Thursday, March 27, 2014

ANP ကို ပခေါင်းဆောင်၊ ဒုခေါင်းဆောင်စနစ်ဖြင့်သွားမည်

နိရဉ္စရာ

မတ်လ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့ထိ ပြုလုပ်ခဲ့သော ရခိုင်အမျိုးသားပါတီ (Arakan National Party-ANP) ၏ ပထမဆုံး အကြိမ် ပါတီ ဗဟိုအလုပ်အမူဆောင် ကော်မီတီ အစည်းအဝေးတွင် ပါတီကို (ပ) ခေါင်းဆောင်၊ (ဒု) ခေါင်းဆောင် စနစ်ဖြင့် ဦးဆောင်သွားမည်ဟု ဆိုသည်။

“ ဒါက ညီလာခံ အထိပေါ့နော်။ ပ- ခေါင်းဆောင်၊ ဒု- ခေါင်းဆောင် အဲသလို ပုံစံနဲ့သွားမှာ ဖြစ်ပါတယ်။ နောက်လာမယ့် ပါတီ ညီလာခံမှဘဲ ဥက္ကဌ၊ ဒုဥက္ကဌ တို့ အတွင်းရေးမှူး စတာတွေကို ရွှေးချယ်ကြမှာ ဖြစ်ပါတယ်” ဟု ပါတီ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးစံကျော်လှက ပြောသည်။

(ပ) ခေါင်းဆောင်အဖြစ် ဦးအေးသာအောင်အား ရွှေးချယ် တာဝန်ပေးအပ်ခဲ့ပြီး (ဒု) ခေါင်းဆောင်အဖြစ် ဒေါက်တာ အေးမောင်အား ရွှေးချယ်တာဝန်ပေးခဲ့ကြသည်ဟု သိရသည်။

မြန်မာနိုင်ငံရှိ နိုင်ငံရေး ပါတီ အသီးသီးတွင် ဥက္ကဌ၊ ဒုဥက္ကဌ၊ အထွေထွေအတွင်းရေးမှူး၊ တွဲဘက် အထွေထွေအတွင်းရေးမှူးစသည့် စနစ်ဖြင့် ယေဘူယျ ဖွဲ့စည်းတာဝန်ပေးကြသော်လည်း ယခုလို (ပ) ခေါင်းဆောင်၊ (ဒု) ခေါင်းဆောင် စနစ်မျိုးဖြင့် ဖွဲ့စည်းတာဝန်ပေးမူမှာ မရှိသလောက် နည်းပါးသည်။

ပါတီတွင်းမှ လာသော သတင်းများအရ ပါတီ ခေါင်းဆောင်ရွှေးချယ်မူနှင့်ပတ်သက်ပြီး ဗဟိုအလုပ်အမူဆောင် ကော်မီတီ အစည်းအဝေးတွင် အကြိတ်အနယ် ဆွေးနွေးခဲ့ကြရပြီး နောက်ဆုံးတွင် (ပ)နှင့် (ဒု) ခေါင်းဆောင် စနစ်ဖြင့် သွားရန် သဘောတူညီမူ ရရှိခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

“ ပါတီ ပေါ်လစ်ဗျူရို မရှိပါဘူး။ နိုင်ငံရေးကော်မီတီ၊ စာနယ်ဇင်းကော်မီတီ၊ ဗဟိုရွှေးကောက်ပွဲ ကော်မရှင် စတာတွေကိုတော့ ဖွဲ့စည်း ဖြစ်ခဲ့ပါတယ်။ ဒီကနေ့မှာလည်း ခရိုင်နဲ့ မြိ့နယ် အဆင့် ကော်မရှင်တွေကို ဖွဲ့သွားမှာ ဖြစ်ပါတယ်” ဟု ပါတီ (ပ) ခေါင်းဆောင် အဖြစ်ရွှေးချယ် တင်မြှောက်ခံရသူ ဦးအေးသာအောင်က နိရဉ္စရာသို့ ပြောသည်။

ပါတီ၏ ဗဟိုကော်မရှင်ကို (၇) ဦးဖြင့် ဖွဲ့စည်းနိုင်ခဲ့ကြောင်း၊ ပထမဆုံး အနေဖြင့် မြို့နယ် ရုံးများကို ပြန်လည် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း၊ ယခင်ကမြို့နယ်တိုင်းတွင် တည်ရှိခဲ့သော ALD နှင့် RNDP ရုံးများကို ပေါင်းပြီး ANP ရုံးအဖြစ် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သူက ဆက်လက် ပြောဆိုသည်။

ယင်းပြင် လာမည့် ကြားဖြတ် ရွှေးကောက်ပွဲတွင် မင်းပြားမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် (၂) နေရာနှင့် ဂွမြို့နယ်မှ တစ်နေရာတို့တွင် ၀င်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။

“ အဓိကတော့ လာမယ့် ကြားဖြတ်ရွှေးကောက်ပွဲမှာ ကျွန်တော်တို့ ရခိုင်ပြည်နယ် သုံးနေရာစလုံးမှာ ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ မြို့နယ်အဆင့်က လူတွေနဲ့ ဆွေးနွေးညှိနိုင်းပြီး ဘယ်သူတွေ ၀င်ကြမလဲဆိုတာ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ရခိုင်အမျိုးသား ပါတီ (ပ) ခေါင်းဆောင် အနေဖြင့် ရခိုင်လူထုအား မည်သို့ အမှာစကားပြောကြားလိုပါသလဲဟု မေးမြန်းရာ ဦးအေးသာအောင်က ယခုလို ဆိုသည်။

“ မကြာခင်မှာ ALD နဲ့ RNDP မြို့နယ် အဆင့် ကော်မီတီ တွေကို ဖွဲ့စည်းသွားတော့မှာ ဖြစ်ပါတယ်။ အဲသလို ဖွဲ့စည်းတဲ့ အခါ ယခင်က ရှိနေပြီးသား ALD နဲ့ RNDP က အဖွဲ့ဝင်တွေသာမက ရခိုင်နိုင်ငံရေးကို စိတ်ဝင်စားကြတဲ့ မြို့မိ မြို့ဖတွေ၊ ပညာတတ် လူတန်းစားတွေ၊ အမျိုးသားရေးကို စိတ်အားထက်သန်စွာနဲ့ ဆောင်ကြဉ်းပေးလိုကြတဲ့ ရခိုင်အမျိုးကောင်း သားသမီးတွေ အားလုံး စုစည်း ပါဝင်ကြဖို့ ကျွန်တော်အနေနဲ့ ဖိတ်ခေါ်လိုပါတယ်။ နောင်လာမယ့် ညီလာခံမှာ ဥက္ကဌ၊ ဒုဥက္ကဌ၊ စီစီ၊ စီးအီးစီ ရွှေးချယ်ကြတဲ့အခါမှာလည်း အခု မပါဝင်သေးတဲ့ ရခိုင်အရေးကို စွန်းစွန်းတမံ ဆောင်ရွက် လုပ်ကိုင်လိုသူတွေ ပါဝင် အရွှေးခံကြဖို့လည်း ဖိတ်ခေါ်ချင်ပါတယ်” ဟု ပြောဆိုသွားပါသည်။

ယနေ့တွင် ANP ပါတီ၏ ဗဟိုကော်မီတီ အစည်းအဝေးကိုလည်း စစ်တွေမြို့တွင် ကိုယ်စားလှယ် (၉၀) ဖြင့် ပြုလုပ်သွားမည်ဟု သိရသည်။

No comments: