Wednesday, March 26, 2014

စိတ်ကြွရူးသွပ်ဆေးပြား ရောင်းချသည့် ပန်းတိမ်ဆရာတစ်ဦးကို ဖမ်းဆီး

ဇော်ဇော်ထွေး

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ် ဥက္ကလာပဘုရားတွင် မူးယစ်းဝါးရောင်းချသူ တစ်ဦးကိုဆေးပြားများနှင့်အတူ မတ်လ ၂၂ ရက် မွန်းလွဲ ၂ နာရီခွဲက ဖမ်းဆီးလိုက်သည်။

မူးယစ်ဆေးဝါး ရောင်းချနေကြောင်း ကြိုတင်သတင်းအရ နယ်မြေခံရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး တပ်ဖွဲ့ဝင်များက ကြိုတင်စောင့်ဆိုင်း၍ ဖမ်းဆီးခဲ့ခြင်းလည်း ဖြစ်သည်။

ဘုရားရင်ပြင် မြောက်ဘက်မုခ်အနီးတွင် လှိုင်သာယာမြို့နယ် (၁၈)ရပ်ကွက်၊ ဗိုလ်တာရာ လမ်းနေ ပန်းတိမ်ဆရာတစ်ဦးဖြစ်သည့်မြင့်လှ ဆိုသူကို တွေ့ရှိခဲ့ပြီး တောင်ဥက္ကလာ (၁၄)ရပ်ကွက်ရုံးသို့ ခေါ်ယူစစ်ဆေးခဲ့သည်။

ထို့ကြောင့် ၄င်းထံမှ ပန်းရောင် ရူးသွပ်စိတ်ကြွဆေးပြား (၂ဝဝ)ပြားပါ (၆)ထုပ်၊ အပြား ၅ဝ ပါ (၁)ထုပ်၊ စုစုပေါင်း ဆေးပြား ၁၂၅ဝ ပြားကို ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများ တန်ဖိုးမှာ ငွေကျပ် ၆၂ သိန်းခွဲ ခန့်ရှိသည်ဟု ရဲဌာနက အတည်ပြုထားသည်။

ထို့ပြင် မောင်မြင့်လှဆိုသူမှ အနက်ရောင် လက်ကိုင်ဖုန်း (၁)လုံးကိုပါ သိမ်းဆည်းရမိလိုက်ပြီး မြို့နယ်ရဲစခန်းက မယ(ပ)၅/၂ဝ၁၄ ဖြင့် အမှုဖွင့်ပြီး ဆက်လက်စစ်ဆေးနေသည်။

ထို့ပြင် ပြစ်မှု ထင်ရှားပါက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သည့် ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က) ဖြင့် တရားစွဲတင် အရေးယူသွားမည်ဟု ဆိုသည်။

No comments: