Friday, March 28, 2014

ထိုင်းမှ လွှဲပြောင်းပေးသည့် လူကုန်ကူးခံရသူများတွင် ပြည့်တန်ဆာအဖြစ် စေခိုင်းခံရသူများ ပါဝင်

အေးမြင့်စန်း

ထိုင်းနိုင်ငံဘက်သို့ လူကုန်ကူးခံရသူ ၁၈ ဦးကို မြန်မာနိုင်ငံသို့ မတ် ၂၅ ရက်က ပြန်လည်လွှဲပြောင်းပေး ရာ အသက် ၁၈ နှစ်အောက် အမျိုးသမီးလေးဦး ပါဝင်နေပြီး ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းခံရသူများ ဖြစ်သည်ဟု လူမှုဝန်ထမ်းဦးစီးဌာန ပြန်လည်ထူထောင်ရေးဌာနခွဲက ဦးစီးမှူးဒေါ်ခိုင်စုလွင်က မဇ္ဈိမကို ပြောသည်။

မတ် ၂၅ ရက်တွင် ပြန်လည်လွှဲပြောင်းပေးခဲ့ရာ ၎င်းတို့ကို လက်ရှိတွင် မော်လမြိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဂေဟာတွင် လက်ခံထားသည်။

ဒေါ်ခိုင်စုလွင်က “ပြန်ရောက်လာတဲ့သူတွေအားလုံးက မိဘဆွေမျိုးတွေရှိနေတဲ့အတွက် ဂေဟာကနေသုံး ရက်အတွင်း မိဘရပ်ထံ ပို့ပေးမှာပါ။ အသက် ၁၈ နှစ်အောက်တွေကို မိဘရပ်ထံ လိုက်လံပို့ဆောင်ပေး မှာပါ။ ဒေါ်လာ ၁၀၀ နဲ့ညီမျှတဲ့ ထောက်ပံ့ရေးပစ္စည်းတွေအပြင် ခရီးစရိတ်ပါ ထပ်မံကူညီပေးသွားမှာပါ” ဟု ပြောသည်။

ထိုင်းလ၀ကမှ ပြန်လည်လွှဲပြောင်းပေးခဲ့သည့် လူကုန်ကူးခံရသူ ၁၈ ဦးသည် မြ၀တီ လူကုန်ကူးမှုတား ဆီးကာကွယ်ရေးတပ်ဖွဲ့သို့ ၁၄ ဦး၊ တာချီလိတ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးတပ်ဖွဲ့တွင် လေးဦး ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။

ယင်းတို့အထဲတွင် ရှမ်းပြည်နယ်အရှေ့ဘက်တွင်နေထိုင်သူ အသက် ၁၈ နှစ်အောက် အမျိုးသမီးလေးဦးသည် ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းခံရသူများဖြစ်သည်ဟု ဆိုသည်။

ပြန်လည်ရောက်ရှိလာသည့် လူကုန်ကူးခံရသူများသည် လူကုန်ကူးသူပွဲစားများနှင့် လုပ်အားခေါင်းပုံဖြတ် စေခိုင်းသူ ထိုင်းအလုပ်ရှင်များကို တရားစွဲဆိုခြင်းအပိုင်းကို ထိုင်းနိုင်ငံအတွင်း၌ပင် ဆောင်ရွက်လာခဲ့ပြီး ဖြစ်သဖြင့် မြန်မာနိုင်ငံတွင် ပြန်လည်ထူတောင်ရေး အပိုင်းကိုသာ ဆောင်ရွက်ရမည် ဖြစ်သည်ဟုလည်း နေပြည်တော်ရှိ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုမှ ဒု-ရဲမှူးအေးအေးမြင့်က ပြောသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၄ ဇန်န၀ါရီနှင့် ဖေဖော်ဝါရီလအတွင်း တရုတ်နိုင်ငံတွင် အဓမ္မလက်ထပ် ထိမ်းမြားရန်နှင့် ပြည်တွင်း ပြည့်တန်ဆာစေခိုင်းမှုများ အပါအ၀င် လူကုန်ကူးမှု ကိုးမှုဖြစ်ပွားခဲ့ပြီး အမျိုးသ မီး ၁၄ ဦး၊ အမျိုးသားသုံးဦး လူကုန်ကူးခံရသည်။ လူကုန်ကူးမှုနှင့်ပတ်သက်ပြီး တရားခံအမျိုးသမီး ၁၇ ဦး နှင့် အမျိုးသား ကိုးဦး ဖမ်းဆီးအရေးယူနိုင်ခဲ့သည်ဟု လူကုန်ကူးမှုတားဆီးကာကွယ်ရေး(ဗဟို)၏ စာရင်းများအရ သိရသည်။

No comments: