Wednesday, May 27, 2015

"ဝ" ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် ဘိန်း ရာနှုန်းပြည့် ကင်းစင်မှု အခမ်းအနား ကျင်းပမည်

ယုဝေ

"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဘိန်းစိုက်ပျိုးမှု ၁၀၀ ရာခိုင်နှုန်း ကင်းစင်သည့် အခမ်းအနား အထိမ်းအမှတ်ပွဲကို ဇွန်လ ၂၆ ရက်တွင် ကျင်းပမည်ဟု "ဝ" ပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ UWSA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က မဇ္ဈိမကို ပြောသည်။

"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် မူးယစ်ဆေးဝါး စိုက်ပျိုးမှု ကင်းစင်ရေးလှုပ်ရှားမှု စီမံချက်သည် ၁၀ နှစ်တိုင်ခဲ့ပြီဖြစ်ပြီး ယခုအခါ "ဝ" ပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှု လုံးဝကင်းစင်ခဲ့ပြီ ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ ဒေသမှာဆိုရင် မူးယစ်ဆေးဝါး ပပျောက်မှု လုပ်ငန်းဟာ အောင်မြင်မှုရရှိပြီး ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့တာ ဆယ်နှစ်ပြည့်ပါပြီ။ အင်္ဂလိပ်ခေတ်ကတည်းက "ဝ" ဒေသမှာ ဘိန်းစိုက်ပျိုးခဲ့တာပါ။

အင်္ဂလိပ်တွေ "ဝ" ဒေသကို ဘိန်းယူလာလို့ စိုက်ခဲ့တာပါ။ မူရင်းဒေသမှာ မရှိပါဘူး။ ဘိန်းစိုက်ပျိုးမှုဟာ "ဝ" လူမျိုးတွေရဲ့ အဓိက အသက်မွေးဝမ်းကျောင်း ဖြစ်ခဲ့တာပါ” ဟု ဦးအောင်မြင့်က ပြောသည်။

"ဝ" ဒေသအတွင်း မူးယစ်ဆေးဝါး ကင်းစင်ကြောင်း အခမ်းအနားကို ပြည်တွင်း မီဒီယာများကိုပါ တက်ရောက်ရန် ဖိတ်ကြားသွားမည်ဖြစ်ပြီး ရန်ကုန်အခြေစိုက် ကုလသမဂ္ဂအဖွဲ့ လက်အောက်ရှိ မူးယစ်ဆေးဝါးဆိုင်ရာ အဖွဲ့အစည်းများကလည်း နှစ်စဉ် လာရောက်စစ်ဆေးသည်ဟုလည်း ဆိုသည်။

"ဝ" ဒေသအတွင်း ဘိန်းစိုက်ပျိုးခြင်းဖြင့် "ဝ" တိုင်းရင်းသားများ၏ အသက်မွေးမှုသည့် နှစ်ပေါင်း ၁၂၀ ရှိခဲ့သည်ဟုလည်း ဦးအောင်မြင့်က ပြောသည်။ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၏ မြို့နယ်ပေါင်း ၆ ခုကို တရားဝင်အမည်ဖြင့် ၂၀၁၀ သြဂုတ်လ ၂၀ ရက်တွင် တရားဝင် ကြေညာခဲ့ပြီး ယခင်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ၁၉၈၉ ခုနှစ် မေ ၉ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၆ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး အချက် ၆ ချက်ပါ ပြည်ထောင်စုအဆင့် သဘောတူညီချက်ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၆ က လက်မှတ်ရေးထိုးခဲ့သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းသည် လက်ရှိတွင် ရှမ်းပြည်နယ်၏ အောက်တွင် တည်ရှိသည်။ "ဝ" လူမျိုးများသည် မြန်မာနိုင်ငံနှင့် တရုတ် ယူနန်နယ်စပ်ကြားရှိ တောင်တန်းများတွင် နေထိုင်ကြပြီး ယူနန် နယ်စပ်မှသံလွင်မြစ် အရှေ့ဘက်ကမ်းတိုင်အောင် အနှံ့အပြားနေထိုင်ကြသည်ဟု မြန်မာ့ စွယ်စုံကျမ်းတွင် ဖော်ပြထားသည်။

No comments: