Tuesday, April 7, 2009

သိန်းနှစ်ထောင်ကျော်တန်ဖိုးရှိ တရုတ်ကုန်ပစ္စည်းနှင့် ကားများ အသိမ်းခံရ

NEJ /ဧပြီလ(၇) ရက်၊ ၂၀၀၉

တရုတ် - မြန်မာ နယ်စပ် မူဆယ်မြို့မှ အကောက်ခွန်မဲ့ တရုတ် ကုန်ပစ္စည်း များ တင်ဆောင်ထား သည့် ယာဉ် (၁၁) စီး အား ဧပြီ (၅) ရက်နေ့ တွင် မူဆယ်မြို့နယ် နန့်အွန် ကျေးရွာတွင် အကောက်ခွန် ဌာနက ဖမ်းဆီး လိုက်ပြီး ယာဉ်နှင့် ကုန်ပစ္စည်း တန်ဖိုးမှာ ကာလ တန်ဖိုး သိန်းနှစ်ထောင်ကျော် ရှိသည်။

တရုတ်ကုန်ပစ္စည်းများဖြစ်သည့် ဗီစီဒီ၊ ဒီဗီဒီအပါအဝင် လျှပ်စစ်လူသုံးကုန်ပစ္စည်းနှင့် ပန်းသီး၊ ဖျော်ရည် စသည့် စားသောက်ကုန်များ တင်ဆောင်ထားကြသည့် လိုက်အေ့စ်၊ တောင်းအေ့စ်၊ နစ်ဆန်း၊ ဆန်နီ စသည့် ကား (၁၁) စီး ကို မူဆယ်မြို့နယ် အကောက်ခွန်မှူး ဦးဝင်းမြင့် ဦးစီးသည့်အဖွဲ့က (၁ဝ၅) မိုင် စစ်ဆေးရေးဂိတ်အလွန် နန့်အွန် ကျေးရွာတွင် ဖမ်းဆီးကာ မူဆယ်၊ မန်ဝိန်းရှိ နကသ ဂိုဒေါင်တွင် ထည့်ထားလိုက်သည်ဟု နယ်စပ်ကုန်သည်တဦးက ပြောသည်။

“အစောပိုင်းကတော့ သုံးလေးစီပဲ ဖမ်းမိထားတာ။ အဲဒီမှာ ကာစတန်နဲ့ ညှိနေတုန်း နောက်ထပ်ကားတွေ ရောက်လာ တော့ ပွဲပျက်သွားတာ။ အားလုံးဖမ်းဆိုပြီး ဖြစ်သွားတာ။ မူဆယ်အကောက်ခွန်ရုံးကို ခေါ်လာပြီး အဲဒါတွေကို မန်ဝိန်း၊ နကသ ဂိုဒေါင်ထဲ ထည့်ထားတယ်။ ကားရော ကုန်ရော သိန်းနှစ်ထောင်ကျော် တန်ဖိုးရှိတယ်။ အားလုံး သိမ်းလိုက်ပြီ။”

ကားသမားများကို မူဆယ်၊ ရဲအချုပ်တွင် ထိန်းသိမ်းထားပြီး မည်သို့အရေးယူ ဆောင်ရွက်မည် ဆိုသည်ကိုတော့ မသိရသေးကြောင်း အဆိုပါ ကုန်သည်က ပြောသည်။

ဘတ်စ်ကားလိုင်းများတွင် မူးယစ်ဆေးဝါးမိ၍ အရေးယူသည့်အနေဖြင့် ဝင်းနား၊ ရွှေလီဦးနှင့် ရတနာစိုး ဘတ်စ်ကား လိုင်းများအား ခေတ္တရပ်နားထားခိုင်းရာ ယခုအခါ ကားငယ်လေးများဖြင့် ကယ်ရီသယ်နေကြ၍ အခုလို တချိန်တည်း ကား (၁၁) စီး ဖမ်းဆီးခံလိုက်ရတာဖြစ်သည်ဟု လားရှိုးမှ ကုန်သည်တဦးက ပြောသည်။

“အိတ်စ်ပရက်ဘတ်စ်လိုင်းတွေက စိတ်ကြိုက်ကားလိုင်းနဲ့ မိုးကောင်းကင်ပဲ ရှိတော့တယ်။ မိုးကောင်းကင်ကလည်း သုံးစီးရှိတာ။ ကျန်တဲ့ သုံးလိုင်းက ဘတ်စ်တွေက နားထားရတယ်။ ဆိုတော့ အဲဒီကားအငယ်တွေဘက်ကို စုပြုံပြီး လှည့်လုပ်လာတော့ အားလုံး ထိကုန်တာပေါ့။ သုံး၊ လေးစီးဆို လွှတ်တယ်၊ အခုက ငွေက သိန်းရာပိုင်းအထိ တောင်းလာ၊ ကားတွေကလည်း ဖမ်းနေတုန်း ထပ်တိုးလာဆိုတော့ ခက်ကုန်တာပေါ့။ ဘာမှ လုပ်လို့ မရတော့ဘူး။”

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် တရားဝင်လမ်းကြောင်းမှတဆင့် ကုန်သွယ်ရာတွင် ပါမစ် အခက်အခဲ၊ အချိန်ကြန့်ကြာမှု၊ တင်းကျပ်သည့် လုပ်ထုံးဥပဒေများကြောင့် ကုမ္ပဏီများမှ လွှဲ၍ ကျန်ကုန်သည် အများစုမှာ မှောင်ခိုကုန်သွယ်ရေးကိုသာ အဓိကလုပ်ကိုင်နေရသည်။

No comments: