Wednesday, April 15, 2009

လှိုင်သာယာ Daiko Myanmar အအေးခန်းစက်ရုံ လုပ်ငန်းများရပ်ဆိုင်း

အောင်ထက်

ကမ္ဘာ့စီးပွားရေးကျဆင်းမှုသည် နိုင်ငံတိုင်း ထိပ်တိုက်ရင်ဆိုင်နေရသလို နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများ ကြောင့် မြန်မာနိုင်ငံ အအေးခန်းစက်ရုံ မြောက်မြားစွာထဲမှ နာမည်ရစက်ရုံတရုံ ဖြစ်သည့် လှိုင်သာယာစက်မှုဇုန် (၃)၊ ကျန်စစ်သား လမ်းမပေါ်ရှိ Daiko Myanmar အအေးခန်းစက်ရုံသည် ကုန်ကြမ်းပြတ်လပ်၍ ဆိုကာ မတ် (၃၁) ရက်နေ့က လုပ်ငန်း ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။


“စက်ရုံပိတ်မယ်ဆိုတဲ့သတင်း သဲ့သဲ့ကြားနေတာတော့ ကြာပါပြီ။ အဓိက ကုန်ပြတ်တာပဲပေါ့။ မတ် (၃၁) ရက် ညနေ (၅) နာရီမှာ ၀န်ထမ်းတွေ လစာထုတ်နေရင်း စက်ရုံကို ဒီနေ့ကစပြီး ပိတ်လိုက်ပြီလို့ ကြေညာပါတယ်။ အလုပ်မရှိလို့ ရပ်ပစ်တာ ဖြစ်ကြောင်း၊ အလုပ်ရှိရင် ပြန်ခေါ်ပါ့မယ်နဲ့ ပြောပါတယ်။ အလုပ်ရပ်ဆိုင်းမယ်လို့ ကြိုတင်သိထားရင် နောက်အလုပ်တခု အတွက် ကြိုတင်ပြင်ဆင်ချိန်ရတာပေါ့။ ခုလို ရုတ်တရက်ကြီး ရပ်လိုက်တော့ စားဝတ်နေရေး အကျပ်အတည်းရယ်၊ နောက်ပြီး ပိတ်ရက်များတဲ့ သင်္ကြန်ရက်တွေ ဖြစ်နေတော့ ဘယ်မှာ အလုပ်ရှာရမှာလဲ။ စက်ရုံတကယ်ရပ်တာက (၃၁.၃.၀၉) ။ (၃.၄.၀၉) မှာမှ စက်ရုံလုပ်ငန်းရပ်ဆိုင်းကြောင်း တင်ပြပေးပါလို့ ထုတ်လုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေက လေဘာကို သွားညှိတယ်။ လေဘာတာဝန်ရှိသူတွေက ၀န်ထမ်းတွေရဲ့ ဆန္ဒကို မေးချင်ပါသေးတယ်။ လျော်ကြေးကိစ္စ ကျေနပ်လား မကျေနပ်ဘူးလား။ မကျေနပ်လို့ ရုတ်ရုတ်သဲသဲဖြစ်ရင် ပြဿနာတွေ ပိုကြီးသွားမယ်။ လေဘာတာဝန်ရှိသူ တွေက အဲဒီစာကို လက်မခံသေးဘူးလို့ သိရတယ်” ဟု ရွေးစင်တာဝန်ကျ ၀န်ထမ်းတဦးက ဆိုသည်။

Daiko Myanmar အအေးခန်းစက်ရုံ၏ မူလပိုင်ရှင်မှာ ဒေါ်သိင်္ဂီဖြစ်ပြီး လွန်ခဲ့သော တနှစ်ခွဲခန့်က Export ကုန်မသန့်၍ဟုဆိုကာ စက်ရုံအပိတ်ခံရဖူးသည်။ ၎င်းမှ ကိုရီးယားလူမျိုးလုပ်ငန်းရှင်သို့ တနှစ်စာချုပ်ဖြင့် ငါး၊ ပုစွန် အအေးခန်းလုပ်ငန်းကို ဆက်လက်လုပ်ကိုင်စေခဲ့သည်။ မန်နေဂျာ ဒေါ်တင်ဇာလတ်၊ ထုတ်လုပ်ရေးမှူး ဒေါ်ခင်မျိုးထွေး ဖြစ်ကာ အလုပ်ကို မတန်တဆခိုင်းစေတတ်သည်ဟု အစဉ်အလာရှိခဲ့သော စက်ရုံဖြစ်သည်။ ထုတ်လုပ်ရေးမှူး ဒေါ်ခင်မျိုးထွေးသည် အငြိုးအတေးကြီးကာ သက်ဆိုင်ရာသို့ တိုင်ကြားသူများကို ရမယ်ရှာ၍ အလုပ်မှ ထုတ်ပယ်ခြင်း၊ လစာနှင့် မမျှတသော အလုပ်တာဝန်များကို ပေးအပ်ခြင်းဖြင့် သတင်းကြီးသူဖြစ်သည်။ တနှစ်မပြည့်မီ အလုပ်က ထွက်က လစာငွေအတိုင်း ပြန်လျော်ရမည်ဟု စာချုပ်ကြောင့်သာ ၀န်ထမ်းများ သည်းခံလုပ်နေရကြောင်း သိရသည်။

“သမီးတို့ စက်ရုံမှာ ၀န်ထမ်းပေါင်း (၁၂၅) ယောက်ရှိတဲ့နေရာမှာ (၁၁၅) ယောက်လျှော့လိုက်ပါတယ်။ ကျန်ဝန်ထမ်းတွေက အထက်လူကြီးပိုင်းတွေနဲ့ ယောက်ျားလေးတွေ ဖြစ်ပါတယ်။ ၀န်ထမ်းလျှော့တာဆိုပြီး Daiko က စက်မှုဇုန်အသိုင်းအ၀ိုင်းကို လေသံလွှင့်ထားပါတယ်။ တကယ်က ပိတ်ပစ်လိုက်တာပါ။ ယောက်ျားလေး ၀န်ထမ်းတွေကို ဘုရင့်နောင်က ဖွဲ၊ ဆန်ကွဲ အစာစပ်စက်ရုံကို ပို့လိုက်ပါတယ်။ ဒီတော့ ယောက်ျားလေးတွေက စာချုပ်စာတမ်းတွေနဲ့ အလုပ်ဝင်တာ အအေးခန်းစက်ရုံ၊ ဖွဲ၊ ဆန်ကွဲ မထမ်းနိုင်ပါဘူးဆိုပြီး (၈) မိုင် ရုံးချုပ်က တာဝန်ရှိသူတွေကို တိုင်ကြားပါတယ်။ သူတို့ဟာ လေဘာဥပဒေတွေ၊ ဖူလုံရေးကြေးတွေ၊ တရားဝင်သတ်မှတ် စာချုပ်တွေနဲ့ လုပ်နေတဲ့သူတွေပါ။ မကြိုက်ရင် လျော်ကြေးပေးထုတ်ပါ။ ဟိုပို့ ဒီပို့ မလုပ်ပါနဲ့လို့ တိုင်တော့ သူတို့တွေကို Daiko မှာပဲ ပြန်ခန့်ပါတယ်။ ခုလည်း လျော်ကြေးစနစ်က (၃) လ မပြည့်သေးဘူး။ Basic ကြေး၏ တဆ၊ တနှစ်မပြည့်သူ Basic ကြေး၏ နှစ်ဆ၊ တနှစ်ကျော် သုံးဆ လို့ ပြောပါတယ်။ သမီးက အလုပ်ဝင်တာ (၁၀) လသာရှိသေးတဲ့ တရားဝင်ဝန်ထမ်းပါ။ Basic ကြေး (၁၂,၀၀၀) ရပါတယ်။ ထောက်ပံ့ကြေး၊ အထွေထွေစရိတ်၊ ဘောနတ်၊ အိုဗာတိုင်တွေနဲ့မှ (၃၈,၀၀၀) ကျပ်ရပါတယ်။ အဲဒီ Basic ကြေး နှစ်ဆသာ ရတာကို မကျေနပ်လို့ သမီးတို့ (၆) ယောက်ဟာ ၀န်ထမ်း (၁၁၅) ယောက်ကိုယ်စား လှိုင်သာယာလေဘာရုံးကို အရေးဆို တိုင်ကြားခြင်း ဖြစ်ပါတယ်” ဟု သက်ဆိုင်ရာ တာဝန်ရှိသူများသို့ ကိုယ်တိုင်သွားရောက်တိုင်ကြားခဲ့သူ အမျိုးသမီးတဦးက ဆိုသည်။

၎င်းတို့ (၆) ဦးသည် ဧပြီ (၁) ရက်နေ့တွင် လှိုင်သာယာလေဘာရုံးသို့ သွားရောက်တိုင်ကြားရာ ကရင်လူမျိုးဟု ယူဆရသူ ဦးစီးမှူးက သမီးတို့ ကျေနပ်အောင် ညှိပေးမည်။ Basic ကြေးထက် (၁,၀၀၀) ပဲပိုပို၊ (၅၀၀) ပဲပိုပို ရအောင် လုပ်ပေးပါ့မည်။ အေးအေးဆေးဆေးတော့ နေကြပါ။ ဘာမှမလုပ်ကြပါနှင့်ဟုဆိုကာ ၎င်းကိုယ်တိုင် Daiko တာဝန်ရှိသူများနှင့် နေ့တွင်းချင်း ပင် ညှိပေးကြောင်း၊ ထို့အတွက် Basic ကြေး (၁၂,၀၀၀) အပြင် နစ်နာကြေး (၅,၀၀၀) ထပ်တိုးပေးမည်ဟု Daiko မှ အကြောင်းပြန်ကြောင်း၊ ထိုအခါ ၀န်ထမ်းများက (၅,၀၀၀) ကျပ်အပြင် ဘောနတ် (၁၀,၀၀၀)၊ ထောက်ပံ့ကြေး (၈,၀၀၀) စုစုပေါင်း နစ်နာကြေး တလ (၂၃,၀၀၀) ကို ပေါင်းပေးရမည်ဟု ထပ်မံတောင်းဆိုကြောင်း ၎င်းအမျိုးသမီးက ရှင်းပြ၏။

“ခရီးစရိတ်တွေ၊ ရက်မှန်ကြေး၊ ထမင်းစရိတ်တွေဆိုတာ စက်ရုံ၊ လုပ်ငန်းရပ်လိုက်ရင် ၀န်ထမ်းတွေ ခံစားခွင့် မရှိတော့ပါ ဘူး။ ဘောနတ်ရယ်၊ အထွေထွေထောက်ပံ့ကြေးရယ်သာ ဘောင်ဝင်ပါတယ်။ အဲဒီ (၂) ခုထဲက ကြိုက်ရာတခုကို ရွေးပါ။ အကုန်လုံးလိုချင်လို့တော့ မရနိုင်ဘူးလို့ လေဘာတာဝန်ရှိသူက ရှင်းပြပါတယ်။ သမီးတို့ ၀န်ထမ်း အငယ်တွေဆိုတာ အတွေ့အကြုံက မရှိ၊ လူကြီးတွေကိုကြောက်လည်း ကြောက်၊ ကြားထဲက ၀င်ညှိပေးနေ တော့ အားနာတာတွေနဲ့ ဒူးတွေကို တုန်နေတာပဲ။ ဒါနဲ့ သမီးတို့ ဒုန်း (အပြတ်သဘော) တောင်းကြည့်ပါလားလို့ လေဘာလူကြီးက ပြောတော့ အရင် (၂၃,၀၀၀) ကနေ (၂၀,၀၀၀) ရရင် ကျေနပ်ပါတယ် ပြောလိုက်တယ်။ ဒါနဲ့ (၃.၄.၀၉) နံနက် (၁၀) နာရီမှာ ညှိကြတော့ Daiko က (၁၀,၀၀၀) ပဲပေးနိုင်မယ်ပြောတယ်။ သမီးတို့က (၅,၀၀၀) ထပ်တိုးတောင်းတော့ (၃,၀၀၀) ထပ်တိုးပေးတယ်။ ဒီတော့ Basic (၁၂,၀၀၀) ကျပ်၊ ထပ်တိုးက (၁၃,၀၀၀) ကျပ် (ပေါင်း) (၂၅,၀၀၀) ကျပ်နဲ့ လစာ (၅၀,၀၀၀) ကျပ် နစ်နာကြေးရမယ်ပြောပါတယ်။ ရာထူးအဆင့်အလိုက် Basic ကြေး နည်းနည်းစီကွာပေမယ့် ထပ်တိုးတလစာ (၁၃,၀၀၀) ကျပ်ကတော့ တပြေးညီ ရမှာပါ။ ဒါနဲ့ (၈.၄.၀၉) နံနက် (၁၀) နာရီမှာ သဘောတူ ကျေနပ်ကြောင်း လက်မှတ်ထိုးပြီးရင် လျော်ကြေးထုတ်နိုင်ပါပြီလို့ ကတိစကားရတယ်” ဟု ခွာစင် တာဝန်ကျဝန်ထမ်း အမျိုးသမီးက ဆိုသည်။

အအေးခန်းလုပ်ငန်းခွင်၌ ဆိပ်ကမ်းအသီးသီးမှ ရောက်ရှိလာသော ပုစွန်များကို စီပြီး ရေခဲရိုက်၊ ဘလောက်တုံး လုပ်ပေးရသော စီစင်၊ အခွံခွာရသော ခွာစင်၊ ခွာပြီး ပုစွန်များကို ရွေးရသော ရွေးစင်၊ ရွေးပြီး ပုစွန်များကို EXPORT တန်းဝင် မ၀င် စစ်သော ဌာနစုကို စစ်စင်ဟူ၍ လုပ်ငန်းအဆင့်ဆင့်ရှိပြီး အဆိုပါ Daiko ငါး၊ ပုစွန် အအေးခန်း စက်ရုံသည် လှိုင်သာယာစက်မှုဇုန်၌ လုပ်ငန်းလည်ပတ်လာသည်မှာ (၁၀) နှစ်ဝန်းကျင်ရှိနေပြီဖြစ်သည်။ လက်ရှိ ကိုရီးယားသူဌေးနှင့် ၀န်ထမ်းများ၏ တနှစ်စာချုပ်သည် ဇွန် (၁) ရက်နေ့တွင် ပြည့်မည်ဖြစ်ကြောင်း၊ ၀န်ထမ်းများနှင့် စာချုပ်ရာ၌ မူလက အစိုးရရုံးပိတ်ရက်နှင့် တနင်္ဂနွေသည် အလုပ်ပိတ်ရက် ဖြစ်ကြောင်း၊ ထိုမှ တရက်ပျက် (၂,၀၀၀)၊ နှစ်ရက်ပျက် (၄,၀၀၀) ၊ သုံးရက်ပျက် (၅,၀၀၀)၊ ထိုမှ ထပ်ပျက်ပါက DAY ကြေးထဲမှ ဖြတ်တောက်မည်ဟု သဘောတူစာချုပ်ခဲ့ကြောင်း၊ သို့သော် (၂၇.၁၀.၀၈) ကြေညာချက်အရ (၁) ရက်ပျက် (၅,၀၀၀) ကျပ်နှင့် Basic ကြေးထဲမှ (၁,၅၀၀) ပေါင်း (၆,၅၀၀) ဖြတ်လာကြောင်း၊ ၀န်ထမ်းများ အလုပ်ဝင်စက ဆေးခွင့်တင်လျှင် ဘောနတ် မဖြုတ်ဟုလည်းကောင်း၊ ထိုမှ ဆေးခွင့်တင် သော်လည်း ဘောနတ်ဖြတ်မည်။ DAY ကြေး မဖြတ်ဟု လည်းကောင်း၊ ထိုမှ တရက်ပျက်သည်နှင့် ခံစားခွင့် အကုန် ဖြတ်မည်ဟု လည်းကောင်း ၀န်ထမ်းများ၏ ခံစားခွင့်အား တစစ လျှော့လာကြောင်း ၎င်းအမျိုးသမီးများ၏ ပြောပြချက်အရ သိရသည်။

“Daiko မှာ အလုပ်သမားခံစားခွင့် မရှိဘူး။ ဆေးခွင့်တင်တင်၊ ဖူလုံရေးခွင့်တင်တင် ဖြတ်တာပဲ။ တကယ်တော့ ဖူလုံရေး ဆရာဝန်ရဲ့ ထောက်ခံချက်ရှိရင် ဘယ်စက်ရုံမဆို ဆေးခွင့်ခံစားခွင့်ရှိတယ်။ သမီးတချိန်က စိန်ငွေမြ အအေးခန်းစက်ရုံမှာ လုပ်ဖူးတယ်။ စက်ရုံပိတ်တော့ သမီးတို့ သုံးနှစ်သမားလျော်ကြေး (၁) သိန်းခွဲရတယ်။ (၄,၅,၆) နှစ်သမား (၃) သိန်းအထိ ရတယ်။ မန်နေဂျာကောင်းတော့ ခုလို လေဘာတွေ ဘာတွေ မတက်ခဲ့ရဘူး။ ဘာမှ မတောင်ဆိုရဘူး။ ရက်မှန်ကြေး၊ ဆေးခွင့်ခံစားခွင့် အပြည့်ရှိတယ်။ လစာထုတ်ပြီးဆိုလည်း စာအိတ်ပေါ်မှာ အခြေခံလစာ၊ ဘောနတ်၊ အထွေထွေစရိတ်၊ ထမင်းစရိတ်၊ အိုတီ၊ ဘယ်နှရက်ပျက်၊ ဘယ်နှရက်စာ ဖြတ် အကုန်ရေးထားတယ်။ Daiko ကျတော့ စာအိတ်ထဲ ပိုက်ဆံထည့်ပြီး လက်မှတ်ထိုး လာယူ၊ဘာမှ ရှင်းမထားဘူး။ ဘာမှ မေးခွင့်မရှိဘူး။ မကျေနပ်ရင် ထွက်။ တနှစ်စာချုပ်အရ သမီးတို့ဘက်က ပြန်လျော်။ ဒါကြောင့် ၀န်ထမ်း အားလုံးနီးပါးဟာ Daiko မှာ သည်းခံလုပ်ကြရပါတယ်။ ဒါကြောင့် ခုကိစ္စကို ညှိနှိုင်းပေးတဲ့ လေဘာရုံးကိုလည်း ကျေးဇူးတင်ပါတယ်။ (၈.၄.၀၉) ရက်နေ့ အလုပ်ရှင် အလုပ်သမား ညှိနှိုင်းမှု အဆင်ပြေ မယ်လို့လည်း ထင်ပါတယ်။ အဲဒါမှ အဆင်မပြေရင် နေပြည်တော်က ဦးစောယုလွင်ဆိုတာ လေဘာကိစ္စအကြောင်း ရှိရင် သူ့ဆီဖုန်းဆက်ပါဆိုပြီး ကျမတို့ ၀န်ထမ်းတွေကို ဖုန်းနံပါတ် ပေးဖူးတယ်။ သူ့ဆီအကြောင်းကြားရပါလိမ့်မယ်” ဟု လုပ်သက်တနှစ်မပြည့် သေးသည့် စစ်စင် ၀န်ထမ်းမိန်းကလေးမှ သူ၏ မကျေနပ်မှုကို ရှင်းပြ၏။

အထက်ပါ အကြောင်းအရာတို့နှင့် ပတ်သက်၍ လှိုင်သာယာ လေဘာရုံးသို့ ဖုန်းဆက်စုံစမ်းရာ “Daiko Myanmar အအေးခန်းစက်ရုံရဲ့ ၀န်ထမ်း (၁၁၅) ဦးကို လျော်ကြေးပေးမှာပါ။ လုပ်သက်ပေါ် မူတည်ပြီး နှစ်လစာ၊ သုံးလစာ အဲလို ဖြစ်သွားပါလိမ့်မယ်။ Basic ကြေးအပြင် အခြားစရိတ်တချို့ကိုပါ ထပ်ဆောင်းပေးမှာပါ။ ၀န်ထမ်းတွေနဲ့ ပိုင်ရှင် ကျေနပ်အောင် ကျနော်တို့ ညှိနေပါတယ်။ ၀န်ထမ်းတွေက ကျေနပ်ပါတယ်ဆိုပြီး လက်မှတ်ထိုးရင် (၈.၄.၀၉) နံနက် (၁၀) နာရီမှာ နစ်နာကြေးပေးလျော်မှာ ဖြစ်ပါတယ်” ဟု ဒု- ဦးစီးမှူး ဦးမျိုးနိုင်က ဖြေကြားသွားသည်။

No comments: