Friday, March 28, 2014

ငွေကြေး အခက်အခဲရှိသူများကို ဖြည့်ဆည်းပေးရန် သမ္မတရည်ရွယ်

ထင်လင်းအောင်

စီးပွားရေး စိတ်ကူးစိတ်သန်းကောင်း များရှိသော်လည်း အကောင်အထည်ဖော်ရန် ငွေကြေး အခက်အခဲရှိ နေသူများအတွက် စီမံကိန်းအရင်းအနှီး ဖြည့်ဆည်းပေးနိုင်ရန် နိုင်ငံတော်နှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်း ဆောင်ရွက်သွားရန် ရည်ရွယ်ထားသည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ထုတ်ဖော်ပြောကြားသည်။

အစိုးရသစ် သက်တမ်းသုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မတ်လ ၂၆ ရက်တွင် ပြည် ထောင်စုလွှတ်တော်အစည်းအဝေးခန်းမ၌ မိန့်ခွန်းပြောကြားစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်သမ္မတ က “အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုးလာအောင် စိတ်ကူးစိတ်သန်းသာရှိပြီး ငွေကြေးအရင်းအနှီး အခက်ဖြစ်နေတဲ့ လူငယ်မျိုးဆက်သစ်တွေ အစွမ်းရှိသမျှ လုပ်ကိုင်နိုင်အောင် စီမံကိန်းအရင်းအနှီး ဖြည့်ဆည်းပေးရေးအတွက် နိုင်ငံတော်နဲ့ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက် သွားဖို့ ရည်ရွယ်ထားရှိပါတယ်” ဟု ပြောကြားခဲ့သည်။

နိုင်ငံတကာတွင်မူ ပြည်သူတစ်ဦးချင်းစီ၏ စီးပွားရေးလုပ်ငန်းဆိုင်ရာ စိတ်ကူးစိတ်သန်းကောင်းများ ရှိပါက ယင်းအပေါ် စနစ်ကျသော စီးပွားရေး စီမံချက် (Business Plan) ရေးဆွဲကာ ဘဏ်များသို့ တင်ပြ ရုံဖြင့် ဘဏ်ချေးငွေရရှိနိုင်သည့် စီမံချက်များရှိကြောင်း ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များက မဇ္ဈိမကို ပြောကြား သည်။

ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးရဲမင်းက“ ဒီလို အစီအစဉ်တွေ လုပ်ပေးနိုင်ရင် အများကြီး ကောင်းတာ ပေါ့။ အခုနောက်ပိုင်း လူငယ်စီးပွားရေးသမား တော်တော်များများက စိတ်ကူး ကောင်းတွေ အများကြီး ရှိကြတာပဲ။ ဒါမျိုး ဖော်ထုတ်ပေးတယ်ဆိုတာ ကောင်းပါ တယ်။ တစ်ခုပဲဘယ်လိုပုံစံမျိုးနဲ့ပေးမှာ ဆိုတာတော့ ရှင်းလင်းဖို့ လိုတယ်” ဟု ပြောသည်။

ထိုသို့ ချေးငွေဆောင်ရွက်ခြင်းမှာ ပေါင်နှံပစ်္စည်းမဲ့ ချေးငွေစနစ်ဖြစ်ရာ အစိုးရပိုင်းနှင့် ပုဂ္ဂလိကကဏ္ဍအကြား မည်သို့ဆောင်ရွက်မည်ဆိုသည့် အပိုင်းကိုလဲ ရှင်းလင်းစွာလုပ်ကိုင်ရန် လိုအပ်မည်ဟု ဆက်လက်ပြော သည်။

မြန်မာနိုင်ငံတွင် ပေါင်နှံပစ္စည်းမဲ့ချေးငွေစနစ်ဖြင့် စီးပွားရေးလုပ်ငန်း ထူထောင်နိုင်သည့် အရင်းအနှီးဖြည့် ဆည်းပေးခြင်းကို ဗဟိုဘဏ်အနေဖြင့် ခွင့်ပြုထားခြင်း မရှိသေးသော်လည်း အချို့သောပုဂ္ဂလိကဘဏ်များ အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ရှိနေလျက် ရှိသည်။

ယူနိုက်တက်အမရဘဏ် UAB bank ၏ အမှုဆောင်အရာရှိချုပ် ဦးသန်းဝင်းဆွေက “ စီးပွားရေးစီမံကိန်းတင်ပြရုံနဲ့ အပေါင်ပစ္စည်းမပါတဲ့ ချေးငွေစနစ်ကို ဆောင်ရွက်ဖို့ ပြင်ဆင်ထားတာရှိပါတယ်။ ဒါပေမဲ့ အဲဒီ အပိုင်းကိုတော့ ဗဟိုဘဏ်ကခွင့်ပြုတာ မရှိသေးပါဘူး။ တကယ်ဖြစ်နိုင်ချေရှိတဲ့ စီးပွားရေးလုပ်ငန်းဖြစ်ရဲ့ လားဆိုကို စီစစ်နိုင်မယ့် ပညာရှင်တွေကိုတော့ ဘဏ်မှာ ခန့်အပ်ထားပြီး ဖြစ်ပါတယ်။ ဗဟိုဘဏ်က ခွင့် ပြုတဲ့အခါမှာ အဆင်သင့်ဖြစ်အောင်တော့ ပြင်ဆင်ထားပါတယ်” ဟုပြောသည်။

လက်ရှိတွင် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်SMIDB Bank တစ်ခုတည်းကသာ အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် အတိုး ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ချေးငွေထုတ်ချေးပေး ခြင်းဖြစ်သော်လည်း အာမခံပေါင်နှံပစ္စည်း တင်ပြနိုင်သူများသာ ချေးငွေ ရရှိခြင်းဖြစ်သည်။

No comments: