မဇ္ဈိမသတင်းဌာန
အစားအသောက်များတွင် ကန့်သတ်ထားသော ဓာတုဆေးများ အသုံးပြုမှုနှင့် ပတ်သက်၍ ကျန်းမာရေး ဝန်ကြီးဌာနက ယခုနှစ်တွင် လက်ဖက် အမျိုးအစားပေါင်း ၁ဝဝ ကျော်ကို အရေးယူ လုပ်ဆောင်လာသော်လည်း ဈေးကွက်သို့ အဆိုပါ လက်ဖက်များ ယခင် အနေ အထားနှင့် ပြန်ရောက်မှာလား စိုးရိမ်စရာကတော့ ရှိနေသေးသည်။
စစ်အစိုးရအနေဖြင့် လက်ဖက်တွင် စားသုံးရန်မသင့်သည့် ဆိုးဆေးပါသည်ဟုဆိုကာ ပိတ်ပင်လိုက်သော်လည်း ပြန်လည်ရောင်းချခွင့်နှင့် အန္တရာယ်ကင်းသော အစားအသောက်အဖြစ် အာမခံ မပေးနိုင်ပါ။
ယင်းအပြင် မီဒီယာလွတ်လပ်ခွင့်ကို ပိတ်ပင်ထားခြင်းကြောင့် ယခုကိစ္စတွင်လည်း ပွင့်လင်းစွာ မေးခွန်းထုတ်နိုင်ခြင်း မရှိဘဲ စစ်အစိုးရ ထုတ်ပြန်သမျှသာ လက်ခံဖော်ပြနေကြရသည်။
တောင်ပေါ်နေ တိုင်းရင်းသားများ၏ စားဝတ်နေရေးကိစ္စ ဖြစ်နေသည့်အပြင် နိုင်ငံ၏ ယဉ်ကျေးမှု ဓလေ့တခု ဖြစ်နေသော်လည်း လက်ဖက်ဈေးကွက် ပြန်လည် ထူမတ်ရန် စစ်အစိုးရတွင် တိကျသော အစီအစဉ် မရှိသည်မှာ ပေါ်လွင်လှသည်။
တနိုင်ငံလုံး လက်ဖက်စိုက် ဧက ၂ သိန်းကျော် ရှိနေပြီး လက်ဖက်နှင့် အသက်မွေး ဝမ်းကျောင်းသူ အများစုမှာ တခြားသီးနှံ စိုက်ပျိုးမရသော လက်ဖက်တခုတည်းသာ စိုက်ပျိုးနိုင်သော တောင်ပေါ်ဒေသ နေသူများဖြစ်သည်။
သတင်းအမှောင်ချ မြန်မာနိုင်ငံ၏ ထုံးစံအတိုင်း ယခုကိစ္စတွင်လည်း ဆုံးရှုံးနစ်နာမှု အတိအကျ မရနိုင်သော်လည်း ဆုံးရှုံးမှုမှာ သေးလှသည်တော့ မဟုတ်။ မလေးရှားနှင့် စင်္ကာပူက မြန်မာ့လက်ဖက် တင်သွင်းရောင်းချခွင့် ပိတ်ပင်လိုက်ပြီး ပြည်တွင်းစားသုံးမှုလည်း လျော့ကျသွားသည်။
လက်ဖက်ဈေးနှုန်းမှာ ရာသီပေါက်ဈေး၏ သုံးပုံတပုံ လျော့ကျသွားပြီး ထွက်သမျှလည်း ရောင်းမကုန်တော့။
အရည်အသွေး စစ်ဆေးသော ကော်မတီမှာ စစ်အစိုးရ၏ လုပ်နည်းလုပ်ဟန်အတိုင်း အကြောင်းကိစ္စ ကြီးငယ်ဟူသမျှကို မည်ကာမတ္တ ကော်မတီမျိုး ဖွဲ့စည်းပေးခြင်းသာ ဖြစ်နေပြီး၊ လွတ်လပ်စွာ လုပ်ဆောင်နိုင်ခွင့်နှင့် ထင်သာမြင်သာရှိမှုတို့ ပျောက်ဆုံးနေဆဲဖြစ်သည်။
အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရန်အတွက် လုံလောက်သော ကျွမ်းကျင်မှုနှင့် လုပ်ပိုင်ခွင့်၊ တာဝန်ယူမှုတွင် လက်တွေ့အားဖြင့် လုပ်ဆောင်နိုင်ခြင်း မရှိပေ။
မြန်မာနိုင်ငံ၏ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနသည် တရက်လျှင် စမ်းသပ်စစ်ဆေးမှု အကြိမ် ၃ဝ သာ လုပ်ဆောင်နိုင်သည့်အတွက် မြန်မာတနိုင်ငံလုံးကို လွှမ်းခြုံစစ်ဆေးနိုင်ရန် မလုံလောက်ဟု ဆိုနိုင်သည်။
အစားအသောက်၊ ဆေးဝါး အချို့ကို မကြာခဏ အန္တရာယ် ဖြစ်စေသော ဓာတုပစ္စည်းများ ထည့်သွင်း ဖော်စပ်မှုကြောင့် ထုတ်လုပ်ရောင်းချခွင့် ပိတ်ပင်သော်လည်း ဈေးကွက်အတွင်း ဆက်လက်ရောင်းချနေမှု ရှိ၊ မရှိကို ကြီးကြပ်မှုကတော့ အားနည်းလှသည်။
သတင်းစာက ကြေညာခြင်းဖြင့် မလုံလောက်။ အစားအသောက်နှင့် တိုင်းရင်းဆေးတို့တွင်မူ လူထုက အလွယ်တကူ သိရှိနိုင်သော်လည်း နိုင်ငံခြားဆေးများတွင်မူ လူအများ သိရှိနိုင်ရန် မလွယ်ကူလှပေ။
ယင်းအပြင် အရည်အသွေး စစ်ဆေးရေး ကော်မတီ၏ ရှေ့နောက်မညီ လုပ်ရပ်များကလည်း ကပျက်ကရယ် ပြုစရာ ဖြစ်နေပြန်သည်။ ယမန်နှစ်က ရန်ကုန်မြို့တွင်း ဖြန့်ဖြူးရောင်းချသည့် ရေသန့် တံဆိပ်အချို့ကို မသန့်ရှင်းသောကြောင့် အများပြည်သူ သောက်သုံးရန် မသင့်ကြောင်း ထုတ်ပြန်ပိတ်ပင်ပြီးကာမှ နောက်တရက်တွင် ပြန်လည်၍ သောက်သုံးနိုင်ပြီဖြစ်ကြောင်း FDA က ပြန်လည် ထုတ်ပြန်ခဲ့ သည်။ မည်သည့် အကြောင်းကြောင့် ဆိုသည်ကိုမူ ယခုထက်တိုင် တိုင်းပြည်က သိရှိရသည် မဟုတ်။
အမှန်တကယ် လူထုအတွက် စိတ်ချရသော အစားအသောက် ဘေးကင်းမှုကို ဦးတည်သည် ဆိုပါကမူ အသိပေးရုံဖြင့်တော့ လုံလောက် သည် မဟုတ်ပါ။ ပြစ်မှုရင်းမြစ်ကို ဖော်ထုတ်ခြင်း၊ ထိရောက်သော အပြစ်ဒဏ်၊ အစားအသောက် ထုတ်လုပ်သူတို့အတွက် လုံလောက် သော နည်းပညာကို ပေးနိုင်မှသာ အကောင်အထည် ပေါ်လာမည် ဖြစ်သည်။
No comments:
Post a Comment