ဟိန်းကိုစိုး
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)မှ ရွေးကောက်ပွဲသို့ ၀င်ရောက်မည့် ကိုယ်စားလှယ်လောင်း ၃၆၆ဦးကို ရွေးချယ်ထားပြီး ၃၀ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်သည်ဟု ပါတီအတွင်းရေးမှူး ၂ ဦးနေမင်းကျော်က မဇ္ဈိမကိုပြောသည်။
"ဦးခင်မောင်ဆွေကတော့ မ၀င်ဘူး၊ ကချင်မှာတော့ ဒေါ်ဘောက်ဂျာဝင်မယ်။ အမျိုးသမီးတွေ ၃၀ရာခိုင်နှုန်းထိပါတယ် အသက်က ၂၅နှစ်ကနေ ၄၅ကြားက အများဆုံးပဲ အခုရွေးထားတာ ကယား၊ ချင်း၊ ရခိုင်က မပါသေးဘူး၊ အရင် နေရာရထားသူတွေ အားလုံးနီးပါး ပြန်ဝင်ကြမယ်" ဟု ၎င်းကဆိုသည်။
NDF ပါတီက ၀င်ရောက်မည့် မဲဆန္ဒနယ်များနှင့် ကိုယ်စားလှယ်လောင်းများကို မေလ ၁၆ရက်နှင့် ၁၇ရက်တွင် ကျင်းပသည့် ပါတီဗဟိုကော်မတီ အစည်းအဝေးက အပြီးသတ်ရွေးချယ်ခဲ့သည်ဟု ဦးနေမင်းကျော်က ပြောသည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)သည် ၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွင် အမတ်နေရာ ၄၀၀ကျော်ထိ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ပါတီ အထွေထွေအတွင်းရေးမှူး ဦးနေမင်းကျော်က မဇ္ဈိမကိုပြောသည်။
NDF က ပြည်သူ့လွှတ်တော် ၁၀၇ နေရာ၊ အမျိုးသားလွှတ်တော် ၅၈နေရာ အပြင် ပြည်နယ်/တိုင်းလွှတ်တော်များတွင် နေရာပေါင်း ၂၅၀ ကျော်ကို ၀င်ရောက်ရန် ပါတီဗဟိုကော်မတီ အစည်းအဝေးက ဆုံးဖြတ်ထားသည်။
၂၀၁၀ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ပြည်သူ့လွှတ်တော် နေရာ ၃၃၀ မှ ၆နေရာနှင့် အမျိုးသားလွှတ်တော် နေရာ ၁၆၈ မှ ၂နေရာထိ အနိုင်ရရှိထားသည်။
"ကျွန်မတို့က နေရာအကုန်လုံးပြိုင်မှာပါ။ ကိုယ်စားလှယ်တွေရွေးတာကိုတော့ ရွေးကောက်ပွဲရက် အတိအကျ သိရမှပဲ ရွေးမယ်၊ အရည်အချင်းသတ်မှတ်ချက်၊ အမျိုးသမီး၊ တိုင်းရင်းသား လူငယ် ဦးစားပေးအဆင့်တွေက ရှိပြီးသားပါပဲ" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် ဒေါ်နန်းခင်ထွေးမြင့်က ပြောသည်။
အာဏာရ ပါတီဖြစ်သည့် ပြည်ခိုင်ဖြိုးကလည်း မဲဆန္ဒနယ် ၁၁၁၂ နေရာတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေပြီး ကိုယ်စားလှယ်လောင်း များကို ဇူလိုင်လအတွင်း ရွေးချယ်အတည်ပြုသွားမည်ဟု ပါတီ ဗဟိုကော်မတီဝင် တစ်ချို့ထံမှ သိရသည်။
၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ပထမအပတ်အတွင်း ကျင်းပသွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။
No comments:
Post a Comment