Tuesday, April 1, 2014

နှစ်ပေါင်း ၃၀ ကျော်အတွင်း သန်းခေါင်စာရင်း စကောက်ပြီ ရိုဟင်ဂျာအမည်မထည့်ရန် သန်းခေါင်စာရင်းကော်မတီ ထုတ်ပြန်

မြတ်ကျော်သူ၊ နန်းလွင်နှင်းပွင့်၊ အေးမြင့်စန်း

နှစ်ပေါင်း ၃၀ ကျော်အတွင်း မြန်မာနိုင်ငံတွင် လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်းကို မတ်လ ၃၀ ရက်က စတင်လိုက်ပြီး “ရိုဟင်ဂျာ” ဟူသော အသုံးအနှုန်းသည် အစိုးရက လက်ခံမထားသည့် လူမျိုးအ မည်ဖြစ်သည့်အတွက် လူမျိုးအမည်နေရာတွင် ရိုဟင်ဂျာဟူသည့် အသုံးအနှုန်း ထည့်သွင်းခြင်းကို လက် မခံဟု ရခိုင်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီက မတ် ၃၀ ရက်တွင် ထုတ်ပြန်လိုက်သည်။

အဆိုပါထုတ်ပြန်ချက်ကို ပြည်ထောင်စုအစိုးရက ပြည်နယ်အစိုးရ၀န်ကြီးချုပ်များအား တာဝန်လွှဲအပ်ထားချက်အရ ရခိုင်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးဦးကျော်ယဉ်ဦးက လက်မှတ်ထိုး၍ တရားဝင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ထုတ်ပြန်ချက်တွင် မြန်မာတစ်နိုင်ငံလုံး မတ်လ ၃၀ ရက်မှဧပြီလ ၁၀ ရက်ထိ ကောက်ယူမည့် သန်းခေါင်စာရင်းကို ရခိုင်ပြည်နယ်တွင်လည်း တစ်ချိန်တည်း တစ်ပြိုင်တည်း ကောက်ယူသွားမည်ဟု ရခိုင်ပြည် နယ် သန်းခေါင်စာရင်းကောက်ယူမှုကော်မတီက ပြည်သူများကို အသိပေးထားသည်။

သန်းခေါင်စာရင်းကောက်ယူရာသို့ ရောက်ရှိနေသည့် လူဝင်မှုကြီးကြပ်ရေး ဒုတိယညွှန်ကြားရေးမှူးဦးဝင်းလှိုင်က “ရိုဟင်ဂျာလူမျိုးဆိုတာ မရှိပါ။ ဒါကြောင့် လူမျိုးအမှန်ကိုပဲ ဖြည့်သွင်းဖို့ လိုပါတယ်”ဟု မဇ္ဈိမကို ပြောသည်။

ရခိုင်ပြည်နယ်တွင် ကောက်ယူမှု

စစ်တွေမြို့ ဘင်္ဂလီများနေထိုင်သည့် ဘာဆာရာကျေးရွာတွင် မတ် ၃၀ ရက် ညနေ ၄ နာရီခန့်က၊ သန်း ခေါင်စာရင်းကောက်ယူခဲ့ရာ ထိုကျေးရွာတွင်နေထိုင်သူများက “လူမျိုး” မည်သည့်အမည်နာမမျှ ရေးသွင်း ခြင်းမရှိသည်ကို မဇ္ဈိမက လေ့လာတွေ့ရှိခဲ့သည်။

သန်းခေါင်စာရင်းကောက်ခံလွှာတွင် အချက်ပေါင်း ၄၁ ချက်ပါဝင်ပြီး တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးတွင် မပါဝင်သည့် လူမျိုးစုများသည် အခြားဟူသည့်နေရာတွင် အမည်နာမတစ်မျိုးမျိုးကို ထည့်သွင်းရန် သတ် မှတ်ထားသော်လည်း မည်သည့်အမှတ်အသား၊ အမည်နာမည်မှ ထည့်သွင်းခြင်းမရှိဘဲ သန်းခေါင်စာရင်း ကောက်ယူသည့် ၀န်ထမ်းများက ကောက်ယူလျက်ရှိနေသည်။

ဘာဆာရာကျေးရွာမှ ဟာမစ်ဒူဇိုင်းက “ကျွန်တော်တို့ကို (သန်းခေါင်စာရင်း) ကောက်သွားတယ်။ တခြား အချက်တွေ အားလုံးမေးတယ်။ စာရွက်မှာထည့်တယ်။ လူမျိုးကို မေးမသွားဘူး။ ဘာလို့ မထည့်တာလဲ လို့ ကျွန်တော်မေးတော့ နောက်မှ တစ်ခေါက်ပြန်လာမယ်လို့ ပြောတယ်”ဟု ဆိုသည်။

ဘင်္ဂါလီကျေးရွာများကို သန်းခေါင်စာရင်းကောက်ယူရာတွင် မြန်မာစကားမပြောတတ်သည့် ဘင်္ဂါလီများ အတွက် ဘင်္ဂါလီစကားပြန်များကို ပူးပေါင်းပါဝင်ခွင့်ပြုထားပြီး ဘာဟာဆာကျေးရွာတွင် စကားပြန် ၁၀ ဦး ခန့်ရှိသည်။

ဘင်္ဂါလီစကားပြန် မိုဟာမက် တာအဲက “ကျွန်တော်တို့ ဘာလုပ်ရမှန်းမသိဘူး။ သူတို့က အခြားဟာတွေ အားလုံးကို မေးတယ်။ ဖြည့်တယ်။ ဒါပေမယ့် လူမျိုးကို မဖြည့်ဘူး။ ရိုဟင်ဂျာလို့ပြောရင် အခြားအချက် တွေကို ကျော်သွားတယ်”ဟု မဇ္ဈိမကို ပြောသည်။

ဘင်္ဂါလီအများစုနေထိုင်သည့် စစ်တွေမြို့အနီး ဘူမင်းကျေးရွာရှိ ရပ်ကွက်တစ်ခု၏ အုတ်တံတိုင်းတစ်နေ ရာတွင်“လူမျိုး ရိုဟင်ဂျာထည့်ပါ”ဟု မှုတ်ဆေးဖြင့်မှုတ်ကာ စာရေးသား တိုက်တွန်းထားသည်ကိုလည်း တွေ့ရှိရသည်။


ဒု-သမ္မတဦးဉဏ်ထွန်းရောက်ရှိ

အဆိုပါ ဘာဆာရာကျေးရွာ သန်းခေါင်စာရင်းကောက်ရာသို့ ဒုတိယသမ္မတ ဦးဉဏ်ထွန်းနှင့် လူဝင်မှုကြီး ကြပ်ရေးဝန်ကြီး ဦးခင်ရီတို့ လာရောက်ကြည့်ရှုခဲ့သည်။ စစ်တွေမြို့နယ်ရှိ ဘင်္ဂါလီရွာအချို့ကို မွန်းလွဲပိုင်း တွင် သန်းခေါင်စာရင်း စတင်ကောက်ခံနေမှုကို ဒု-သမ္မတက လာရောက်ကြည့်ရှုခြင်းဖြစ်သည်။ ဒေသခံ ဘင်္ဂါလီများနှင့် ခေတ္တ စကားအနည်းငယ် ပြောဆိုခဲ့သည်။

သန်းခေါင်စာရင်း သပိတ်မှောက်မှုကော်မတီ သပိတ်လှန်

ရခိုင်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီမှ လူမျိုးအမည်နေရာတွင် ရိုဟင်ဂျာဟူသည့် အသုံး အနှုန်းကို လက်မခံဟု ထုတ်ပြန်အပြီး သန်းခေါင်စာရင်းကောက်ယူရာတွင် ရိုဟင်ဂျာဟူသည့်အမည်ကို မထည့်သွင်းရန် စစ်တွေမြို့ခံများဖြင့် ဖွဲ့စည်းထားသည့် သန်းခေါင်စာရင်း သပိတ်မှောက်မှုကော်မတီက လည်း သပိတ်မှောက်မှုများကို မတ် ၃၀ ရက်က သပိတ်လှန်ခဲ့သည်။

သန်းခေါင်စာရင်းကောက်ယူမှုကို စစ်တွေမြို့ ဒုက္ခသည်စခန်းများတွင် မတ် ၃၁ ရက်တွင် ကောက်ယူဦး မည်ဟု သတင်းများထွက်ပေါ်နေသော်လည်း မဇ္ဈိမက အတည်ပြုနိုင်ခြင်းမရှိသေးပေ။ လတ်တလော အခြေအနေအရ စစ်တွေမြို့အတွင်း လမ်းဆုံလမ်းခွတွင် ရဲတပ်သား ငါးဦးမှ ၁၀ ဦးခန့် လုံခြုံရေးချထား သည်ကို ညနေ ငါးနာရီခန့်က တွေ့ရသည်။


ကချင်ပြည်နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူမှုအခြေအနေ

ကချင်ပြည်နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူရာတွင် အစိုးရထိန်းချုပ်နယ်မြေအားလုံးတွင် ကောက်ယူသွားမည်ဖြစ်သည်။ KIO ထိန်းချုပ်နယ်မြေ ငါးပိုင်းဖြစ်သည့် အဓိကအချက်အချာကျ လိုင်ဇာမြို့၊ အရှေ့ဘက်အခြမ်းဖြစ်သည့် မိုင်ဂျာယန်၊ မန်စီမြို့နယ်၊ မိုးမောက်မြို့နယ်၊ ရွှေကူမြို့နယ် (ဧရာဝတီ မြစ် အနောက်ဘက်ခြမ်း)၊ ဗန်းမော်မြို့နယ်တို့တွင်ရှိသည့် ကျေးရွာအချို့၊ အနောက်ဘက်အခြမ်းဖြစ်သည့် တနိုင်း၊ ကန့်၊ ကာမိုင်းနှင့် မိုးကောင်းမြို့နယ်မှ ကျေးရွာအချို့၊ မြောက်ဘက်အခြမ်းဖြစ်သည့် ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ပူတာအိုမြို့နယ်များမှ ကျေးရွာအချို့၊ တောင်ဘက် အခြမ်းဖြစ်သည့် ရှမ်းပြည်နယ် နမ့်မတူ၊ ကွတ်ခိုင်နှင့် မူဆယ်မြို့များရှိ ကျေးရွာအချို့တို့တွင် ကောက်ယူမည် မဟုတ်ပေ။

တပ်ပိုင်းဆိုင်ရာအရ နယ်မြေထိစပ်ကာ တစ်ဝက်စီ ထိန်းချုပ်ထားသည့် နယ်မြေများတွင် သန်းခေါင်စာ ရင်းကောက်ယူမှုနှင့်ပတ်သက်၍ ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ မခွန်ဂျာက “တစ်ဝက်စီဒေသတွေမှာ လုံ ခြုံရေးအခြေအနေအရပဲ ကောက်မယ်၊ တစ်ဝက်စီဖြစ်နေတဲ့နေရာတွေက ရွှေတွင်း၊ ကျောက်စိမ်းတွင် ပယင်းတူးတဲ့နေရာတွေ များတယ်။ မြန်မာ့တပ်မတော်က ထိုးစစ်မရှိဘူးဆိုရင်တော့ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးက ဆုံးဖြတ်ကောက်လိမ့်မယ်”ဟု ဆိုသည်။

ဆက်လက်၍ “အခု ကချင်ပြည်နယ်မှာကောက်နေတဲ့ သန်းခေါင်စာရင်းနဲ့ပတ်သက်ပြီး ကုတ်တွေမှာ မှား ယွင်းတာတွေ ရှိတယ်၊ ကရင်ထဲမှာရှိရမယ့် ဂေဘားမျိုးနွယ်စုက ကယားထဲ ရောက်နေတယ်။ ဒီလိုပဲ မှန် ကန်မှုမရှိဘူး၊ နောက် ၁၀၀ ရာနှုန်း လွှမ်းခြုံကောက်ယူနိုင်မှုမရှိလို့ အချက်အလက် မှန်မှာ မဟုတ်ဘူး။ ဒီ လိုပဲ Result ထွက်လာရင်လည်း အငြင်းပွားဖွယ်ဖြစ်လာနိုင်မယ်လို့ မြင်တယ်”ဟု ၎င်းက ဆိုသည်။


သမ္မတကိုလည်း သန်းခေါင်စာရင်းကောက်ယူ

သန်းခေါင်စာရင်း စတင်ကောက်ယူသည့် မတ် ၃၀ ရက် နံနက် ၁၀ နာရီတွင် သန်းခေါင်စာရင်းကောက် ယူရေးအဖွဲ့က နိုင်ငံတော်သမ္မတကို သန်းခေါင်စာရင်းကောက်ယူခဲ့သည်ဟု မြန်မာ့အသံနှင့် ရုပ်မြင်သံ ကြားဝက်ဘ်ဆိုဒ်တွင် ဖော်ပြသည်။

မတ် ၃၀ ရက် နံနက်၁၀ နာရီတွင်နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်း မိသားစု၏ လူဦး ရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့က ကောက်ယူခဲ့ သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဒုတိယ၀န်ကြီးဦးဝင်းမြင့်ဦးဆောင်၍ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနညွှန်ကြားရေးမှုး ဦးချိုထွန်းနှင့် ဇမ္ဗူသီရိမြို့နယ်ဦးစီးမှူးအပါအ၀င် သန်း ခေါင်စာရင်းကောက်ယူရေးအဖွဲ့များက သမ္မတအိမ်တော်သို့ သန်းခေါင်စာရင်း ကောက်ယူခဲ့ခြင်းဖြစ် သည်။ လူဦးရေနှင့် အိမ်သန်းခေါင်စာရင်းပါမေးခွန်း ၄၁ ချက်ကို သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့က မေးမြန်းဖြည့်စွက်ရာ နိုင်ငံတော်သမ္မတအိမ်တော်တွင် သမ္မတနှင့်ဇနီးက ဖြေကြားခဲ့သည်။


သန်းခေါင်စာရင်းကောက်ယူမှုကို စိုးရိမ်ဟု ဗြိတိန်သံရုံး ကြေညာ

ရခိုင်တွင် သန်းခေါင်စာရင်းကောက်ယူမှုနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေဆဲဟု ဗြိတိန်သံရုံးက မတ် ၂၉ တွင် ကြေညာချက် ထုတ်ပြန်ထားသည်။ “ကျွန်တော်တို့အနေနဲ့ ရခိုင်ပြည်နယ်က အခြေအနေတွေအပေါ်မှာ စိုးရိမ်နေဆဲပါ။ သန်းခေါင်စာရင်း အကောက်ခံရသူအားလုံးကို မိမိတို့ရဲ့ လူမျိုးနွယ်စုကို ကိုယ်တိုင် ရွေး ချယ်စေခြင်းအပါအ၀င် နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ကိုက်ညီတဲ့ သန်းခေါင်စာရင်းကောက်ယူမှုကို မြန် မာအစိုးရက ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ ထိုကဲ့သို့သော ဆောင်ရွက်ချက်မျိုး အောင်မြင်နိုင်လိမ့် မည်မဟုတ်ဆိုသော လတ်တလောသတင်းများက ကျွန်တော်တို့ကို စိုးရိမ်ရစေပါတယ်။ အစိုးရအနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်းကောက်ယူရာမှာ လူတိုင်း မျှတစွာ အကြောက်တရား ကင်းမဲ့စွာ ပါဝင်ခွင့်ရှိတဲ့ အခြေအနေတွေ ဖန်တီးထားဖို့ အရေးကြီးပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သန်းခေါင်စာရင်းလုပ်ငန်းစဉ် ဆိုင်းငံ့ထားသင့်ကြောင်း HRW တိုက်တွန်း

မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှု အကူအညီပေးရေး ၀န်ထမ်းများအပေါ် တိုက်ခိုက်ခြင်းများနှင့် အုပ်စုလိုက် ပဋိပက္ခများ မဖြစ်ပွားအောင် ကာကွယ်သည့် အနေဖြင့် မြန်မာအစိုးရသည် ပြည်လုံးကျွတ်သန်း ခေါင်စာရင်းကောက်ယူမည့် လုပ်ငန်းစဉ်ကို ဆိုင်းငံ့ထားသင့်သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ HRW က မတ်လ ၂၉ ရက်တွင် တိုက်တွန်းလိုက်သည်။ မွတ်စလင်အသိုင်းအ၀ိုင်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ လူသားချင်းစာနာမှု အကူအညီပေးရေး ၀န်ထမ်းများအတွက် အန္တရာယ်ရှိနေကြောင်းလည်း HRW က ဆိုခဲ့သည်။

ရခိုင်ပြည် အမျိုးသားကောင်စီက ကြေညာချက် ထုတ်ပြန်

လက်ရှိ သန်းခေါင်စာရင်းကောက်ယူမှုမှာ တိုင်းပြည်အတွက် လိုအပ်သော်လည်း ပြည်တွင်းစစ်ရပ်စဲပြီး တည်ငြိမ်သောကာလတစ်ခုတွင်သာ တိုင်းရင်းသား လူမျိုးပေါင်းစုံတို့၏ အပြည့်အ၀ ယုံကြည်မှု၊ ပူးပေါင်း ဆောင်ရွက်မှုဖြင့်သာ လုပ်ဆောင်နိုင်မည်ဟု အိန္ဒိယအခြေစိုက် ရခိုင်ပြည် အမျိုးသားကောင်စီ ANC က မတ်လ ၃၀ ရက်က ကြေညာချက် ထုတ်ပြန်ထားသည်။

No comments: