ခင်မြတ်မြတ်ဝေ
မေလ ၂၅ရက်တွင် အခြေခံပညာကျောင်းအသီးသီးတွင် ကျောင်းအပ်နှံရေး စတင်လက်ခံနေပြီဖြစ်ပြီး ကျောင်းပြောင်းရွှေ့ခြင်း နှင့်ကျောင်း အပ်နှံရာတွင် ငွေကြေး တစ်စုံတစ်ရာ ကောက်ခံပါက မြို့နယ်ပညာရေးမှူး၊ ခရိုင်ပညာရေးမှူး နှင့် တိုင်းပညာရေးမှူးတို့ထံ တိုက်ကြားနိုင်သည်ဟု ရန်ကုန်တိုင်းဒေ သကြီး ပညာရေးမှူးရုံး တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။
"ကျောင်းပြောင်းတာတွေလည်း ပေးစရာမလိုဘူး။ ဘာအခွန်အခမှ ပေးစရာမလိုဘူး။ တောင်းရင်တိုင်ပေါ့၊ မြို့နယ်ပညာရေးမှူးကိုတိုင် ဖြေရှင်းပေးလိမ့်မယ်။ တကယ်လို့ အဆင်မပြေရင် တိုင်း၊ ခရိုင်အဆင့်ထိတိုင်ပါ။ "ဟု ၎င်းက ပြောသည်။
အထက(၄) ဒဂုံ နှင့် အထက (၄) မရမ်းကုန်းတွင် ပညာရေးပွဲများ မေ ၂၁ရက်က ကျင်းပခဲ့ပြီး အခမဲ့ပညာရေးစနစ် ပြောင်းလဲကျင့်သုံးချိန်၌ ပညာရေးဝန်ထမ်းများ အနေဖြင့် ကျောင်းသားမိဘများထံမှ မည်သည့်အခကြေးငွေမျှ မကောက်ခံရန် ပညာရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးက ညွှန်ကြားထားပြီး ဖြစ်သည်ဟု ၎င်းက ပြောသည်။
မှုလတန်းကျောင်းသား၊ ကျောင်းသူများအားလုံးကို ကျောင်းဝတ်စုံတစ်စုံနှင့် ဗလာစာအုပ် ခြောက်အုပ်စီ ထောက်ပံ့ပေးမည်ဟု အဆိုပါ ပညာရေးမှူးရုံးမှ တာဝန်ရှိသူက ပြောသည်။
မူလတန်း မှ အထက်တန်းအဆင့်အထိ အခမဲ့ပညာရေးစနစ်ကို ယခု ၂၀၁၅-၁၆ ဘဏ္ဍာ နှစ်တွင် စတင် ကျင့်သုံးရာ ကျောင်းအပ်စတင်လက်ခံသည့် မေ ၂၅ရက်တွင် ကျောင်းအပ်နှံသူ များပြားခဲ့သည်ဟု သာကေတမြို့နယ်တွင် နေထိုင်သည့် ဒေါ်စိုးစိုးနွယ်က မဇ္ဈိမကို ပြောသည်။
"သားက ၈တန်းကျောင်းသား။ ပိုက်ဆံပေးစရာတော့ မလိုဘူး။ ဒါပေမယ့် မနှစ်ကဆိုရင် A အတန်းကျတဲ့ဆိုရင် A အခန်းက ဆရာမဆီကို သွားအပ်လိုက်ရုံပဲ ဒီနှစ်အခမဲ့လည်းဆိုရော ဆရာမနှစ်ယောက်ထဲနဲ့ ဆိုတော့ မနက်ဖြန်မှ ပြန်လာခဲ့လို့ပြောတယ်။"ဟု ၈တန်းကျောင်းသား မိဘ ဒေါ်စိုးစိုးနွယ်က ပြောသည်။
တာင်ဒဂုံမြို့နယ်ရှိ သူငယ်တန်းကျောင်းသားတစ်ဦး၏ မိခင် ဒေါ်ချိုချိုဝင်းက ကျောင်းအပ်နှံမှုအတွက် ငွေကြေးမပေးခဲ့ရဘဲ သင်ရိုးညွှန်းတန်းစာအုပ်များကိုလည်း အခမဲ့ ရရှိခဲ့သော်လည်း ကျောင်းဝတ်စုံကိုမူ မရရှိသေးဟု ပြောသည်။
အမှတ် ၃ အခြေခံပညာဦးစီးဌာန ညွန်ကြားရေးမှူး (ပညာ)မှ ဒေါ်စန်းစန်းရီက "မှုလတန်းကျောင်းသားတွေကို ကျောင်းဝတ်စုံတစ်စုံစီ ပေးဖို့ အစီအစဉ်တော့ရှိတယ်။ ဘယ်လို့ပေးမလဲဆိုတော့ ကိုယ်တက်တဲ့ကျောင်းကို ပညာရေးဝန်ကြီးဌာနက စီစဉ်ပေးမှာပါ။ ကလေးတွေ ကျောင်းစတက်တဲ့နေ့တော့ ပေးဖိုများပါတယ်"ဟု မဇ္ဈိမကို ပြောသည်။
ရန်ကုန်တိုင်းအတွင်း မူလတန်းမှ အထက်တန်းအထိ ကျောင်းပေါင်း ၂၇၂၈ ကျောင်းရှိသည်ဟု ၎င်းက ပြောသည်။ ကျောင်းသားဦးရေကိုမူ မကောက်ခံရသေးဟုလည်း ဆိုသည်။
No comments:
Post a Comment