့သည်။
" ကျနော်တို့ ကလေးတွေကို ကျောင်းပို့နိုင်တဲ့ အခြေအနေမရှိဘူး။ ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ တရားဥပဒေစောင့်ရှောက်မှုတွေ၊ ငွေကြေးတွေ ချို့တဲ့မှုကြောင့် အသက်ရှင်နေထိုင်ရေးအတွက် အခက်အခဲများစွာကို ရင်ဆိုင်နေရပါတယ်။ အမျိုးသမီးတွေဆိုရင် ဒေသခံလူတွေရဲ့ စော်ကားတာတို့ မုဒိန်းကျင့်တာတို့ကို ခံနေရပါတယ်။ မြန်မာနိုင်ငံမှာ ဆိုရင်လည်း စစ်တပ်ရဲ့ ညှင်းပမ်းနှိပ်စက်မှုကို ကျွန်တော်တို့ ခံခဲ့ရပြီးပြီ။ ဒီမှာနေရင်လည်း စားသောက်နေထိုင်ရေးအတွက် အခက်အခဲများစွာကို ရင်ဆိုင်နေရတယ်။ " ဟု ကိုကင်က ပြောသည်။
ဒုက္ခသည်အမျိုးသမီးများ မုဒိန်းကျင့် စော်ကားခံနေရမှုကို နယူးဒေလီမြို့ ဒေသဆိုင်ရာ ရဲစခန်း၊ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၊ ၄င်းအဖွဲ့အစည်းများနှင့် ပူးတွဲလုပ်ကိုင်နေသော အမျိုးသမီးအခွင့်အရေးဆိုင်ရာ ကာကွယ်ရေးဌာန၊ လူမှုရေးနှင့် တရားရေးဆိုင်ရာ သတင်းအချက်အလက် ဗဟိုဌာန အစရှိသော အဖွဲ့အစည်းများကို အကြိမ်ကြိမ် တိုင်ကြားခဲ့သော်ငြားလည်းဘဲ အကြောင်းမထူးဘဲ ၉၉ ရာခိုင်နှုန်းသော အမှုကိစ္စများမှာ တရားဝင် မှတ်ပုံတင်ခြင်းမခံရဘဲ လျစ်လျူရှုထားခံရပြီး ဒုက္ခသည် အမျိုးသမီးများသည် အရှက်ရရုံမှတပါး အခြားအခြား တရားရေးဆိုင်ရာ အခွင့်အရေးများ မရရှိခဲ့ကြောင်း သူက ဆက်လက်ပြောကြားခဲ့သည်။
ဆန္ဒထုတ်ဖော်သူတွေရဲ့ ကြွေးကြော်တောင်းဆိုသံများမှာ " ကျွန်တော်တို့ အမှန်တရားကိုသာ အလိုရှိ၏၊ ဥပဒေ အကာအကွယ် အစောင့်အရှောက်ကို အလိုရှိ၏၊ လူ့အခွင့်အရေး ချိုးဖောက်မှုကို ရပ်တန့်ရေး၊ ညှင်းပန်းနိုပ်စက်မှု ပပျောက်ရေး၊ UNHCR မှ ပြန်လည် နေရာချထားရေးကို စီစဉ်ပေးရေး၊ ကျွန်တော်တို့ဟာ အကူအညီမဲ့နေတဲ့ ဒုက္ခသည်တွေပါ။ " ဟု စသည့် ပါရှိကြောင်း သိရသည်။
အဆိုပါ ဆန္ဒပြတောင်းဆိုပွဲအပြီးတွင် မြန်မာဒုက္ခသည်များမှာ မိမိတို့၏ လက်ရှိခံစားနေရသော လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် အခက်အခဲများကို ဒုက္ခသည် ၄၀၀ ကျော် လက်မှတ်ရေးထိုးထားသော Statement တစ်ခုထုတ်ပြန်ကာ ဂျီနီဗာ(Geneva) မှာရှိသည့် UNHCR ရုံးချုပ်ဆီသို့ ပို့ပေးခဲ့ကြောင်း သိရသည်။
No comments:
Post a Comment