ABC
လာမယ့် နောက် ၃ ရက်တာ နိုဝင်ဘာလ ၁ရက်၊ ၂ရက် နဲ့ ၃ရက်နေ့တွေမှာ မြန်မာ သမ္မတ ဦးသိန်းစိန်က ရေဒီယိုအသံလွှင့်ဌာတွေကနေ တဆင့် တစ်ရက် လေးကြိမ်စီ မိန့်ခွန်းပြောကြားသွားဖို့ ရှိတယ်လို့ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ကြေညာထားပါတယ်။
မြန်မာသမ္မတဦးသိန်စိန်ဟာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီ (၁)ရက်နေ့က စပြီး လစဉ်လဆန်းပိုင်းတွေမှာ အသံလွှင့်ဌာနတွေ ကနေတဆင့် တလကို တခါ မိန့်ခွန်းတွေ ပြောကြားလေ့ရှိပေမယ့် အခုလို ၃ ရက် ဆက်တိုက် တနေ့ကို ၄ ကြိမ် ပြောဆိုမှုမျိုးကတော့ ဒီတကြိမ်ဟာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။
မြန်မာသမ္မတရဲ့ မိန့်ခွန်းတွေဟာ လက်တွေ့မကျဘူးလို့ ဝေဖန်သူတွေများပေမယ့် တချို့ကတော့ ဒါဟာ အရင် စစ်အစိုးရ လက်ထက်တုန်းက ပြည်သူတွေကို ဘာမှအသိမပေးတာထက်စာရင် အခုလို လုပ်ရပ်ဟာ အများကြီး တိုးတက်လာတယ်လို့ မှတ်ချက်ပြုသူတွေလည်း ရှိနေပါတယ်။
လက်ရှိ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်များ ညီလာခံနဲ့ ဆိုင်တဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ထာဝရ ငြိမ်းချမ်းရေးနဲ့ ပတ်သတ်ပြီး ဘယ်လို ရှေ့ဆက်ဆောင်ရွက်မလဲ ဆိုတာတွေကိုလည်း မိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆိုချင်တယ်လို့ ပြည်သူအချို့က ပြောပါတယ်။
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းရဲ့ ပြောကြားချက်ကို ကိုယ်တိုင်တုန့်ပြန်မယ်လို့ သမ္မတက ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ ပြောကြားခဲ့တာကြောင့် ရွေးကောက်ပွဲ ကိစ္စကိုလည်း ဒီတကြိမ် မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောဆိုနိုင်တယ်လို့ တချို့က မျှော်လင့်နေကြပါတယ်။
မြန်မာ သမ္မတရဲ့ မိန့်ခွန်းတွေကို မြန်မာအသံ၊ မန္တလေး FM၊ ပဉ္စ၀တီ FM၊ ရွှေ FM၊ ချယ်ရီ FM၊ ပတ္တမြား FM၊ FM ပုဂံ၊ သဇင်အသံလွှင့် ဌာနတွေကနေ ထုတ်လွှင့်သွားမှာ ဖြစ်ပြီး နံနက် ၇နာရီ၊ နေ့လည် ၁၁နာရီ၊ ညနေ ၆နာရီ နဲ့ ည ၈ နာရီ အချိန်တွေမှာ ဖမ်းယူနားဆင်နိုင်ပါတယ်။
မြန်မာသမ္မတဦးသိန်စိန်ဟာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁ရက်နေ့က စပြီး လစဉ်လဆန်းပိုင်းတွေမှာ အသံလွှင့်ဌာနတွေ ကနေတဆင့် မိန့်ခွန်းများ ပြောကြားခဲ့ပြီး သင်္ကြန်ကာလ နှစ်ကူးဆုမွန်တောင်းစကား အပါအ၀င် ဒီနှစ် အတွင်းမှာ မိန့်ခွန်းပြောကြားတာ ၁၁ ကြိမ် ရှိသွားပြီး ဖြစ်ပါတယ်။
No comments:
Post a Comment