Wednesday, April 15, 2009

သင်္ကြန် နဂ္ဂတစ် ပုံရိပ်များရဲ့ ဟိုမှာဘက်

ငြိမ်းချမ်းငြိမ်း

သပြေခက်နဲ့ ရေပက်လောင်းကြတဲ့ သင်္ကြန် မဟုတ်တော့တာ ကြာပြီဖြစ်ပေမယ့် သင်္ကြန်ဟာ သူ့ရဲ့ နဂို သဘာဝကနေ ခွဲထွက်လာခဲ့တာ အတော်ကြာပြီ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က သင်္ကြန်ကို ကြုံခဲ့သူတယောက်သာ အခု သင်္ကြန်ကို ပြန်ကြုံဖြစ်ခဲ့တယ်ဆိုရင် ဘယ်လိုမှ မမှတ်မိနိုင်လောက်အောင် အပြောင်းအလဲ မြန်လှတဲ့ ရန်ကုန်သင်္ကြန်ကို တွေ့ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ တခြားနေရာ တွေမှာတော့ သင်္ကြန်ဟာ ရန်ကုန်လောက် အပြောင်းအလဲ မရှိလှတာကို တွေ့ရမှာပါ။

ရန်ကုန်မြို့ အင်းလျားလမ်းကို သင်္ကြန်ကာလ အတွင်းသာ ရောက်ရှိသွားမယ်ဆိုရင် တခြား ဂြိုဟ်ကမ္ဘာတခုကို ရောက်ရှိသွားတယ်လို့ ထင်ရလောက်အောင်ကို ဆန်းပြားမှုတွေကို တသီကြီး တွေ့မှာပါ။

အင်းလျားလမ်းထဲကို စဝင်လိုက်တယ် ဆိုကတည်းက ကားတန်းရှည်ကြီးနောက်မှာ တအိအိနဲ့ ရွေ့နေရပြီး ဟိုဘက် ပြည်လမ်းကို ရောက်ဖို့ တမနက်ကုန် သွားရတယ်။ ဒါတောင် အသွားအပြန် နှစ်ဖက်ရှိတဲ့ ယာဉ်ကြောဟာ သင်္ကြန်ကာလအတွင်းမှာ တဖက်ထဲသာ ရှိတော့တာ မို့လို့ပါ။

လမ်းရဲ့တဖက် အင်လျားကန်ဘက်ခြမ်းမှာတော့ မဏ္ဍပ်တွေ အစီအရီ။ အဲဒီ မဏ္ဍပ်တွေ ပေါ်မှာတော့ ဘီယာဗူးတွေကို ကိုင်ပြီး ကခုန်နေသူတွေ။ အဲဒီသူတွေက လွှင့်ပစ်လိုက်တဲ့ အရက်ပုလင်းခွံ၊ ဘီယာဗူးခွံတွေကို ရေစီးထဲ မျောပါမသွားရအောင် ကားကြိုကားကြားထဲကနေ လိုက်ကောက်နေတဲ့ ကလေးတွေရဲ့ ဘဝကတော့ မဏ္ဍပ်ပေါ်က လူတွေရဲ့ ဘဝနဲ့ ပြောင်းပြန်ပေါ့။

ဆာလာအိတ်ကြီးကို ကျောမှာ ပိုးပြီး ဘီယာဗူးခွံတွေ၊ အရက်ပုလင်းခွံတွေကို လိုက်ကောက်နေတဲ့ ကလေးငယ် တယောက်ကတော့ “သားသူငယ်ချင်း ဟိုမဏ္ဍပ်အောက်မှာ ဘီယာဗူးခွံ လိုက်ကောက်တာ ရဲက ဖမ်းသွားတယ်။ ဒီမဏ္ဍပ်နားကို မလာရဘူးတဲ့။ လာကောက်ရင် မင်းတို့ကို အင်းစိန် ပို့ပစ်လိုက်လို့ ရတယ်လို့ ပြောတယ်” လို့ ပြောပါတယ်။ အဲဒီ ကလေးငယ်လေးက VIP မဏ္ဍပ်လို့ ခေါ်တဲ့ လူကြီးသားသမီးတွေ ပက်တဲ့ မဏ္ဍပ်နားမှာ ဘီယာဗူးခွံတွေ၊ ပုလင်းခွံတွေ အများကြီး ရှိပေမယ့် လိုက်ကောက်လို့ မရတဲ့အကြောင်း ကျနော့်ကို ညည်းတွားပြီး ပြောပါတယ်။

အင်းလျားလမ်းတဝိုက်မှာ ခုံကလေးတွေ ချပြီး သင်္ကြန်ကာလအတွင်း ဘီယာ၊ အရက်နဲ့ အမြည်းစားလို့ရတဲ့ ဆတ်သားခြောက် ရောင်းတဲ့ ဆိုင်တဆိုင်ကို ရောက်တော့ မြန်မာဘီယာတလုံးကို ပေါက်ဈေးထက် သုံးဆလောက် တင်ထားတာကို တွေ့ရတယ်။ “ကျမတို့က ရဲကို လိုင်းကြေး တနေ့ တသောင်းနဲ့ ဂရန်း နှစ်ပုလင်း ပေးရတယ်။ မပေးတဲ့ ဆိုင်တွေဆို စီမံချက်နဲ့ ဖမ်းပြီး ကမာရွတ် အချုပ်ထဲ ထည့်ထားတာ အကို သွားကြည့်ပါလား။ အချုပ်ခန်းတောင် ပြည့်နေလို့” လို့ ဆိုသဖြင့် ကျနော်လည်း မြန်မာဘီယာတပုလင်းကို ရေစိုနေတဲ့ တထောင်တန် သုံးရွက် ထုတ်ပေးပြီး အမြန်လစ်လာခဲ့ရတယ်။

မတော်လို့ ရောင်းသူရော၊ ဝယ်သူပါ ဖမ်းနေမှ မခက်ချေဘူးလား။

မဏ္ဍပ်ပေါ် ကျနော် ပြန်တက်သွားတော့ သူငယ်ချင်းက နေ့လယ် ဘယ်မှာ နားမလဲလို့ မေးတော့ “ဒီနေ့ ကန်ဘောင်ဘက် မသွားတော့ဘူး။ မဏ္ဍပ်မှာပဲ နားတော့မယ်” ဆိုတဲ့ အဖြေကို သူက “အော် - မင်းက ဘေ့(စ်)မန့်က အခန်းတောင် ယူထားလိုက်ပြီကိုး။ တယ်ပိုင်တာပဲ” လို့ ပြောလာတယ်။ သူ့စကားကို ကျနော် မရှင်းသဖြင့် ပြန်မေးရာ သူက ''အော် - မင်းကလည်း ဘာမှ မသိသလို အထာလေးနဲ့ပေါ့” လို့ ပြန်ပြောပါတယ်။

ကျနော်က သူ ပြောနေတဲ့ စကားတွေကို တကယ် မသိသဖြင့် နောက်မှ တကယ်မသိကြောင်း ပြောပြီး၊ မေးကြည့်ရာ သူ ပြောပြတဲ့ ဘေ့(စ်)မန့် ဆိုတာက ရေပက်စင် မဏ္ဍပ်အောက်ဘက်ရှိ အခန်းတွေကို ခေါ်ကြောင်း သိလိုက်ရတယ်။ မဏ္ဍပ်သေးတွေမှာ အဲဒီ ဘေ့(စ်)မန့် မပါဝင်ပေမယ့် မဏ္ဍပ်ကြီးတွေနဲ့ ဗီအိုင်ပီ မဏ္ဍပ်တိုင်း လိုလိုတွင် အဲဒီ ဘေ့(စ်)မန့်ဆိုတဲ့ အခန်းတွေ ပါဝင်တယ်လို့ သိလိုက်ရတယ်။

မနက်ခင်း မဏ္ဍပ်ပေါ်မှာ ကောင်မလေး တယောက်ယောက်နဲ့ အဆင်ပြေသွားခဲ့ရင် ခဏတဖြုတ် အဲဒီမှာ ကွန်းခိုလို့ ရတယ်လေ။ တခါတလေကျတော့ အဲဒီ အခန်းတွေဟာ ခဏတာအတွက် လက်မှတ် တစောင်ရဲ့ တနေ့တာကြေးလောက် ပေးရတာ ရှိသလို၊ တချို့ကျတော့လည်း မဏ္ဍပ်ရှင်ရဲ့ စပယ်ရှယ် ဂတ်(စ) - အထူးဧည့်သည်တွေ အတွက်သာလို့ ဆိုပါတယ်။ တချို့မဏ္ဍပ်က ဒီလို အခန်းတွေကျတော့ အဲယားကွန်းတောင် တပ်ပေးထားကြောင်း ကျနော့်သူငယ်ချင်းက ပြောပါတယ်။

နောက်မှ သိလိုက်ရတာကတော့ ဒီအခန်းတွေမှာ နားကြသူတွေဟာ အတီး၊ ကြယ်သီးလို့ အမည်ဝှက်နဲ့ ခေါ်ဆိုကြတဲ့ စိတ်ကြွဆေးဝါးတွေကို ဖြန့်ဖြူးပေးတဲ့ နေရာတခု ဖြစ်မှန်းလည်း သိလိုက်ရတယ်။

အခုလို သင်္ကြန်ကာလအတွင်းမှာ ငွေကို ရေလိုသုံးပြီး ပျော်ပါးနိုင်သူတွေ ရှိပေမယ့် အဲဒီ ပုံရိပ်တွေရဲ့ ဟိုမှာဘက်မှာတော့ သင်္ကြန်ကာလအတွင်း သတ်မှတ်နှုန်းထက် မြှင့်တင်ထားတဲ့ လိုင်းကားဈေးတွေကြောင့် ဒဂုံမြို့သစ်မှာနေတဲ့ မိခင်တယောက်က “ကလေးတွေကို မြို့ထဲက မဏ္ဍပ်တွေ လိုက်ပြချင်တယ်လေ။ ဒါပေမဲ့ ကားခက ဘယ်စီးစီး တယောက် ၅ဝဝ ဆိုတော့ ဘယ်လိုလုပ် သွားနိုင်တော့မလဲ” လို့ သူ့ရဲ့ ညည်းတွားသံ နောက်မှာ ကျနော် တွေးမိတာက ၁ဝ ပေ ပတ်လည်လောက်သာ ကျယ်ဝန်းတဲ့ အခန်းကျဉ်းလေးတွေထဲ သံတိုင်တွေရဲ့ နောက်ကွယ်မှာ သင်္ကြန်ဆိုတာ ဘာမှန်းမသိ ပျော်စရာ ဆိုတာလည်း နတ္ထိနဲ့ နှစ်ဟောင်းတွေကို ကုန်ဆုံးနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုပါ။

မြန်မာနိုင်ငံရဲ့ သင်္ကြန်ဆိုတာ တချို့တချို့အတွက်သာ ပျော်စရာ ကောင်းပြီး၊ တချို့တချို့အတွက်တော့ ပျော်စရာထက် နာကြည်းစရာကောင်းတဲ့ သင်္ကြန်ဖြစ်မှန်းမသိ ဖြစ်ဖြစ်နေခဲ့တာ ကြာပါပြီ။

မြန်မာပြည်သူ ပြည်သားအားလုံး နှစ်သစ် မင်္ဂလာမှာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

No comments: