Tuesday, April 7, 2009

ကော့သောင်းမြို့၌ လူမှောင်ခို ပွဲစားများဘုန်းကြီးကျောင်းတချို့နှင့်ပြဿနာဖြစ်

အောင်ထက် /ဧပြီလ(၇) ရက်၊ ၂၀၀၉

မြန်မာ နိုင်ငံ နယ်စပ်မြို့ ဖြစ်သော ကော့သောင်းမြို့၌ လူမှောင်ခို ပွဲစားများ ခြေရှုပ် လျက်ရှိပြီး ၎င်းတို့သည် ဘုန်းကြီး ကျောင်းများသို့ သွားပြီး တဖက် နိုင်ငံသို့ သွားရောက်အလုပ်လုပ် မည့် အလုပ်သမား များကို စည်းရုံး သိမ်းသွင်း ရန်ကြိုးပမ်း သဖြင့် သံဃာတော် အချို့ နှင့် မကြာခဏ အချေ အတင် ဖြစ်ကြ ကြောင်း သတင်း ရရှိသည်။

“ကျနော်တို့ ရှိနေတဲ့ အေးရိပ်ငြိမ်ဘုန်းကြီးကျောင်းကို လူပွဲစားတွေ ရောက်လာတယ်။ ဘုန်းကြီးကျောင်းဆိုပြီး ဖိနပ်မချွတ်ဘူး။ တန်းတက်တာပဲ။ ဘုန်းဘုန်းဘုရား အဲဒီကောင်လေးတွေ ယိုးဒယားမှာ အလုပ်လုပ်ချင်ရင် တပည့်တော်တို့နဲ့ ထည့်လိုက်ပါနဲ့ လျှောက်တယ်။ ဒုက္ခသည်တွေကို ရင်းပြီး မင်းတို့ လုပ်စားနေတာ ကြာပြီ။ မင်းတို့ပြန်ကြ။ တယောက်မှ ငါ့ကျောင်းဝိုင်းထဲ မ၀င်နဲ့ဆိုပြီး ဘုန်းကြီးက မောင်းထုတ်တယ်။ သူတို့က ဟိုဘက်မှာ သစ်ခွဲစက်၊ ငါးလုပ်ငန်း၊ ၀ါးခုတ်၊ ရော်ဘာခြံ အလုပ်တွေ အများကြီး ရှိတယ်ပြောတယ်။ (၁၇) ရက် တပတ်ကို ဘတ် (၃,၀၀၀) ရမယ်။ လက်ရှိ ငါးလုပ်ငန်းမှာ လုပ်ရမယ်နဲ့ စည်းရုံးတယ်။ ကော့သောင်းတမြို့လုံး အဲလို စည်းရုံးနေတာ တွေ အများကြီးပဲ။ ဆိုင်ကယ် ကယ်ရီသမားတိုင်းလိုလို လူပွဲစားချည်းပဲ။ သူတို့က ဟိုဘက်ပို့ပေးရင် ဘတ် (၁,၀၀၀) ရတယ်။ ယိုးဒယားပိုင် ရှမ်းကမ်းနဲ့ ကော့သောင်းက နီးတယ်။ မြစ်က ခါးစောင်းလောက်ပဲနက်တယ်။ ကျဉ်းကျဉ်းလေး။ အဲဒီနေရာက ဖြတ်ကူးရတာ” ဟု ယိုးဒယားဘက်ကမ်း သစ်ခွဲစက်၌ အလုပ်လုပ်ခဲ့ဖူးသူတဦးက ဆိုသည်။

နယ်အသီးသီးမှ လာရောက်အလုပ်လုပ်ကိုင်သူများသည် ဦးစွာ ယုဇနဆီအုန်းစိုက်ပျိုးရေး၌ ၀င်ရောက်လုပ်ကိုင် ကြကြောင်း၊ အလုပ်ဖိစီးမှုဒဏ်၊ အစားအသောက်ချို့တဲ့ခြင်း၊ လုပ်ခလစာအပြည့် မရရှိခြင်း၊ လုပ်ငန်းခွင် အန္တရာယ်ရှိ ခြင်းတို့ကြောင့် ယုဇနဆီအုန်းခြံတို့မှ ထွက်ပြေးလာသူတို့သည် လတ်တလော စားဝတ်နေရေးနှင့် ဇာတိအပြန် ခရီးစရိတ်အတွက် အေးရိပ်ငြိမ်ကဲ့သို့သော ဘုန်းကြီးကျောင်းများ၌ တည်းခိုကြကြောင်း၊ အကြောင်းသိ လူမှောင်ခို ပွဲစားများက ဘုန်းကြီးကျောင်းများသို့သွားကာ စည်းရုံးလူခေါ်ကြကြောင်း၊ အချို့ ဘုန်းကြီးကျောင်းများက ကျောင်းအတွင်း ၀င်ရောက်၍ လူခေါ်စည်းရုံးခွင့်ပြုသော်လည်း ကျောင်းအတော်များများကမူ လူပွဲစားများကို မောင်းထုတ်ကြောင်း၊ ကော့သောင်းမြို့၏ ဆိုင်ကယ် ကယ်ရီလူပွဲစားအများစုသည် ရန်ကုန်မြို့ လူလည်များသာ ဖြစ်ကြောင်း သိရသည်။

“ဘုန်းကြီးကျောင်းမှာ လာခေါ်လို့ တခေါက်လိုက်သွားဖူးတယ်။ ဘတ် (၃,၀၀၀) ဆိုတော့ ရန်ကုန်အပြန် စရိတ်ရပြီ ပေါ့လေ။ အဲဒီမှာ လုပ်တဲ့ (၁၇) ရက်မှာ (၁၄) ရက် ကျနော် အထိုးခံရတယ်။ သူပြောတာကို နားမလည်၊ ကိုယ်ပြော တာကို သူနားမလည်နဲ့ တလွဲတွေ ဖြစ်တော့ အထိုးအကြိတ်ခံရတာပေါ့။ ကျနော်ဆို သွားတောင်ကျွတ်ထွက်တယ်။ ကိုယ့်ဒေသ ကိုယ်ပြန်ချင်တော့ ဒီလိုပဲ ကြိတ်မှိတ်သည်းခံနေရတာပေါ့။ (၁၇) ရက် ပြည့်လို့ ပိုက်ဆံလည်းထုတ်ရော လူပွဲစား ဖြတ်ထားတာက ဘတ် (၁,၀၀၀) ၊ အလုပ်ရှင်က ဟိုဟာဖြတ် ဒီဟာဖြတ်နဲ့ လက်ထဲ ရာဂဏန်းလောက်ပဲ ကျန်တော့တယ်” ဟု စံပြဈေး- စော်ဘွားကြီးကုန်း အမှတ် (၇၉) မောင်းခဲ့ဖူးသူ ယာဉ်မောင်းတဦးက ဆိုသည်။

“မင်းတို့ ကုမ္ပဏီက လိမ်စားနေတာကြာပြီ။ ယုဇနဆီအုန်းခြံတွေက ခုလို ပြေးလာပြီး ငါ့ကျောင်းလာခိုနေတဲ့သူတွေ ဆို မနည်းတော့ဘူး” ဟု အေးရိပ်ငြိမ် ဆရာတော် ဦးသုဇနက မိန့်သည်။

No comments: