Thursday, April 9, 2009

မောင်တောမြောက်ပိုင်းတွင် တပ်အင်အားကို တိုးချဲ့ချ

Narinjara News 4/9/2009


မြန်မာ အနောက်ဘက် နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်းတွင် အနည်းဆုံး စစ်သားအင်အား ၅၀၀ ခန့်ကို ဖြည့်တင်းချထားလိုက်သည်ဟု တပ်နှင့်နီးစပ်သူ တဦး၏ အပြောအရ သိရသည်။

သူက “စစ်သားတွေကို ဟိုတနေ့က စပြီး မောင်တော မြို့နယ် မြှောက်ပိုင်းက နေရာ ၄ ခုမှာ ခွဲပြီး ချထားလိုက်တာ ဖြစ်ပါတယ်။ အဓိက စစ်ရေး အရရော ဆက်သွယ်ရေး အရရော အထူး အရေးပါတဲ့ နေရာတွေမှာ ချထားလိုက်တာ ဖြစ်ပါတယ်”ဟု ပြောသည်။

စစ်သားများအား ဖြန့်ကျက်ချထားလိုက်သော ကျေးရွာများမှာ ကြိမ်ချောင်း၊ တောင်ပြိုဝဲ၊ ရွက်ညိုတောင်နှင့် မောင်တော ကညင်ချောင်း တွင် ဖြစ်သည်။

“ကြိမ်ချောင်းမှာတော့ ရသေ့တောင် အခြေစိုက် ၅၃၇ ကိုချထားလိုက်ပြီး တောင်ပြိုဝဲမှာတော့ ဘူးသီးတောင်မြို့နယ် ငကျည်တောက် အခြေစိုက် ၅၅၂ ကိုချထားပါတယ်။ ရွက်ညိုတောင်မှာတော့ ဘူးသီးတောင် ငကျည်တောက် အခြေစိုက် ခမရ ၅၅၁ကို ချထားလိုက်ပြီး မောင်တော ကညင်ချောင်း မှာတော့ ၃၄၅ တပ်ရင်း ဖြစ်ပါတယ်။”ဟုပြောသည်။

စစ်သားများ ချထားရခြင်းမှာ ခြံစည်းရိုးကာရံရန် အတွက်ဟု အကြောင်းပြသော်လည်း နယ်စပ်တွင် မလိုလားအပ်သော ပြဿနာများ မပေါ်ပေါက်ရအောင် ကြိုတင်ကာကွယ်လိုသည့်အတွက် ချထားခြင်း ဖြစ်သည်ဟု သိရသည်။

မြန်မာ နိုင်ငံ အနောက်ဘက် နယ်စပ်တွင် ဗုဒ္ဓဘာနှင့် မူဆလင်များအကြား သင်္ကြန်အတွင်း အဓိဂရုဏ်းများ ဖြစ်မည်ဟု ကောလဟာလ သတင်းများ ပျံ့နှံ့လာပြီးနောက် အဆိုပါ စစ်သားများ နယ်စပ်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ယခုအခါ မောင်တောမြို့နယ် တခုတည်း အတွင်းတွင်ပင် စစ်သား ၁၀၀၀ နီးပါးခန့် ရှိနေသည် အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။

No comments: