ဟိန်းကိုစိုး၊ ဂျေဒန်
ရှမ်းပြည်နယ် အရှေ့နှင့် တောင်ပိုင်းရှိ ပဋိပက္ခ ဖြစ်ပွားခဲ့သည့် နယ်မြေများ၊ ဒေသခံများ ဖွံ့ဖြိုးရေး အတွက် လေးနှစ်စီမံကိန်းဖြင့် ဥရောပသမဂ္ဂ (EU) က ယူရို ၇ သန်း ထောက်ပံ့ အကောင်အထည်ဖော်မည်ဟု စီမံကိန်းတွင် ပါဝင်သည့် ILO မြန်မာဌာနေ ဒု - ကိုယ်စားလှယ် Ms. Piyamal Pichaiwongse က မေလ ၂၅ ရက်တွင် မဇ္ဈိမကို ပြောသည်။
"ဒေသခံတွေ တင်ပြလာတဲ့ လိုအပ်ချက်တွေကို အစိုးရဘက်က ဖွဲ့ထားတဲ့ ကော်မတီကနေ တစ်ဆင့် ကူညီပေးမှာ။ အစားအသောက်၊ ပညာရေး၊ သောက်သုံးရေ ဒါတွေ ရရှိရေးကို ပြည်သူတွေဆီကို ကူညီမှာ" ဟု ၎င်းက ဆိုသည်။
ILO ပါဝင်သည့် ယင်းစီမံကိန်းက ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် လူထုဆက်ဆံရေး လုပ်ငန်းများကို ဦးစီးဆောင်ရွက်မည်ဖြစ်ပြီး အစိုးရနှင့် လူထုအကြား ကွာဟနေမှုမျာအတွက် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ပေး မည်ဟု Ms. Piyamal Pichaiwongse က ဆိုသည်။
အီးယူထောက်ပံ့မှုဖြင့် ယူရို ၇ သန်း အသုံးပြုကာ ဆောင်ရွက်မည့် ၄ နှစ်စီမံကိန်းကို ILO နှင့် ရှမ်းပြည်နယ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်း လေးခုတို့အပြင် ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့ ပူးပေါင်းကာ ဒေသခံများက တောင်းဆိုတင်ပြသည့် အကူအညီများကို ဆောင်ရွက်ပေးမည်ဟု ILO ထံမှ သိရသည်။
"ကျွန်တော်တို့ အဖွဲ့က ကျားမရေးရာ၊ ငြိမ်းချမ်းရေး သတင်းအချက်အလက် မျှဝေပေးတာတွေ လုပ်နေတယ် အဖွဲ့တိုင်းကတော့ သူတို့ လုပ်နေတာတွေရှိတယ်။ ဒါတွေ ဆက်ပြီး အခုစီမံကိန်းနဲ့ ပူးပေါင်း လုပ်ကြမယ်လို့ ထင်ပါတယ်" ဟု စီမံကိန်းတွင် ပါဝင်လုပ်ဆောင်မည့် Ethnic Peace Resources Project မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
အီးယူထောက်ပံ့မှုဖြင့် ဆောင်ရွက်သည့် စီမံကိန်းနှင့် ပတ်သက်ပြီး အစိုးရအဖွဲ့သို့ ဆက်သွယ်လာခြင်း၊ အသိပေးထားခြင်း မရှိသေးကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြင့်အောင်က မဇ္ဈိမကို ပြောသည်။
"သူတို့ ဘာတွေလုပ်ချင်တယ်၊ ဘာနေရာတွေကို ဘာတွေပေးချင်တယ်လို့ ပြောလာမှ ကျွန်တော်တို့က စာရင်းတွေ ကောက်ပြီး ပေးလို့ရမယ်။ ပြီးခဲ့တဲ့ လကတော့ နီပွန်ဖောင်ဒေးရှင်း ထောက်ပံ့မှုနဲ့ ဂျိုက်ကာ ပေးတာတွေပဲ ရှိပါတယ်။ အီးယူကတော့ မသိရသေးဘူး" ဟု ၎င်းက ဆိုသည်။
No comments:
Post a Comment