Thursday, April 9, 2009

တစ်ခါသေဘူးခဲ့ပြီးပြီ

မင်းစိုင်းနွန်ဒေါ

PDF file

ဖော်ပြပါပေးလာတဲ့ သတင်းအရ မြန်မာပြည်မြောက်ဘက်ဒေသ ကချင်ပြည်နယ် သားများ KIO နှင့် နအဖတို့ မပြေမလည်ဖြစ်လာပြီး တိတ်ဆိတ်နေတဲ့ သေနတ်သံတွေ တဖန်ပြန်လည် နိုးထမှာလာမှာကို ဒေသခံတွေ စိုးရိမ်နေကြရပါတယ်လို့ ဆိုပါတယ်။ မပီပြင်တဲ့ မြန်မာ့ နိုင်ငံရေးဝဲဂယက်ထဲမှာ မြန်မာပြည်တောင်ဘက်ဒေသ စာရေးသူတို့ မွန်ပြည်နယ်သားများကလည်း အဲဒီလိုပဲ စိုးရိမ်နေကြ ရပါတယ်။ အမှန်တကယ်ပါ။

တပြည်လုံးအတိုင်းအတာမဟုတ်ပေမဲ့ အနှစ် ၂၀ နီးပါး တဝက်တပျက် တိတ်ခဲ့တဲ့ သေနတ်သံတွေကြောင့် ဒေသခံတွေအနေနဲ့ ဒီယာယီ အပစ်အခတ်ရပ်စဲရေး၊ မပြည့်ဝသေးသော ငြိမ်းချမ်းရေးတွေကြောင့် တိုက်ရိုက်ထိတွေ့ ခံစားခဲ့ရတဲ့ တဒင်္ဂအကျိုးရလာဒ်တွေပါပဲ။

မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်အစိုးရတို့ကြားမှာ ကိုယ့်လက်နက်ကိုယ်ကိုင်၊ “လက်နက်ချ” မဟုတ်တဲ့ အပစ်ရပ်အဖွဲ့တွေနဲ့ လက်နက်ကိုင်အဖွဲ့ကြီးတွေက အဖွဲ့ငယ်တွေက တပဲ့စီပဲ့ထွက်လာခဲ့ပြီး အစိုးရထံ လက်နက်လုံးဝ အပြီးအပိုင်အပ်၊ မိမိရပ်တည် ရေးအတွက် လိုအပ်တဲ့လက်နက်တွေကို အစိုးရထံက ပြန်တောင်းထားတဲ့ “ငြိမ်းချမ်းရေး” အဖွဲ့ဆိုတာမျိုး ရှိကြပါတယ်။

ပြည်သူတွေ၊ နိုင်ငံတကာက နားယောင်အောင် အပစ်ရပ်အဖွဲ့တွေကိုလည်း အစိုးရနဲ့ ငြိမ်းချမ်းရေး ရယူထားတဲ့အဖွဲ့တွေပဲလို့ စစ်အစိုးရက ပြောလေ့ရှိတယ်။
အများအားဖြင့် အပစ်အရပ်ဖွဲ့တွေဟာ အစိုးရနဲ့ စာရွက်ပေါ်မှာ ရေးမှတ်ထားတဲ့ စည်းကမ်းအချက်အလက်တွေကို Gentlement agreement နှုတ်ကတိတွေနဲ့ပဲ အပစ်ရပ်မှုတွေ ပြုလုပ်ခဲ့ရတယ်ဆိုတော့ စစ်အစိုးရနဲ့ အပစ်ရပ်အဖွဲ့တို့ဟာ အချိန်ကာလမရွေး တဖက်အဖွဲ့က ပစ်ချင်သပဆိုယင် တဖက်ကလည်း ပြန်လည်ပစ်ခတ်နိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

ဒါပေမဲ့ အပစ်ရပ်အဖွဲ့တွေအနေနဲ့ ကိုယ့်ဒေသမှာ သေနတ်သံတချက် ပေါက်ခဲ့ယင်၊ ထိခိုက်နစ်နာရတာက ကိုယ့်ဒေသခံ ကိုယ့်ပြည်သူတွေပဲ မဟုတ်လား။
ကတိမတည်ပြီး အပြောတမျိုးအလုပ်တမျိုးဖြစ်နေတဲ့ ဒီစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားရတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ အရူးမကို လင်တော်ထားရသလို ဖြစ်နေပါတယ်။ အမြဲလိုလိုသတိထားပြီး ပြောဆိုဆက်ဆံလှုပ်ရှာနေရတာပါ။ သူမကြိုက်တာလုပ်မိ ပြောမိယင်ဆိုပဲ ဟိုဟာဖြတ်တောက်၊ ဒီဟာပိတ်ပင်တာတွေ လုပ်တတ်ပါတယ်။

အပစ်စတင်ရပ်တဲ့ရပ်တဲ့ ကာလမှာဆိုယင် ဟိုအခွင့်အရေး၊ ဒီအခွင့်အရေးဆိုတာတွေကို အဖွဲ့အလိုက်၊ ခေါင်းဆောင်တွေအလိုက် စေတနာကောင်းထားသယောင်ပေးကမ်း တတ်ပါတယ်။ ဒါပေမဲ့ စစ်အစိုးရ ပြောခိုင်း၊ လုပ်ခိုင်းတာတွေ မလုပ်ယင်တော့ အဲဒီအခွင့်အရေးတွေ ရုတ်သိမ်းခံသွားရမှာပါ။

မွန်ပြည်သစ်ပါတီ စပြီးအပစ်ရပ်ခဲ့တဲ့ အချိန်မှာ ဆန်ရိက္ခာ တစ်လတင်းတစ်ထောင်ခန့်၊ ထောက်ပံ့ငွေ တစ်လ ၃၅- သိန်းကနေ နောက်မှာ သိန်း ၅၀၊ ရုံးသုံးလောင်စာဆီနဲ့ အခြားထောက်ပံ့မှု၊ ပါမစ်အမျိုးမျိုးပေးခဲ့တယ်။ မွန်ပြည်သစ်ပါတီဟာ စစ်အစိုးရလုပ်ခိုင်း၊ ပြောခိုင်းတာတွေ မိမိပါတီအနေအထားအရ မစွမ်းဆောင်ပေးနိုင် ဖြစ်လာတော့ အဲဒီထောက်ပံ့မှုတွေ တဆင့်တဆင့်လျှော့ချခံခဲ့ရပြီး အခုဆိုယင် စစ်အစိုးရထံက ဘာထောက်ပံ့မှုမှ မရတော့ပါဘူး ဆိုတာကို ထိပ်ပိုင်းခေါင်းဆောင်တွေ ပြောပြလို့ သိခဲ့ရပါတယ်။

အပစ်ရပ်အဖွဲ့တွေ မူလမျှော်မှန်းထားတာက သေနတ်သံတွေစဲသွားပြီးဆိုယင် တပြည်လုံးအတိုင်းအတာဆောင်တဲ့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးရေးပါပဲ။ လက်တွေ့မှာဘာမှဖြစ်မလာပါဘူး။ နဝတတဖြစ်လဲ နအဖ ဆိုတာ အကြံအဖန် အမျိုးသားညီလာခံကိုပဲ နိုင်ငံရေး ဆွေးနွေးမှု စကားဝိုင်းလိုလို၊ အခုဆိုယင် နာဂစ်ဖွဲ့စည်းပုံ ကိုပါအတင်းလုပ်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲဆိုလား။ ၁၉၉၀ ရွေးကောက်ပွဲကိုတောင် အဖြေမထုတ်နိုင်သေးဘူး။

ဆိုတော့ နအဖ ပြုလုပ်မည်ဆိုတဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာကလည်း သူတို့လိုကျ အဖြေရလာဒ်တွေ မပေါ်ထွက်ခဲ့ယင် ၁၉၉၀ ရွေးကောက်ပွဲလိုမဖြစ်နိုင်လို့ “အနှီ၊ အဝှာ” နိုင်ငံရေးသမားများ အာမခံရဲပါသလဲ။ ၁၉၉၀ ရွေးကောက်ပွဲအကြို ကာလတွေမှာ ဗိုလ်စောမောင် တိုင်းသိ၊ ကမ္ဘာသိကြော်ညာခဲ့တာကို အားလုံး အသိပါပဲ။ ရွေးကောက်ပွဲပြီးယင် သူတို့စစ်တန်းလျားပြန်မယ်ဆိုတာကို သတိရကြမှာပါ။

ဒီတော့ လာမဲ့ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့သူတွေအပေါ် အပစ်ပုံချလို့ မရပါဘူး၊ လက်ရှိစစ်အစိုးရအပေါ်မှာ တည်ပါတယ်။ နိုင်ငံရေးနည်းအရ ဆွေးနွေးအဖြေရှာလို့မရယင် သေနတ်သံတွေကတော့ ပြန်ပြီး ကြားလာရဦးမှာပဲ။

ဒါပေမဲ့ဇွဲလျှော့သူ၊ အကြံအဖန် နိုင်ငံရေးလုပ်စားသူတို့လို တော်လှန်ရေးသမားအရေခြုံတွေအဖို့ သူတို့တဝမ်းစာ ဖူလုံမယ်ထင်တာနဲ့ ပေါ်လစီအတွေ့အမြင်တွေပြောင်းလဲ ပစ်မဲ့သူတွေကလည်း တပုံတခေါင်းကြီး ရှိနေမှာပါပဲ။

ဒီတော့ ဆူညံနေတဲ့ သေနတ်သံတွေ တိတ်ဆိတ်ဖို့ဆိုတာ အလွယ်တကူ လုပ်လို့ရတဲ့ ကိစ္စရပ်တွေမဟုတ်သလို တိတ်ဆိတ်နေတဲ့သေနတ်သံတွေကို ပြန်လည်ပစ်ခတ်ကြဖို့ဆိုတာ လွယ်လွယ်လေးပါဆိုတာကို တွေးကြည့်စေ လိုတယ်။ ဒါကြောင့် အပစ်ရပ်အဖွဲ့တွေအနေနဲ့ ရရှိလာခဲ့တဲ့ အလားအလာ ကောင်းတွေကို အတတ်နိုင်ဆုံးအဆင့်အထိ အောင်အီးသည်းခံ နေကြတာပါပဲ။

တော်လှန်ရေးအဖွဲ့အစည်းဆိုတာ အစိုးရတရပ်မဟုတ်တဲ့အတွက် အမြဲတမ်း လိုလိုပါပဲ ကြပ်တည်းမယ်၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတာကတော့ ဓမ္မတာပါ၊ ကိုယ့်ပါတီ အဖွဲ့အစည်းရဲ့ ညီညွတ်မှု၊ ကိုယ့်အဖွဲ့အစည်းနဲ့မဟာမိတ်အင်အား၊ ကိုယ့်အမျိုး သားကျောရိုးနောက်ခံတွေနဲ့ ညီညွတ်မှုရှိနေယင် ဘယ်အစိုးရပဲ တက်လာလာ၊ သူပုန်ထရမှာ ကြောက်စရာမဟုတ်ပါဘူး။

အဲဒါက ၁၉၅၈ မွန်ပြည်သူ့တပ်ဦးလက်နက်စွန့်လိုက်တဲ့သာဓကမှာ တွေ့ရှိနိုင်ပါတယ်။

ဖဆပလ ဦးနု အစိုးရက “တိုင်းရင်းသားတွေအခွင့်အရေးလိုချင်ယင် လက်နက်ကိုင်ပြီး မတိုက်ကြပါနဲ့၊ ဥပဒေဘောင်အတွင်း ပါလီမန်မှာ ဒီမိုကရေစီ နည်းအရ တောင်းဆိုတိုက်ပွဲဝင်ကြပါ” ဆိုတဲ့အယူအဆကို မွန်တွေလက်ခံခဲ့လို့ မွန်တမျိုးသားလုံးကို ကိုယ်စားပြုခဲ့တဲ့ မွန်ပြည်သူ့တပ်ဦးဟာ လက်နက်မျိုးစုံ (၁၁၁၁) နဲ့ လူအင်အားပါမကျန် မော်လမြိုင်မြို့ မိုင်ဒါကွင်းမှာ ၁၉၅၈ ခု၊ ဇူလိုင်လ (၂၃) ရက်နေ့မှာ “လက်နက်နဲ့ ဒီမိုကရေစီလဲလှယ်ပွဲ” ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

အဲဒီကာလကတည်းက မွန်တွေလက်နက်ဆက်ကိုင်ဖို့ မလိုအပ်ခဲ့ယင် ယနေ့မွန် အမျိုးသားတွေ အခန်းကဏ္ဍမှာ ထိပ်ပိုင်းက ဦးဆောင်နေတဲ့ မွန်ပြည်သစ်ပါတီ ဆိုတာလည်း ပေါ်ပေါက်လာစရာအကြောင်း မရှိတော့ပါ။

“လက်နက်နဲ့ဒီမိုကရေစီလဲလှယ်ပြီး” နောက်ပိုင်းမှာ ဘာတွေဆက်ဖြစ်လာသလဲ၊ မဟာလူမျိုးကြီးကို အခြေခံတဲ့ ဖဆပလကို “နေဝင်း” စစ်မဟာဝါဒီကဝါးမျိုခဲ့တဲ့ ကာလမှာ မြို့ပေါ်မှာရှိတဲ့ မွန်ခေါင်းဆောင်များနဲ့ လက်လှမ်းမီရာလက် အောက်လက်ငယ်သားတွေကို ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချခံခဲ့တာ အခုလက်ရှိ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF ဥက္ကဌနိုင်ထွန်းသိန်း၊ ဒုဥက္ကဌ နိုင်ငွေသိမ်းတို့ ယ္ခုသက်ရှိထင်ရှား ရှိနေဆဲပါ။

မွန်တွေအနေနဲ့ တခါသေဘူးတော့ ဒီပျဉ်ဖိုးကိုတော့ နားလည်နေရမှာပေါ့။ ဒါပေမဲ့ ပျဉ်ဖိုးနားမလည်ချင်ယောင်ဆောင်တဲ့ မွန်အရေခြုံ တော်လှန်ရေးသမား၊ နိုင်ငံရေးသမားအဟောင်း၊ အသစ်တွေအနေနဲ့ မွန်ပြည်သူ့တပ်ဦးပေးသွားတဲ့ ပျဉ်ဖိုးကို နားမလည်ယင်လဲ ပျဉ်ဖိုးသိသွားရအောင် ဒီ ၂၀၁၀ ကို ဝင်နွှဲကြည့်ပေတော့။

မွန်ပြည်သူ့တပ်ဦးမရှိတော့ မွန်အမျိုးသားတွေ မရှိမဖြစ်လိုအပ်နေတဲ့ ကွက်လပ်တခုမှာ မွန်ပြည်သစ်ပါတီဆိုတာ ပေါ်ပေါက်လာခဲ့ရတယ်။ ရှေ့အနာဂတ်မှာ မွန်ပြည်သစ်မရှိခဲ့မယ် ဖြစ်လာယင်လည်း မွန်တွေအတွက် တော်လှန်ရေးကွက် လပ်တခုလိုအပ်မြဲရှိနေမယ်ဆိုယင် “မွန် ……………….တော်လှန်ရေး” ဆိုတာပေါ်လာဦးမှာပဲ။

ဒါကြောင့်လက်ရှိစစ်အစိုးရအလိုကျ မွန်ပြည်သစ်ပါတီကို နည်းမျိုးစုံ ဖျားယောင်း သိမ်းသွင်းနိုင်သည်ဆိုဦးတော့ မွန်ပြည်သူ့တရပ်လုံးကို ဒီနည်းနဲ့လှည့်စားနိုင်မယ်လို့ မယုံကြည်သင့်ပါ။ တိတ်ဆိတ်နေတဲ့ သေနတ်သံတွေဟာ လိုအပ်ချက်အရ ပြန်လည်ပေါက်ကွဲလာဦးမှာ မလွဲပါ။

ဒါကြောင့် ကချင်ပြည်နယ်က မိတ်ဆွေရေ။ ကြိုတွေးပြီး ပူပန်မနေသင့်ပါ။ အကောင်းဆုံးအခြေအနေကို ရောက်လာဖို့ အဆိုးဆုံးကာလကိုတော့ ဖြတ်သန်း ရမှာပါပဲ။ ကချင်အမျိုးသားတွေအတွက် KIO က ဦးဆောင်မှုပေးနေတာ မှန်ပေမဲ့ လက်နက်ဆက်ပြီးကိုင်သင့်၊ မကိုင်သင့် ဘယ်လို တိုက်ပွဲအသွင်သဏ္ဍာန်တွေနဲ့ ခရီးဆက်ရမယ်ဆိုတာဟာ ကချင်ပြည်သားတွေရဲ့ ပကတိလိုအပ်ချက်အပေါ်မှာ တည်နေပါတယ်လို့ ဆိုလိုက်ပါရစေ။


No comments: