Tuesday, May 26, 2015

အရပ်သားအစိုးရသက်တမ်းတစ်လျှောက် ဘတ်ဂျက်လိုငွေ ကျပ်ဘီလီယံတစ်သောင်းကျော်အထိမြင့်တက်

နိုင်နိုင်ဇော်

အရပ်သားအစိုးရ ၄ နှစ်တာကာလအတွင်း ဘတ်ဂျက်လိုငွေပြမှု ကျပ်ဘီလီယံ တစ်သောင်းကျော်အထိ မြင့်တက်လာပြီဟု မေလ ၂၄ ရက် ရန်ကုန်မြို့၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၌ ပြုလုပ်သည့် မြန်မာနိုင်ငံ၏ ၂၀၁၅-၁၆ ဘဏ္ဍာနှစ် နိုင်ငံတော် ရသုံးမှန်းခြေငွေစာရင်း (ဘတ်ဂျက်)ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် စီးပွားရေးပညာရှင်များက ပြောကြားလိုက်သည်။

နိုင်ငံ GDP နှင့် တိုင်းပြည်ဝင်ငွေဖြင့် နှိုင်းယှဉ်ပါက နိုင်ငံ့စီးပွားရေးအတွက် စိုးရိမ်စရာအခြေအနေဖြစ်လာပြီဟု အဆိုပါဆွေးနွေးပွဲ တက်ရောက်လာသည့် ပြည်တွင်းပညာရှင်များက ပြောသည်။

ဘတ်ဂျက်ပညာရှင် ဦးဇော်ဖေ၀င်းက “ဒီအစိုးရရဲ့ ၄ နှစ်တာမှာ ဘတ်ဂျက်လိုငွေ ကျပ်ဘီလီယံ တစ်သောင်းဆိုတော့ တိုင်းပြည်စီးပွားရေး အခြေအနေနဲ့ကြည့်ရင် အတော်ကိုစိုးရိမ်စရာပါ၊ ကုန်သွယ်မှုလည်း အရမ်းကြီး ရှိသေးတာမဟုတ်ဘူး၊ အခွန်ကလည်း အရမ်းကြီးမရသေးဘူး” ဟုပြောသည်။

အရပ်သားအစိုးရ၏ လေးနှစ်တာဘတ်ဂျက်ရေးဆွဲမှုဟာ လိုငွေပြဘတ်ဂျက်သာဖြစ်နေခြင်းကြောင့် နောင်အစိုးရများနှင့် တိုင်းပြည်စီးပွားရေးအတွက် ၀န်ထုတ်ဝန်ပိုး ဖြစ်လာနိုင်သည်ဟု ၎င်းကထပ်မံပြောဆိုလိုက် သည်။

ပြည်ထောင်စုလွှတ်တော် ငွေစာရင်းပူးပေါင်းကော်မတီ အတွင်းရေးမှူးဦးမောင်တိုးက “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဘတ်ဂျက်ကော်မတီဆိုပြီး သီးခြားဖွဲ့စည်းနိုင်တာမရှိတဲ့အတွက် လွှတ်တော်က ဘတ်ဂျက် စိစစ်မှု အပြည့်အ၀မလုပ်နိုင်တာတွေရှိပါတယ်၊ အရင်ထက်စာရင်တော့ ပွင်လင်းမြင့်သာမှုပိုတိုးလာတယ်ဆိုပေမယ့် အားရတဲ့အခြေအနေတော့မရှိသေးပါဘူး”ဟု ပြောဆိုလိုက်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ သက်ဆိုင်ရာဝန်ကြီးဌာနပိုင်းက ရေးဆွဲသည့် ဘတ်ဂျက်ကို သမ္မတခန့်အပ်ခွင်ရှိသည့် စာရင်းစစ်အဖွဲ့ကသာ စိစစ်နေမှုအပေါ်ကိုလည်း နိုင်ငံရေးပါတီများက ဝေဖန်မှုများ ရှိနေသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီပြောခွင့်ရ ဦးဟန်ရွှေက “အစိုးရအဖွဲ့က ရေးဆွဲတဲ့ဘတ်ဂျက်ကို သမ္မတခန့်အပ်တဲ့ စာရင်းစစ်ကစစ်တာကော့ ဘယ်လိုမှမသင့်လျော်ဘူး၊ ဘယ်လောက်ပဲ လွတ်လပ်တယ်။ အမှီအခိုကင်းတယ်ပြောပြော လွှမ်းမိုးမှုကတော့ ရှိနိုင်တာပဲ”ဟု ပြောသည်။

မြန်မာနိုင်ငံ၏ ဘတ်ဂျက်လိုအပ်မှုမှာ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် ကျပ်ငွေဘီလီယံ ၁၆၂၉ ကျော်၊ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ၁၂၅၀ ဘီလီယံကျော်၊၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ၇၅၅ ဘီလီယံ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ၂၅၅၁ ဘီလီယံနှင့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွက် ဘီလီယံ ၃၆၀၀ ကျော်အထိရှိလာသည်ဟု အဆိုပါတက်ရောက်လာသည့် ပညာရှင်များက ဆွေးနွေးသည်။

မေ ၂၄ရက်က ပြုလုပ်သည့် ဆွေးနွေးပွဲတွင် လူသားအရင်းအမြစ် ဖွံ့ဖြိုးမူရေးကျောင်း၏ သင်တန်းမှူးချုပ် ဦးဇော်ဖေဝင်း၊ အသုံးချဘောဂဗေဒ ပညာရှင် ဦးစောနိုင်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်း၊ ပြည်သူ့လွှတ်တော် ငွေကြေးပူးပေါင်းကော်မတီ အတွင်းရေးမှူးဦးမောင်တိုး၊ နယ်စပ်ကုန်သွယ်ရေးဌာန အငြိမ်းစား ညွှန်ကြားရေးမှူး ဦးမြင့်အောင်၊ အမျိုးသားစီးပွားရေး နှင့် လူမှုရေး အကြံပေးကောင်စီ (NESAC) ဒါရိုက်တာ ဦးအတ်ဝပ်ဇီဝနိုင်တို့က ဦးဆောင် ဆွေးနွေးခဲ့ပြီး မဇ္ဈိမမီဒီယာ၏ အယ်ဒီတာချုပ် ဦးစိုးမြင့်က Moderator အဖြစ် ဆောင်ရွက်ခဲ့သည်။

ဆွေးနွေးပွဲတွင် စီးပွားရေးပညာရှင်များ၊ နိုင်ငံရေးပါတီများ၊ လွှတ်တော်အမတ်များ၊ အရပ်ဘက်အဖွဲ့အစည်းများ နှင့် မီဒီယာမှ ပုဂ္ဂိုလ်များက ပါဝင်ဆွေးနွေးခဲ့ကြသည်။

၂၀၁၅-၁၆အတွက် နိုင်ငံတော်ရသုံးမှန်းခြေငွေစာရင်းအား အတည်မပြုမီ မတ်လကလည်း အကြိုဆွေးနွေးပွဲတစ်ရပ်ကို ပြုလုပ်ခဲ့သေးသည်။

No comments: