Wednesday, October 1, 2014

လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက် ဖြိုခွဲခံရမှု ၂၂ လပြည့် အတွက် ဆန္ဒဖော်ထုတ်

ကျော်စွာဝင်း

လက်ပံတောင်းတောင် သပိတ်စခန်းအကြမ်းဖက် ဖြိုခွဲခံရခြင်း ၂၂ လပြည့် အထိမ်းအမှတ်အဖြစ် တက်ကြွ လှုပ်ရှားသူ ဒေါ်နော်အုန်းလှ အပါအဝင် လူ၂၀ ဦးခန့်က စက်တင်ဘာ ၂၉ ရက်တွင် မြေနီကုန်း ဒဂုံစင်တာ အရှေ့မှ ရွှေတိဂုံစေတီတော် အရှေ့ဘက်မုဒ် အထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဒေါ်နော်အုံးလှက "လက်ပံတောင်းမှာ ရဟန်းသံဃာတွေကို တားမြစ်ထားတဲ့ မီးလောင်ဗုံးသုံးတဲ့ လူတွေကို အစိုးရကအရေးမယူဘူး။ လက်ပံတောင်းက ပြည်သူတွေကျတော့ တရားစွဲဆိုတာတွေလုပ်တယ်။ ဒါမဖြစ်သင့်ဘူး" ဟု ဆိုသည်။

ဆန္ဒဖော်ထုတ်ရာတွင် လက်ပံတောင်းတောင် စီမံကိန်းအတွင်းမှ တရုတ်နိုင်ငံသား နှစ်ဦးကို ဖမ်းဆီးရာတွင် ပါဝင်သည်ဟုဆိုကာ ထိန်းသိမ်းခံထားရသော ကျောင်းသား သမဂ္ဂ အဖွဲ့ဝင် မဖြူနှင်းထွေးကို ပြန်လွှတ်ပေးရန် အတွက်လည်း တောင်းဆိုခဲ့သည်။

ဆန္ဒဖော်ထုတ်ခွင့် မတင်ထားသောကြောင့် ဆန္ဒထုတ်ဖော်ရာ လမ်းတစ်လျှောက်တွင် စမ်းချောင်းမြို့နယ်နှင့် ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့ဝင်များက လာရောက်တားဆီးခဲ့သော်လည်း ဒေါ်နော်အုန်းလှက နိုင်ငံသားအခွင့် အရေး အရ ဆန္ဒထုတ်ဖော်ခြင်း ဟုပြောကာဆက်လက် ဆန္ဒထုတ်ဖော်ခဲ့သည်။

ဆန္ဒဖော်ထုတ်ရာတွင် ဗကသ ကျောင်းသူ မဖြူနှင်းထွေးချက်ချင်းလွှတ်၊ လက်ပံတောင်းတောင် မီးလောင်ဗုံး တရားခံ ဖမ်းဆီးရမိရေး၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး၊ မတရားဖမ်းဆီး ထောင်ချခံ တောင်သူလယ်သမား အလုပ်သမားများအမြန်လွှတ်၊ လယ်ယာမြေပြသနာမဖြေ ရှင်းဘဲမငြိမ်း ချမ်းနိုင် အစရှိသည့် ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့သည်။

မုံရွာမြို့ ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဝမ်ပေါင်ကုမ္ပဏီရှေ့တွင် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ရက် နံနက် ၃နာရီခန့်က သပိတ်စခန်းဖွင့်လှစ်ကာ ဆန္ဒပြသော သံဃာများနှင့် ဒေသခံများကို အာဏာပိုင်များက အင်အားသုံး ဖြိုခွဲခဲ့သောကြောင့် သံဃာတော်အချို့ မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်။

No comments: