မဇ္ဈိမ
ပြည်တွင်းတွင် အော်ပရေတာဝန်ဆောင်မှုပေးနေသည့် အူရီးဒူးမြန်မာက အင်တာနက်ဝန်ဆောင်ခများကို မေလ ၂၇ ရက်မှ စတင်ပြီး 1MB လျှင် ၆ ကျပ်နှုန်းသို့ လျှော့ချကောက်ခံသွားမည်ဟု အူရီးဒူးမြန်မာ၏ ဈေးကွက်ရှာဖွေ ရေးနှင့် ပြင်ပဆက်ဆံရေး ဒါရိုက်တာ ဒေါ်ပွင့်ဦးဆွေက မေလ ၂၆ ရက်က ဆူးလေရှန်ဂရီလာဟိုတယ်တွင် ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဒေါ်ပွင့်ဦးဆွေက " 3G ကွန်ရက်ပေါ်က မြန်နှုန်းမြင့်အင်တာနက်ဝန်ဆောင်မှုကို ရရှိနိုင်မှာ ဖြစ်ပါတယ်" ဟု ဆိုသည်။ အူရီးဒူးသည် ယခင်က 1MB လျှင် ၁၀ ကျပ်နှုန်းဖြင့် ကောက်ခံနေခြင်းဖြစ်ပြီး အင်တာနက်အသုံးပြုမှုအစီအစဉ် အလိုက် 1MB ၆ ဒသမ ၉ ကျပ်နှုန်းနှင့်လည်း ကောက်ခံမှု ရှိခဲ့သည်။
အူရီးဒူး၏ အကြီးတန်းပြန်ကြားရေးနှင့် ပြင်ပဆက်ဆံရေးမန်နေဂျာ ဒေါ်သီရိကြာညိုက " အရင်က 1MB ကို ၁၀ ကျပ်နှုန်းကောက်ပါတယ်။ Plan ကို ၀ယ်မှ ၆ ကျပ် ကျော်ကျော်လောက်နဲ့ ရတာပါ။ အခုက တော့ မြန်နှုန်းမြင့် အင်တာနက်ကို ဈေးလျှော့ချပေးလိုက်တာပါ" ဟု ဆိုသည်။
အူရီးဒူးအနေဖြင့် လက်ရှိအချိန်တွင် မြန်မာနိုင်ငံလူဦးရေ၏ ၄၅ ရာခိုင်နှုန်းကို ၀န်ဆောင်မှု ပေးနိုင်ပြီဖြစ်ပြီး ၂၀၁၅ ခုနှစ်အကုန်တွင် ၇၅ ရာခိုင်နှုန်းအထိ တိုးမြှင့် ၀န်ဆောင်မှု ပေးနိုင်ရန်ဆောင်ရွက်သွားမည်ဟု အူရီးဒူး မြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr. Ross Cormack ကပြောကြားခဲ့သည်။
အူရီဒူးမြန်မာအနေဖြင့် သတ်မှတ်ကာ လ ၅ နှစ်အတွင်း လူဦးရေး၏ ၉၇ ရာခိုင်နှုန်းကို ၀န်ဆောင်မှုပေးနိုင်မည် ဟုလည်း အူရီဒူးမြန်မာ၏ အကြီးတန်း လူမှုဆက် ဆံရေးနှင့် ပြန်ကြားရေးမန်နေဂျာ ဒေါ်သီရိကြာညိုက ပြော ထားသည်။
အူရီးဒူးမြန်မာက ပြည်တွင်းဖုန်းခေါ်ဆိုမှုများအတွက် တစ်မိနစ် ၂၅ ကျပ်နှုန်း ပြည်ပခေါ်ဆိုမှုများအတွက် တစ်မိနစ်လျှင် ၁၀၀ ကျပ်မှ ၆၀၀ ကျပ်အတွင်းဖြင့် ၀န်ဆောင်မှုပေးနေသည်။
No comments:
Post a Comment