Sunday, April 12, 2009

ပိတောက်ချစ်သူ တယောက်အကြောင်း

ငြိမ်းဝေ

ညက မိုးတပြိုက်နှစ်ပြိုက် ရွာသည်။ သက်ငယ် အမိုးပေါ် ကျလာသည့် မိုးပေါက်သံများကို နားစွင့်ရင်း ကိုရင်မောင် အိပ်မပျော်နိုင်ခဲ့။ စိတ်လှုပ်ရှား နေခဲ့မိ၏။ သည်အတိုင်း ဆိုလျင်တော့ မနက်ဖြန် မနက်ဆိုလျင် ဇေယျဝတီ မြို့ကလေးတမြို့လုံး ပိတောက်ပန်းတွေနှင့် ထိန်ထိန်ဝါ နေတော့မည်။ ဇေယျဝတီ ဈေးကလေး တ၀ိုက်တွင် ပိတောက်ရနံ့များ တလှိုင်လှိုင် ဖြစ်နေလိမ့်မည်။

မနက်မိုးမလင်းခင် အိပ်ယာထရန် စိတ်ကူးသည်။ သည်ကနေ့ မနက်တော့ မဒေဝီထက် အရင်ဦးစွာ အိပ်ယာက ထမည်။ ပန်းစည်းများ ကိုဖြေကာ ခုံတန်းများပေါ် တင်မည်။ ရေဇလုံများကို ရေဖြည့်မည်။

ညနေကတည်းက ရွေးချယ် ဖယ်ထားသည့် ပန်းခပ်ညံ့ညံ့များကို နေရာသပ်သပ် ခွဲမည်။ ဆိုင်ခင်းသည့် အလုပ်ဟူသမျှ သူတယောက် တည်း ဒိုင်ခံပြီးလုပ်မည်။ မဒေ၀ီ အိပ်ယာကထလျင် ရေချိုးရုံ၊ သနပ်ခါးလိမ်းရုံ၊ ပန်းဆိုင်လေးကို သည့်ထက်ပိုပြီး သေသပ်အောင် ပြင် ဆင်ရုံကလွဲပြီး ဘာတခုမျှ ထပ်ပြီးလုပ်ဖို့ မလိုလောက်အောင် အလုပ်ဟူသမျှ ကိုရင်မောင် တယောက်တည်း လုပ်မည်။


ဆိုင်ခင်းဖို့ စိတ်ကူးရင်း သကြားစက် ၀န်းကြီးအတွင်းက ပိတောက်ပင်တန်းဆီ စိတ်ကရောက်ရ ပြန်သည်။ တလမ်းလုံး ပိတောက်ပန်းတွေနှင့် ၀ါဝင်းလှပနေဦးမည့် လမ်းကလေးကို မျက်စိထဲ မြင်လာရ၏။ ထိုအခါ မဒေ၀ီနှင့် အိမ်ထောင်ကျစက သည်ပိတောက်ပင်တန်း လမ်းပေါ် သူနှင့်မဒေ၀ီတို့ အော်ဟစ်မြူးထူး ခဲ့ကြသည်ကို သတိရ လာရပြန်သည်။ အိမ်ထောင်ကျစက သူနှင့် မဒေ၀ီတို့သည် ပိတောက်ပင် လမ်းကလေးကို တညလုံး မအိပ်ဘဲ စောင့်ကြည့် နေခဲ့ကြဖူးသည်။ ညဥ့်ဦးပိုင်းက မိုးရွာသွားခဲ့သဖြင့် မနက်ပိုင်းတွင် ပိတောက်တွေ မလွဲ မသွေပွင့်တော့မည်ကို သူတို့နှစ်ဦးစလုံး သိသည်။

ထို့ကြောင့် ပိတောက်တွေ ပွင့်လာသည့် မြင်ကွင်းကို စောင့်ကြည့်ရန် တိုင်ပင်ဆုံးဖြတ် ခဲ့ကြ၏။ ည (၁) နာရီတွင် ကိုရင်မောင်နှင့် မဒေ၀ီတို့နှစ်ဦး၊ ပိတောက်လမ်း ကလေးထဲ ရောက်လာခဲ့ကြ၏။ တရပ်ကွက်လုံး အိပ်မောကျနေပြီ။ လမ်းပေါ်တွင် သူတို့နှစ်ဦး၏ ဖိနပ်သံကိုပင် အတိုင်းသား ကြားနေရ၏။

မာကျူရီမီးသီးများ ထိန်ထိန်ညီးအောင် ထွန်းထားသည့်လမ်း ဖြစ်သဖြင့် ပိတောက်ကိုင်းများကို ထင်ထင် ရှားရှား တွေ့နေရ၏။ သူတို့နှစ်ယောက် ပိတောက်ပင်များ အောက်တွင် လမ်းလျှောက်သည်။

လမ်းဘေးခုံပေါ်တွင် ထိုင်သည်။ မျက်လုံးများက ပိတောက်ကိုင်းများဆီ မလွတ်တမ်း ကြည့်နေခဲ့ကြ၏။ အချိန်တွေ ကုန်သွားခဲ့ပြီ။ မနက် (၄) နာရီကျော်လာခဲ့ပြီ။ ထိုစဉ်မှာပင် ပိတောက်ကိုင်း တခုဆီက အဖြူရောင် လိုလို၊ အ၀ါရောင်လိုလို ထူးခြားသည့် အရောင်တချို့ကို လှမ်းတွေ့လိုက်ကြရ၏။ ပိတောက်ကိုင်း တခုကို စိတ်အား ထက်သန်စွာ စိုက်ကြည့်နေစဉ် တခြားသစ်ကိုင်း တခု။ နောက်ထပ် အ၀ါအဆုပ်အခဲများ...။

“ဟော... ပွင့်လာပြီ၊ ပွင့်လာပြီဟေ့၊ ဟော... ဟိုမှာ... ဟိုမှာ၊ ပွင့်လာနေပြီ၊ ပိတောက်တွေ ပွင့်လာနေ ပြီ... ဟေး...” ကိုရင်မောင်တို့ လင်မယား နှစ်ယောက် စိတ်လွတ် ကိုယ်လွတ် ခုန်ပေါက် ပြေးလွှား အော်ဟစ်လိုက်သည့် အသံများကြောင့် အိမ်တချို့မှာ မီးများလင်းလာခဲ့ရ၏။ ပြတင်းပေါက် တချို့ပွင့်လာ၏။

အိပ်ယာထဲ လဲလျောင်းရင်း ကိုရင်မောင်၏ စိတ်တွေ လှုပ်ရှားနေ၏။ မနက်ဖြန်မနက်တွင် ပိတောက်တွေပွင့် မည့်အရေးတွေးမိပြီး စိတ်လှုပ်ရှား နေခဲ့၏။ မဒေ၀ီ၏ ပန်းဆိုင်လေးကို အလျင်စလိုဖွင့်ပေး ပြီးလျင်တော့ ပိတောက်ပင်တန်းကလေးဆီ သူသွားမည်။ ပိတောက်ပွင့်သည့်မြင်ကွင်းကို တခုတ်တရ စောင်ကြည့်ခဲ့ကြ သည့်အိမ်ထောင်ကျစ ညတညကို ပြန်တွေးနေခဲ့မိ၏။ ပိတောက်ပန်းနှင့်ပတ်သက်ပြီး ရင်ခုန်ခဲ့ကြသည့် ရှေး စာဆိုများ၏ ပိတောက်ပန်းဘွဲ့ ကဗျာများစာများကိုစဉ်းစားသည်။ တနှစ်မှတခါ၊ တလမှာမှတရက်တည်းသာ ပွင့်သည့်တကယ့်ကို ထူးခြားလေးနက်သည့်ပန်း။ ဂန္တ၀င်မြောက်ပန်း။ ပိတောက်ပန်း...။

အိပ်ယာထဲ လဲလျောင်းရင်းအိပ်မပျော်နိုင်သူ ကိုရင်မောင်တယောက်၊ သူ့ဘေးတွင် ခြေပစ်လက်ပစ် အိပ်ပျော် နေသည့် မဒေ၀ီကို သတိပြုမိသွားသည်။ အိပ်မပျော်လို့ ဟိုဘက်သည်ဘက်လှည့်နေခဲ့သည့် သူ့ကိုယ်သူ အပြစ် တင်လိုက်မိပြန်သည်။ တဂျိုးဂျိုးတဂျွတ်ဂျွတ် မြည်နေသည့်ကြောအောက်က၀ါးကြမ်းခင်း အသံများ ကြောင့် မဒေ၀ီအိပ်ယာက နိုးလာလျင်ဒုက္ခ။ သူ့ခမျာ မနက်ဖြန်ဈေးရောင်းရဦးမည်။ ဗိုက်ထဲတွင် (၇)လ မျှ လွယ်ထားရသည့်ကိုယ်ဝန်မပေါ့မပါးကြီးနှင့် ပန်းရောင်းရဦးမည်။ သူ့ကြောင့် မဒေ၀ီတယောက် အိပ်ရေး မပျက် စေချင်။ ထို့ကြောင့် သူ့စိတ်ကိုထိန်းကာ၊ ပိတောက်ပန်းစိတ်ကူးကို ရပ်နိုင်အောင် ကြိုးစားရ၏။ အိပ်ပျော်နိုင်အောင် မျက်လုံးများကို ပိတ်လိုက်ရ၏။

ကိုရင်မောင်၏ ဘေးတွင် အိပ်ပျော်နေသည့် မဒေ၀ီကမူတုတ်တုတ်မျှမလှုပ်...။ တလကိုးသီတင်း တရေးမျှ မအိပ်စက်ခဲ့သည့် အိပ်ရေးပျက်သူ လူတယောက်လို လောကကြီးတခုလုံးကိုမေ့ကာ နှစ်နှစ်ချိုက်ချိုက်ကြီး အိပ်ပျော်နေလေတော့၏။


* * * *


“တပေါင်းတန်ခူး နှစ်လတို့သည် ၀သန္တဥတုမည်၏။ လေသည်စဉ်းငယ်ပူ၏။ ကောင်းကင်ကြည်လင်၏။ အရွက်နုတို့ဖြင့် သစ်ပင်တို့သည် တင့်တယ်ကုန်၏။ ပေါက်၊ ချယား၊ သော်က၊ သရဖီ အစရှိသောပန်းတို့သည် ပွင့်ကုန်၏။ ဥသြငှက်များ ပိတုန်းတို့ဖြင့်ပြွမ်းကုန်၏။ တောင်လေလာ၏” (ဥတုဘောဇနသင်္ဂဟကျမ်း)

ယောမြို့စားအတွင်းဝန် ဦးဘိုးလှိုင်ကို ကိုရင်မောင်မကျေနပ်။ ဦးဘိုးလှိုင်၏ ကျော်ကြားလှသည့် ‘ဥတုဘောဇန သင်္ဂဟကျမ်း’ တွင် ‘ပိတောက်ပန်း’ကို ဘာ့ကြောင့် ‘အစရှိသောပန်းတို့သည်ပွင့်ကုန်၏’ ဟူသော သာမန် ပန်းအမျိုးအစားထဲတွင်သာထည့်ပြီးရေးခဲ့သနည်း။ ဘာ့ကြောင့် သော်က၊ သရဖီ၊ ပေါက် နှင့် ချယားပန်းတို့လို ‘ပိတောက်’ ဟူ၍အမည်တပ်အထူးပြုပြီး မရေးခဲ့သနည်း။

‘ ပိတောက်ပန်း’ ဆိုသည်က မလွဲမသွေစာဖွဲ့ရမည့် ဂန္တ၀င်ပန်း။ သာမန်ပန်းအမျိုးအစားများနှင့် လုံးဝနှိုင်းယှဉ် လို့ မရနိုင်အောင် ထူးခြားလှပမွှေးမြသည့် မဟာတော်ဝင်ပန်း။ သည်လိုပန်းမျိုးကိုမှ ယောမြို့စားဦးဘိုးလှိုင် တယောက်သူ့ကျမ်းထဲထည့်ပြီး ရေးဖို့ရာမေ့လျော့ခဲ့၏။ ထို့ကြောင့်ဦးဘိုးလှိုင်ကို ကိုရင်မောင်မကျေနပ်။

‘ပိတောက်ပန်း’ကို စာဖွဲ့ခဲ့ကြသည့်စာဆိုတချို့ကို ကိုရင်မောင်စဉ်းစားသည်။ ဥပမာ‘ရတုဘုရင် နတ်သျှင် နောင်’ က သူ၏ “ ပေါ်နွေလလျှင်” ချီရတုတွင် ‘မျှော်ချေကလျှင်၊ ကာလတလျှောက်၊ ပိတောက်လျှံကဲ၊ ရွှေရည်စွဲက”ဆိုပြီး ပိတောက်ပန်းရဲ့ အရောင်အဆင်းကို ရွှေရည်နှင့် နှိုင်းယှဉ်ပြီးမှ ဂုဏ်တင်ဖွဲ့ဆိုခဲ့၏။

တဖန် အဂ္ဂမဟာပဏ္ဏိတ ‘ဦးဖြေ’ ကသူ့ရဲ့ နွေရာသီဘွဲ့ လေးချိုးထဲမှာ“ထုံလျံလျံငယ်၊ ရွှေမလ္လာဥ၊ ညှာစုရုနှင့် ကိုက်နုစီစီ၊ ဖူးတံချီလို့ ၊ ရွှေဖီလဲပေါက် ၊ လေအသောက်မှာ ၊ ပိတောက်ကယ်ပျံ့အေး၊ ဇလပ်ကယ်မွှေးလို့” ဆိုပြီးဖွဲ့ခဲ့၏။ တဖန်ကွမ်းရေတော်ကိုင် ‘ဦးယာ’ကလည်း သူ့ရဲ့တပေါင်းလဘွဲ့ လူးတား’ မှာ ‘မွေ့မွေ့သာယာ၊ သည်အခါ၌ ၊ ရိုးညှာမြနု၊ ၀တ်မှုန်စု၍ ၊ ရွှေဥရောင်သွေး ၊ ပျံ့မွှေးစီစီ၊ သရဖီနှင့် သိင်္ဂီမြညှောက်၊ ပန်းပိတောက် တို့၊ ဖြိုးမောက်ရွှင်လန်း၊ ထူးဆန်းလှတင့်” ဆိုပြီးဖွဲ့ခဲ့၏။

သည်လိုနှင့် ခေတ်စမ်းခေတ်ရောက်လာခဲ့သည်။ ခေတ်စမ်းစာဆို ဆရာဇော်ဂျီကလည်း“ခူးပါနဲ့ကွယ်၊ ပွင့်ဖူး မှာ အ၀ါခြယ်၍၊ မာလာအလယ်မှာ နွှဲချင်တဲ့နှလုံးရယ်ကြောင့်၊ နှစ်ဆုံးကုန်အတာဝင်သို့၊ မာန်အင်ကို ဉာဏ် ဆင် မွေးကာပါ့၊ အရေးအခါသာမှ၊ ခမျာမှာ တပုဒ်ဆန်းရတယ်၊ ပန်းပိတောက်များ…” ဟူ၍ ပိတောက်ပန်းဘွဲ့ ကဗျာကို အသွင်ကောအနှစ်ပါပြောင်းပြီးဖွဲ့ခဲ့၏။ ထို့နောက် မျက်မှောက်ခေတ် ပြိုင်ရောက်ပြန်သည်။

ခေတ်ပြိုင် ကဗျာဆရာများကော…။ ပိတောက်ပန်းကို ကဗျာဖွဲ့ဖို့မလစ်ဟင်းခဲ့ကြ။ ဥပမာ ကဗျာဆရာ အောင်နိုင်သူ(ကွယ်လွန်)က သူ့ရဲ့ ‘ အလွမ်းပိတောက်’ ကဗျာထဲမှာ ‘တန်ခူးနွေ လေရူးချွေပါလှည့်၊ ကြွေမှာ မကြောက်၊ ပိတောက်ရဲ့အတ္ထုပ္ပတ္တိ’ ဆိုပြီးရေး၏။

ကိုရင်မောင် စားပွဲဘေးထိုင်ရာက ထရပ်လိုက်သည်။ စားပွဲဝိုင်းတွင် ထိုင်နေကြသူအားလုံးက ကိုရင်မောင် ကို မော့ကြည့်နေကြ၏။ ကိုရင်မောင် ‘ ပိတောက်ပန်း’ ကို ဖွဲ့သည့်စာရွက်ဖိုင်ကြီး ရင်ခွင်တွင်ပိုက်ကာ ထရပ် လိုက်၏။ တမနက်ခင်းလုံး လမ်းထိပ်လက်ဖက်ရည်ဆိုင်တွင်ထိုင်ကာ ‘ပိတောက်ပန်း’ဘွဲ့ ကဗျာများကို မမော နိုင် မပမ်းနိုင်ဖတ်၏။ ပြော၏။ သူနှင့် ၀ါသနာတူ စာချစ်သူ၊ စာရေးသူ အားလုံးကလည်း ကိုရင်မောင်ရဲ့ ပိတောက်ပန်း ဂုဏ်မြှင့်တင်ရေး စားပွဲဝိုင်းတွင် မမောနိုင် မပမ်းနိုင်ဝင်ပြောကြ၊ ဆွေးနွေးကြ၊ သုံးသပ်ကြ၊ ထောက်ခံကြ။

မနက်(၁၁)နာရီထိုးတော့ ကိုရင်မောင်ထိုင်ရာကထသည်။ စားပွဲဝိုင်းမှထရပ်သည်။ သူ့အဖို့ မဒေ၀ီနှင့် အတူ ဆိုင်သိမ်းရဦးမည်။ ဇေယျဝတီ ဈေးကလေးမှာ မနက်(၁၀)နာရီခန့် ရှိလျှင်ပင် ဈေးကွဲ၏။ ယခုအချိန်လောက် ဆိုလျင်… သူ့ကို မဒေ၀ီက မျှော်နေရော့မည်။ ကိုရင်မောင်သူငယ်ချင်းများကို အားတုံ့အားနာနှင့် တောင်းပန် သည်။ “ပိတောက်ပန်းဘွဲ့ဖိုင်” ကို သိမ်းသည်။ ဈေးဘက်ကိုခြေဦးလှည့်သည်။


* * * *


ပန်းဆိုင်ကလေးဝိုင်းကူသိမ်းပြီးသောအခါ ကိုရင်မောင်နှင့်မဒေ၀ီတို့အိမ်ပြန်လာခဲ့ကြ၏။ ဈေးနှင့် အိမ်မှာ တလမ်းတည်းတွင်ရှိသဖြင့် (၁၀)မိနစ်အတွင်းအိမ်ကိုပြန်ရောက်လာနိုင်ကြ၏။ ကိုရင်မောင်က ယောက်က္ခမ အိမ်အောက်ထပ်က အိမ်ခန်းတံခါးသော့ကိုဖွင့်သည်။ အခန်းထဲကိုဝင်သည်။ လက်ထဲကပိတောက်ပန်းဘွဲ့ ကဗျာဖိုင်ကို တယုတယ၊ ထမင်းစားပွဲခုံပေါ်တင်သည်။

‘ကိုရင်မောင် ကျမပေးထားတဲ့ကဗျာလေး ဖတ်လိုက်ဦးနော်၊ ပိတောက်ပန်းကို ဖွဲ့တဲ့ကဗျာမို့လို့ ကျမပေးဖတ် တာပါ။ ကျမ လမ်းထိပ်က စက်ဆိုင်ခဏသွားလိုက်ဦးမယ်၊ ပြန်လာတော့ အဲဒီကဗျာလေးအပေါ် ကိုရင်မောင့် သဘောထား ကျမကိုပြန်ပြောပြပေါ့၊ ကျမကတော့ အရမ်းကို သဘောကျလို့ ကိုရင်မောင်ကိုပေးဖတ်တာ၊ အခုပဲ ကျမပြန်လာမယ်နော်၊ ဖတ်ထားနှင့်နော်”ကိုရင်မောင် ပီတိဖြစ်ရပြန်သည်။

ဆိုင်သိမ်းနေတုန်းက၊ မဒေ၀ီက ကိုရင်မောင့်လက်ထဲ စာရွက်တရွက်ပေးခဲ့၏။ အိမ်ကျမှ ဖတ်ကြည့်ဟုဆိုပြီး ပေးထားခဲ့ခြင်းဖြစ်၏။ ကိုရင်မောင်က ၀မ်းသာအားရ ဆိုင်ကူသိမ်း၏။ ဆိုင်မြန်မြန်သိမ်း၊ အိမ်မြန်မြန်ရောက် ပါစေဟု ကိုရင်မောင်စိတ်စောနေမိ၏။ မဒေ၀ီကိုလည်း ကျေနပ်ဂုဏ်ယူနေမိ၏။ မိမိ၏ကြင်ဖော်ကြင်ဖက်က မိမိ၏၀ါသနာအထုံကို အခုလို တလေးတစား၊ အမှတ်တရ အသိအမှတ်ပြုသည့်အတွက် ကိုရင်မောင် ပီတိ ဖြစ်လို့မဆုံးတော့။

မဒေ၀ီ အိမ်အပြင်ဘက်ထွက်သွားတော့၊ စားပွဲခုံလေးဘေးတွင် ကိုရင်မောင်ထိုင်သည်။ ဖိုင်ထဲက ကဗျာစာရွက် ကိုထုတ်သည်။ ကဗျာစာရွက်ထိပ်ပေါ်တွင် “ပိတောက်ပန်းချစ်သူ… ချစ်သူသို့” ဆိုတဲ့ စာကြောင်းလေးရေးထားပြီး မဒေ၀ီ၏ လက်မှတ်နှင့်နေ့စွဲလေးကိုတွေ့ရ၏။ ထို့နောက် ကိုရင်မောင် ကဗျာကိုဖတ်လေသည်။

မိန်းမသား ပိတောက်

ဘယ်အချိန်ရောက်ရောက်
ပိတောက်အသံကြားရုံနဲ့
လှပ်ခနဲ ဖြစ်ရလောက်အောင်
ဘယ်တုံးကတည်းက ပန်းခြောက်တွေ
ရှင့်ဦးနှောက်ထဲ ၀င်ခွေနေတာလဲ…

စိတ်ကိုက
နွေရောက်ရင် လေလေလွင့်လွင့်
အလကားနေပွင့်တဲ့ပန်းကိုပဲ
ဘယ်လိုအလွမ်းက တိုက်စားနေတာလဲ…

ရွက်ကြွေလို ကြွပ်ဆတ်ဆတ်ဘဝ
ဖိလိုက်ရင် ကြေမွသွားနိုင်တဲ့အနာဂတ်
အများနည်းတူ စားဝတ်နေမှု ပြဿနာ
ဂလိုဘယ်ရွာထဲက ဒီခေါင်မိုးအောက်မှာ
ပိတောက်နာကျနေရုံနဲ့ ပြီးမလား…

ရှင့်စိတ်ကူးယဉ် ရင်ခုန်သံကို
ကျမ သရုပ်မှန် ဖြတ်သန်းမှုက
ပန်းရောင်းရင်း သက်သေပြလိုက်ပြီ…

ချစ်တိုးနွယ်
(၂၀၀၇ ခု နှစ် ၊ ဧပြီ၊ မဟေသီမဂ္ဂဇင်း)

ကိုရင်မောင်… ကဗျာကိုဆုံးအောင်ဖတ်လိုက်၏။ သို့သော် သူ့ရင်ထဲကရင်ခုန်သံများမှာ ရထားတစင်းလို ခုတ်မောင်းနေဆဲ။ အိမ်ပေါက်ဝတွင်ရပ်သည်။ မဒေ၀ီပြန်လာပြီလားဟုလှမ်းကြည့်သည်။ လမ်းပေါ်ကလူ တယောက်လျှောက်လာနေသည့် ခြေသံကိုကြားရသည်။ ခြေသံမှာ အိမ်ပေါက်ဝနှင့် နီးသထက်နီးလာနေပြီ။ ကိုရင်မောင် အိမ်ထဲပြန်ဝင်ရကောင်းနိုးနိုး၊ အိမ်ပေါက်ဝတွင် သည်အတိုင်းရပ်နေရလျင် ကောင်းနိုးနိုးနှင့် မဝေခွဲတတ်အောင်ဖြစ်နေ၏။ ကိုရင်မောင့်ရင်ထဲက ရန်ခုန်သံရထားခုတ်သံကြီးကမူ ကိုရင်မောင့် တကိုယ် လုံးကို နင်းချသွားနေလေ၏။ ။

No comments: