Thursday, March 27, 2014

ဂရန်အတုဖြင့် မြေကွက်လိမ်လည် ရောင်းချသည်ဟုဆိုကာ အမှုဖွင့် တိုင်တန်း

ဇော်ဇော်ထွေး

မြေဂရန်အတုဖြင့် မြေကွက်လိမ်လည် ရောင်းချသည်ဆိုသည့် တိုင်တန်းမှုတစ်ခုကို မတ် ၂၂ ရက်တွင် မရမ်းကုန်းမြို့နယ် ရဲစခန်းက အမှုဖွင့်စစ်ဆေးနေသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက မတ် ၂၃ တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ အမှုကို မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊ ရွှေကမ္ဘာ မောင်မောင်အိမ် ရာ၊ မင်းဓမ္မလမ်းနေ ကား အရောင်းအ၀ယ် လုပ်ကိုင်သည့် ဦးဝင်းမြင့်အောင် (၄၂)နှစ် က အမှုဖွင့် တိုင်တန်းထားသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

မတ်လ ၂၁ ရက်က သာကေတမြို့နယ်၊ ရှုခင်းသာရပ်ကွက်၊ ရှုခင်းသာလမ်း၊ အမှတ် (၂၁၆) ရှိ အလျား ၅၀ပေ၊ အနံ ၂၅ပေ မြေကွက်ကို ရောင်းချရန် ယခင်က ခင်မင်ရင်းနှီးခဲ့သူ ဒေါ်ဖြူဖြူနိုင်က ၎င်းထံသို့ ဆက် သွယ်ချိန်းဆိုခဲ့သည်ဟု ဆိုသည်။

ထို့နောက် မရမ်းကုန်း ပါရမီလမ်းရှိ တိုင်းရင်းသား စားသောက်ဆိုင်သို့ သွားရောက်ခဲ့ပြီး မြေကွက်ပိုင်ရှင် ဖြစ်သူ ဒေါ်ဖြူ ဖြူနိုင်နှင့် ဦးထွန်းကျော်(ခ) ဦးညီညီဟန်၊ ဦးမင်းသူ၊ ဒေါ်ဇင်မာလတ်တို့နှင့် တွေ့ဆုံခဲ့သည် ဟု တရားလိုက ရဲထံတွင် ထွက်ဆိုထားသည်။

ထို့နောက် မြေကွက်ကို ကျပ်သိန်း ၁၅၀၀ ဖြင့် အရောင်းအ၀ယ်ပြုလုပ်ရန် သဘောတူညီမှုရရှိခဲ့ပြီး ငွေကျပ် သိန်း ၅၀၀ ကို ဒေါ်ဖြူဖြူနိုင်ထံသို့ ကနဦးပေးသွင်း ခဲ့သည်ဟုလည်း တရားလိုက ထွက်ဆိုထားသည်။

ယင်းနောက်တွင် မြေငှားဂရန်စာချုပ်ကို ရန်ကုန်မြို့တော်စည်ပင်သို့ မှန်ကန်မှု ရှိ/ မရှိ စစ်ဆေးခဲ့ရာ အတု ဖြစ်နေကြောင်း သိရှိခဲ့သည်ဟုဆိုသည်။

ထို့ကြောင့် စာချုပ်စာတမ်းအတု ပြု လုပ်၍ မြေကွက်လိမ်လည်ရောင်းချသည်ဟုဆိုကာ ဒေါ်ဖြူဖြူနိုင်ပါ လေးဦးကို အရေးယူပေးရန် အမှုဖွင့်တိုင်တန်းခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

ယင်းတိုင်တန်းမှုကို ရဲစခန်းက (ပ)၇၉ / ၂၀၁၄ ဖြင့် အမှုဖွင့်လိုက်ပြီး တိုင်တန်းခံထားရသူများကို ခေါ်ယူ စစ်ဆေးနိုင်ရန် ဆောင်ရွက်နေသည်။

ထို့ပြင် အမှန်တကယ် လိမ်လည်ကြောင်း တွေ့ရှိပါက ပြစ်မှုပုဒ်မ ၄၂၀/၂၆၈ တို့ဖြင့် တရားစွဲတင်သွားမည်ဟု ဆိုသည်။

No comments: