Wednesday, April 8, 2009

ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို ဘင်္ဂလာနယ်စပ် တောင်ပြိုသို့ လျှပ်တပြက် ရောက်ရှိ

Narinjara News

နအဖ စစ်ကောင်စီ အဖွဲ့ဝင်လည်း ဖြစ် ပဲခူး၊ ရန်ကုန်၊ ဧရာဝတီနှင့် ရခိုင်ဒေသ အထူးစစ်ဆင်ရေး ဗျူရို ဥက္ကဌလည်း ဖြစ်သော ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုသည် ယနေ့နံနက်က ဘင်္ဂလာဒေခ်ျ့နှင့် နီးကပ်စွာ တည်ရှိနေသော တောင်ပြိုမြို့သို့ လျှပ်တပြက် ရောက်ရှိလာ ခဲ့သည်။

အမည်မဖေါ်လိုသူ အစိုးရ ၀န်းထမ်း တဦးက “နံနက် ၉နာရီခွဲခန့်မှာ မောင်တောကနေ စပိဘုတ်နဲ့ တောင်ပြို ရောက်ရှိလာပါတယ်။ အစိုးရ၀န်ထမ်းတွေ အရပ်ဘက် လူကြီးတွေနဲ့ နယ်စပ် စည်ပင်ရုံးမှာ တွေ့သွားပါတယ်။ အဓိက ဒို့တာဝန် အရေးသုံးပါးကို ပြောသွားပါတယ်။” ဟု ပြောသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုနှင့်အတူ အနောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်သောင်းအေးလည်း လိုက်ပါလာပြီး နံနက် ၁၁ နာရီခွဲတွင် တောင်ပြိုမှ ပြန်လည် ထွက်ခွာသွားခဲ့သည်။

အမည်မဖေါ်လိုသူ ငခူရ ကျေးရွာမှ အရပ်သား တဦးက “ဘယ်သူတွေလည်းတော့ မသိဘူုး။ နေပြည်တော်က လာတဲ့ လူကြီးတွေလို့ ပြောပါတယ်။ စပိဘုတ်တွေ စစ်သားတွေ အများကြီးနဲ့ ငခူရကို နေ့လည် ၁၂ နာရီထိုးမှာ ရောက်လာပါတယ်။ ငခူရကနေ ကြိမ်ချောင်းကို သွားပါတယ်။ ကြိမ်ချောင်းကနေ နေ့လည် ၂ နာရီမှာ ငခူရကို ပြန်ရောက်လာပြီး စပိဘုတ်တွေနဲ့ မောင်တောဘက်ကို ထွက်သွားပါတယ်” ဟု ပြောသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုနှင့် အဖွဲ့သည် တောင်ပြိုမှ ကြိမ်ချောင်း၊ ကြိမ်ချောင်းမှ မောင်တော တောင်ပိုင်းတွင် တည်ရှိသော မကျည်းချောင်းကျေးရွာသို့ သွားရောက်ခဲ့သည်။

အမည်မဖေါ်လိုသူ တဦး၏ အပြောအရ ဗိုလ်ချုပ်ကြီး ကိုကိုသည် မကျည်းချောင်းတွင် ခြံစည်းရိုးကာရံနေသော စစ်သားများနှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။

ရခိုင်ဒေသ အထူး စစ်ဆင်ရေး ဗျူရိုဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို သည် လျှပ် တပြက် ဘင်္ဂလာနယ်စပ်သို့ လာရောက်လည်ပတ်ခဲ့သဖြင့် နယ်စပ်နေ ပြည်သူများ အကြားတွင် အမျိုးမျိုး ဝေဖန်ပြောဆိုနေကြသည်ဟု အရပ်သား တဦးက ပြောသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုသည် ယနေ့တွင် နစက ကျီးကန်းပြင် ဌာနချုပ်တွင် ၀င်ရောက် တည်းခိုနေကြောင်း သတင်းရရှိသည်။

No comments: