ခင်ဦးသာ
ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်ရာ လော်ခီးလာ ဒေသ၌ ဇွန်လဆန်းတွင် စတင်ကျင်းပမည့် တိုင်းရင်းသား ခေါင်းဆောင်များ ထိပ်သီး ညီလာခံသို့ “၀” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) မတက်ရောက်ကြောင်း သိရသည်။
လော်ခီးလာ ညီလာခံကို လာမည့် ဇွန်လ ၂ ရက်မှ ၆ ရက်အထိ ကျင်းပမည် ဖြစ်ပြီး တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင်များ သာမက တခြားတိုင်းရင်းသား အဖွဲ့တချို့ပါ တက်ရောက်ကြမည် ဖြစ်ကြောင်း NCCT အဖွဲ့ ဒုခေါင်းဆောင် ပဒိုကွယ် ထူးဝင်းက ဧရာဝတီကို ပြောသည်။
ထိုညီလာခံတွင် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ စာချုပ်(NCA) နှင့် ပတ်သက်ပြီး အဓိက ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။
UWSA ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်က“လော်ခီးလာမှာလုပ်မယ့် အစည်းအဝေးက NCCT ရဲ့ အတွင်းပိုင်းဆိုင်ရာ ကိစ္စတွေကို အဓိက ဆွေးနွေးမယ်လို့ သိရတယ်။ ကျနော်တို့က NCCT အဖွဲ့ဝင်လည်း မဟုတ်တော့ မတက်တော့ဘူးလို့ အကြောင်းပြန်လိုက်ပါတယ်”ဟု ပြောသည်။
UWSA အဖွဲ့သည် NCA ကို ပါဝင် လက်မှတ်ရေးထိုးမည့် အဖွဲ့မဟုတ်ကြောင်း၊ NCA ရေးထိုးပြီးနောက် ပြုလုပ်မည့် နိုင်ငံရေး ဆွေးနွေးပွဲများသို့သာ တက်ရောက်မည် ဖြစ်ကြောင်းလည်း ဦးအောင်မြင့်က ပြောသည်။
“ကျနော်တို့က အပစ်ရပ်ထားတာ ၂၆ နှစ် ရှိပြီလေ၊ အဲဒီကတည်းက တခါမှ တိုက်ပွဲဖြစ်တာ မရှိဘူးတဲ့အတွက် လက်မှတ်လည်း ထိုးစရာ မလိုတော့ဘူးလို့ ပြောထားပါတယ်။ အစိုးရ လူကြီးတွေနဲ့ တွေ့တုန်းကလည်း NCA မထိုးတော့ဘူးလို့ ပြောခဲ့တာ ရှိသလို နောက်လည်း ထပ်ပြောဦးမှာပါ”ဟု ဦးအောင်မြင့်က ဆိုသည်။
NCCT အဖွဲ့ ဒုခေါင်းဆောင် ပဒို ကွယ်ထူးဝင်းက လော်ခီးလာ ညီလာခံသို့ UWSA အဖွဲ့ တက်ရောက်၍ ပါဝင်ဆွေးနွေး စေလိုကြောင်း၊ သို့မှသာ NCA နှင့် ပတ်သက်၍ တိုင်းရင်းသား အားလုံး၏ အကြံပြုချက်များ စုံလင်မည်ဖြစ်ကြောင်း ပြောဆိုသည်။
UWSA အဖွဲ့အား ယခင်က ပြုလုပ်ခဲ့သည့် လော်ခီးလာ အပါအ၀င် တိုင်းရင်းသား ထိပ်သီးညီလာခံများသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့သော်လည်း ၎င်းတို့အဖွဲ့ အနေဖြင့် ငြိမ်းချမ်းရေး လက်မှတ်ထိုးထားပြီး ဖြစ်သည်ဟု ဆိုကာ တက်ရောက်ခြင်း မရှိခဲ့ပေ။
သို့သော် ယခင်ကျင်းပခဲ့သော ထိပ်သီးညီလာခံများအနက် KIO ဌာနချုပ် တည်ရှိရာ လိုင်ဇာတွင် ပြုလုပ်သည့် ဆွေးနွေးပွဲ တခုသို့သာ လေ့လာသူအဖြစ် တကြိမ် တက်ရောက်ခဲ့သည်။
ထို့အပြင် UWSA ဌာနချုပ်တည်ရှိရာ ပန်ဆန်းမြို့တွင် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ ၁၂ ဖွဲ့ ကို ဖိတ်ကြားပြီး ညီလာခံ တခုကို ယခုလဆန်းပိုင်းက ပြုလုပ်ခဲ့သည်။ ထိုညီလာခံသို့ KNU အဖွဲ့ တက်ရောက်ခဲ့သည်။
ညီလာခံအတွင်း“၀” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် တောင်းဆိုခဲ့သည်။ ထိုသို့ တောင်း ဆိုမှုကို ပန်ဆန်း အစည်းအဝေး တက်ရောက်လာကြသည့် လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များက မူအားဖြင့် သဘောတူညီခဲ့ကြ သဖြင့် အစိုးရထံ တင်ပြထားသော်လည်း တုံ့ပြန်မှု တစုံတရာ အကြောင်းပြန်မှု မရှိသေးဟု ဦးအောင်မြင့်က ဆက်ပြောသည်။
UWSA သည် ၁၉၈၉ ခုနှစ်မှ စတင်၍ အစိုးရနှင့် ငြိမ်းချမ်းရေး ရယူခဲ့ပြီး၊ “၀” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ရပ်တည်ခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် “၀” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် ထည့်သွင်း ရေးဆွဲပေးထားပြီး တခုတည်းသော ကိုယ်ပိုင်အုပ်ချုပ်ရ တိုင်းလည်း ဖြစ်သည်။ “၀” ဒေသ၌ လူဦးရေ ၆ သိန်း ၀န်းကျင်ရှိကြောင်း သိရသည်။

No comments:
Post a Comment