Friday, June 21, 2013

အစိုးရနှင့် KNPP တပ်ကိစ္စ တခါးပိတ်ဆွေးနွေး

ကန္တာရ၀တီတိုင်း(မ်)

ဘာတွေသဘောတူဆုံးဖြတ်လဲဆိုတာကို မပြောပြနိုင်သေးပေမဲ့ ဒီကနေ့ တပ်ကိစ္စ တခါးပိတ် ဆွေးနွေးမှုရလာဒ်ဟာ အပြုသဘောဆောင်ပြီး တိုးတက်မှုရှိတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့အစိုးရတို့က တသံထဲ ထုတ်ဖေါ်ပြောဆိုပါတယ်။

ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲ ဒုတိယရက်နေ့ နံနက်ပိုင်းမှာ တပ်နေရာချထားရေးနဲ့ အမှတ် - ၁၄ စစ်ရေးလေ့ကျင့်ရေးကျောင်း ကိစ္စနှစ်ခုကို တခါးပိတ် ဆွေးနွေးကြပြီးနောက် နှစ်ဦးနှစ်ဘက်မှ ယခုလို ပြောဆိုတာ ဖြစ်ပါတယ်။

"တပ်ကိစ္စနဲ့ပါတ်သက်လို့ အများကြီး အပြုသဘောဆောင်ပါတယ် အများကြီး တိုးတက်မှုတွေရတယ် အရင်ထက်စာလို့ရှိရင်လဲ အများကြီးတိုးတက်တယ် ကျန်တဲ့တပ်ကိစ္စ ကျန်တာလေးတွေကို နောက်တဖြည်းဖြည်း တိုးတက်ပြီးညှိသွားမှာပေါ့"လို့ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်က ကန္တာရ၀တီတိုင်း(မ်)ကို ပြောပါတယ်။

တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်အချို့မှာ နှစ်ဘက်အချိန်ယူ ဆွေးနွေးရမည့်အဆင့်တွေ ရှိနေသေးတဲ့အတွက် အဖြေအတိအကျ ထွက်လာချိန်မှာ လူထုအကြား အသိပေးလျှောက်ကြားသွားမှာ ဖြစ်တယ်လို့ KNPP ဒု-ဥက္ကဌ ခူးဦးရယ်က ပြောပါတယ်။

"ကျနော်တို့ တခါးပိတ်ဆွေးနွေးတာကတော့ ကိစ္စနှစ်ခုဘဲရှိပါတယ် ကျနော်တို့ တပ်ပိုင်းဆိုင်ရာကိစ္စနဲ့ ကျနော်တို့ အမှတ် ၁၄ စစ်ရေးလေ့ကျင့်ကျောင်းကိစ္စပေါ့နော် ဆွေးနွေးမှုကတော့ ဖြစ်ပေါ်တိုးတက်မှု ရှိပါတယ် အပြုသဘောဆောင်ပါတယ် ဒါပေမဲ့ကျနော်တို့ ဘာတွေဆုံးဖြတ်လဲ ဘာတွေ သဘောတူကြတယ် ဆိုတာကတော့ သတင်းမီဒီယာကို အသိပေးလျှောက်ကြားပိုင်တဲ့ အခွင့်တော့ မရှိဘူးပေါ့နော် ဒါပေမဲ့ ကျနော်ပြောနိုင်တာတခုကတော့ ဖြစ်ပေါ်တိုးတက်မှုရှိတယ်"

မူးယစ်ဆေးဝါးကိစ္စ၊ အကြီးစားစီမံကိန်းများ၊ ပြည်ထောင်စုအဆင့် ပြည်နယ်အဆင့် IDP အရေးကူညီရန်၊ မြေမြှပ်မိုင်း ရှင်းလင်းရေးတို့နဲ့ ပြည်နယ်ဖွံ့ဖြိုးရေးကိစ္စတွေ ဖြစ်ကြတဲ့ ကျန်းမာရေး၊ ပညာရေးကိစ္စရပ်တွေကို ယမန်နေ့က ဆွေးနွေးခဲ့ကြပါတယ်။ တပ်ကိစ္စကို ယနေ့မနက် တခါးပိတ် ဆွေးနွေးပြီးနောက် မွန်းလွဲပိုင်းမှာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို စောင့်ကြည့်မည့် monitoring အဖွဲ့ ထားရှိရန် ကိစ္စကို ဆက်လက်ဆွေးနွေး ကြပါတယ်။

ဖရူဆိုမြို့နယ်အတွင်းမှာ အမှတ် - ၁၄ စစ်လေ့ကျင့်ရေးကျောင်း တည်ဆောက်ဖို့ ၂၀၁၀ ခုနှစ်မှာ စစ်အစိုးရက ဒေသခံရွာသားတို့ရဲ့ လယ်ယာမြေ ၃၂၅၇ ဧကကို သိမ်းယူခဲ့ပြီး လက်ရှိ အစိုးရလက်ထက်မှာ အဆောက်အဦးများ ဆောက်လုပ်ပြီးစီး၍ စစ်သင်တန်းတွေ စတင်ဖွင့်လစ်နေပြီ ဖြစ်ပါတယ်။

ကန္တာရ၀တီတိုင်း(မ်)မှ ရရှိထားတဲ့အချက်အလက်များအရ ကရင်နီပြည်နယ်အတွင်းမှာ ဒေသကွပ်ကဲရေး စစ်ဌာနချူပ် ဒကစလက်အောက်ခံတပ်ရင်း ၁၀ ရင်း၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၇ လက်အောက်ခံတပ်ရင်း ၄ ရင်းနဲ့ တပ်မ ၅၅ လက်အောက်ခံ ၁၀ ရင်းကနေပြီး အလှည့်ကျ အမြဲတမ်း ၇ ရင်းကနေပြီး လှုပ်ရှားနေပါတယ်။

KNPP နဲ့ အစိုးရ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲကို လွိုင်ကော်မြို့ တပ်နယ်ခန်းမမှာ ဇွန်လ ၁၉ရက်မှ ၂၀ ရက်နေ့အထိ ပြုလုပ်ပါတယ်။

၂၀၁၂ခုနှစ် မတ်လ ၇ ရက်နေ့မှာ KNPP နဲ့ အစိုးရတို့အကြား ပြည်နယ်အဆင့်တွေ့ ဆုံပွဲမှာ နှစ်ဦးနှစ်ဘက် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး ဇွန်လ ၉ ရက်နေ့ ပထမအကြိမ် ပြည်ထောင်စု အဆင့် တွေ့ဆုံပွဲမှာ KNPP ဘက်မှ တင်ပြထားတဲ့အချက် ၂၀ ထဲမှ ၁၄ ချက်ကို နှစ်ဘက်သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။

KNPP နဲ့ စစ်အစိုးရတို့ဟာ ပြီးခဲ့တဲ့ ၁၉၉၅ ခုနှစ် မတ်လ ၂၁ ရက်နေ့မှာ အချက် ၁၆ ချက်နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ကြပေမဲ့ ၃ လ မျှအကြာမှာ သဘောတူညီမှု ပြန်လည် ပျက်ပြားခဲ့ပြီးနောက် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွား ခဲ့ဖူးပါတယ်။

No comments: