Tuesday, April 14, 2009

အန်စီဂျီ၏ တီမော ခရီးစဉ်နှင့် ကြားကာလ စီမံချက်

ကိုဝိုင်း

ချင်းမိုင် (မဇ္ဈိမ)။ ။ မကြာမီ အချောသတ်နိုင်တော့မည့် အသွင်ကူးပြောင်းရေးကာလ စီမံချက်တခုကို ရေးဆွဲနေသည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်းအစိုးရ (NCGUB) ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း ဦးဆောင်သော ကိုယ်စားလှယ်များသည် အရှေ့ တီမော နိုင်ငံသို့ နိုင်ငံရေးခရီးစဉ်အဖြစ် မကြာသေးခင်က ရောက်ရှိခဲ့သည်။

လွတ်လပ်သည့် နိုင်ငံတနိုင်ငံ၏ အစိုးရအဆင့်က ဖိတ်ခေါ်မှုမျိုး ဖြစ်သည်။ ပြီးခဲ့သည့်လ ၃ဝ ရက်နေ့တွင် သမ္မတ ဂျိုဆေးရာမို့ ဟိုတာ၊ ယခုလ ၁ ရက်နေ့တွင် ဝန်ကြီးချုပ် ဇာနာနာ ဂါစ်မားအိုးနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအပေါ် သဘောထားနှင့် ထောက်ခံမှု ရရှိရေး ခရီးစဉ်တခုဖြစ်ပြီး ဆွေးနွေးသည့် အကြောင်းအရာများထဲတွင် အရှေ့တီမော၌ NCGUB ရုံးတခု တရားဝင် ဖွင့်လှစ်နိုင်ရေးလည်း ပါဝင်ကြောင်း ခရီးစဉ်တွင် ပါဝင်ခဲ့သူ NCGUB နိုင်ငံခြားရေးဝန်ကြီး ဦးဘိုလှတင့်က မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အရှေ့တီမောအစိုးရ၏ သဘောထား အချို့နှင့် NCGUB ၏ အသွင်ကူးပြောင်းရေးကာလ စီမံကိန်းအကြောင်း သိရှိနိုင်ရန် မဇ္ဈိမသတင်းထောက် ကိုဝိုင်းက မေးမြန်းတင်ပြထားသည်။

အရှေ့တီမောခရီးစဉ်မှာ အန်စီဂျီယူဘီ ရုံးဖွင့်ဖို့ ကိစ္စလည်း ဆွေးနွေးတယ်လို့ သိရပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး နောက်ဆုံး အခြေအနေကို သိချင်ပါတယ် ခင်ဗျာ။

ရုံးဖွင့်ဖို့က ဆွေးနွေးတဲ့ထဲမှာတော့ ပါပါတယ်။ ဒါပေမဲ့ အဓိက ဆွေးနွေးချက်ကတော့ နိုင်ငံရေးတွေပါ။ ကျနော်တို့က ၂ဝ၁ဝ မတိုင်ခင်မှာပေါ့နော်၊ လှုပ်ရှားမှုတခုလုံးအနေနဲ့ပေါ့၊ ဗမာနိုင်ငံမှာ inclusive political process ပေါ့။ အားလုံး ပါဝင်ပတ်သက်နိုင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တရပ် ပေါ်ပေါက်ရေးကို ကြိုးပမ်းနေတော့ အိမ်နီးနားချင်း နိုင်ငံအားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ထောက်ခံမှုကလည်း အရေးကြီးတယ် မဟုတ်လား။ အဲဒီအခြေခံပေါ်မှာ အဓိကထားပြီးတော့ သွားတွေ့ဆုံတာပါ။ အဲဒီတော့ အန်စီဂျီယူဘီ ရုံးဖွင့်ဖို့ဆိုတာလည်း ဆွေးနွေးချက်တခုတော့ ဖြစ်ပါတယ်။ အပြန်အလှန် သဘောတူညီချက်လည်း ရှိတယ်။ ဒါပေမဲ့ လက်တွေ့ ဘယ်အချိန်ကျမှ ဖွင့်ဖြစ်မလဲဆိုတာ ကျနော်တို့ မသိသေးဘူးပေါ့လေ။

အရှေ့တီမောမှာ ရုံးဖွင့်ခြင်းအားဖြင့် ဘယ်လိုမျိုး အကျိုးတွေ ရနိုင်မယ်လို့ မြင်ပါသလဲဗျာ။

တကယ်လို့ ဖွင့်ဖြစ်ခဲ့တယ် ဆိုရင်တော့ နိုင်ငံတနိုင်ငံက ဒီမိုကရေစီလှုပ်ရှားမှုကို၊ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ပထမဦးဆုံး အသိမှတ်ပြုတဲ့ တိုင်းပြည်တပြည် ဖြစ်လာမှာပေါ့လေ။ လာလို့လဲဆိုတော့ အဝေးရောက်အစိုးရကို အသိအမှတ်ပြုတယ်၊ ရုံးဖွင့်ခွင့်ပေးတယ်၊ အစိုးရကနေပြီးတော့ တိုက်ရိုက် သဘောတူညီမှု ရှိတယ် ဆိုတာတော့ ကောင်းတဲ့ အလားအလာ ရှိတာပေါ့လေ။ လှုပ်ရှားမှုရဲ့ ရေရှည်အကျိုးစီးပွားအတွက် ကောင်းတယ်လို့ ပြောရမှာပေါ့။ နိုင်ငံရေးအရပါ။ နောက်တခုကတော့ East Timor က နိုင်ငံသစ် တနိုင်ငံဖြစ်တယ်။ နောင်မှာလည်းပဲ အများကြီး တိုးတက်လာစရာရှိတယ်။ ဆိုတော့ ရေရှည်မှာ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း ဒေသအတွင်းမှာ အခြေစိုက်စရာ တနေရာ ဖြစ်တာပေါ့လေ။

ရုံးဖွင့်ဖို့ကိုက အရင် ဇာနာနာဂါစ်မားအိုး သမ္မတ ဖြစ်နေချိန်တည်းက ဖိတ်ခေါ်ထားတာလေ။ ဒီကိစ္စကို ဘာကြောင့် အခုလောက် ကြာပြီးမှ ပြန်ပြီး ဆွေးနွေးရတာပါလဲ ခင်ဗျာ။

အရင်တုန်းကတော့ တီမောနိုင်ငံ အနေနဲ့လည်း သူ့ပြည်တွင်းရေးက သိပ်ပြီးတော့ မတည်ငြိမ်ခဲ့ဘူးလေ။ သူတို့ ပြည်တွင်းရေး မတည်ငြိမ်တဲ့ အချိန်မှာ ကျနော်တို့အတွက် တပူဖြစ်နေမှာ စိုးတာနဲ့ ဒုက္ခမပေးခဲ့တာလို့ ပြောရမှာပေါ့လေ။ အခုချိန်မှာတော့ သူတို့ ပြည်တွင်းရေးလည်း အတော်အတန် ပိုပြီး တည်ငြိမ်လာတဲ့ သဘောရှိတယ်။ နောက်မကြာခင်ကမှ ကုလသမဂ္ဂကိုလာတဲ့ သမ္မတ ဂျိုဆေးရာမို့ ဟိုတာနဲ့ ကျနော်တို့ တွေ့ကြတယ်။ တွေ့ကြပြီးတော့မှ သူ့ဘက်ကလည်း လိုလိုလားလား ရှိတာနဲ့ ကျနော်တို့ ဆွေးနွေးဖြစ်ကြတာ ဖြစ်ပါတယ်။

ယူအန်မှာ ဦးဘိုလှတင့်တို့ တွေ့ပြီးတော့ ဒီ အရှေ့တီမောခရီးစဉ်ကို ဂျိုဆေးရာမို့ ဟိုတာက စပြီး ဖိတ်ခေါ်တာလား။

ဟုတ်ပါတယ်။ အဝေးရောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ ဥက္ကဋ္ဌ ဦးတယ်ဒီဘူရီက မကြာခင်ကမှ မနှစ်ကပေါ့နော်၊ East Timor ကို သွားပြီးတော့ လည်ခဲ့ပါတယ်။ အဲဒီမှာတုန်းကလည်းပဲ၊ သမ္မတကြီးနဲ့ တွေ့ပြီးတော့ ဆွေးနွေးတာတွေ ရှိခဲ့တယ်လေ။ နောက် ကျနော်တို့နဲ့ ဝါရှင်တန်မှာ ဆုံကြတယ် ဆိုတာကတော့ နောက်တကြိမ် ဖြစ်ပါတယ်။ အဲဒီဆွေးနွေးမှုတွေရဲ့ အကျိုးဆက်အဖြစ် ကျနော်တို့ သွားပြီးတော့ လည်ပတ်ခဲ့တယ်ပေါ့လေ။

၂ဝ၁ဝ ခု ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ရော သူတို့ရဲ့ သဘောထား တစုံတရာ ပေးလိုက်တာများ ရှိပါသလား ခင်ဗျာ။

သူတို့ကတော့ ကျနော်တို့ လှုပ်ရှားမှုရဲ့ သဘောထားအတိုင်းပါပဲ။ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဒီအတိုင်း ကျင်းပခြင်းအားဖြင့် မြန်မာနိုင်ငံဟာ အမျိုးသားချင်း ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီကိုရော တိုင်းပြည်တည်ငြိမ်ရေးကိုရော ဦးတည်သွားမယ်လို့ သူတို့လည်းပဲ မယူဆဘူး။ အဲဒီလို မတိုင်ခင်မှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပြီးတော့ တွေ့ဆုံဆွေးနွေး အဖြေရှာမယ်၊ နအဖ က သူ့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ပြီးသုံးသပ်ပြီးတော့ အားလုံးက လက်ခံနိုင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တရပ် ဖြစ်ပေါ်လာမယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်တယ်ဆိုတာ သူတို့ သဘောတူပါတယ်။

၂ဝ၁၂ မှာ အရှေ့တီမောနိုင်ငံဟာ အာဆီယံအဖွဲ့ဝင် နိုင်ငံတခု ဖြစ်တော့မယ်ပေါ့နော်။ ရာမို့ဟိုတာကလည်း မြန်မာနိုင်ငံအပေါ် ချထားတဲ့ တားဆီးပိတ်ဆို့မှုတွေဟာ အလုပ်မဖြစ်ဘူးလို့ ပြောထားပါတယ်။ အာဆီယံထဲမှာ တားဆီးပိတ်ဆို့မှုတွေကို အလုပ်မဖြစ်ဘူးလို့ ပြောလာမယ့် နိုင်ငံတခု တိုးလာမှာဖြစ်တော့ အန်စီဂျီယူဘီ အနေနဲ့ရော ဒီအပေါ်မှာ ဘယ်လို မြင်ပါသလဲဗျာ။

တစ်အချက် ပြောရရင် Sanction ကို ကျနော်တို့ကိုယ်တိုင် တောင်းဆိုခဲ့တာက targeted Sanction ပေါ့နော်။ မြန်မာနိုင်ငံမှာ တွေ့ဆုံဆွေးနွေးပွဲတွေ ပေါ်လာရေးကို အဓိက ဖိအားပေးတဲ့ လက်နက်တခုအနေနဲ့ ကျနော်တို့က တိုက်တွန်း တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ သက်ရောက်မှုရှိတယ်၊ မရှိဘူးကတော့ ယူအန် Sanction လောက်ကျမှပဲ ပြည့်ပြည့်စုံစုံ ထိရောက်မှုကို တွက်ဆလို့ရမှာကိုး။ မြန်မာအခြေအနေက ၂ဝဝ၇ ခု မတိုင်ခင်အထိဆိုရင် အမေရိကန်နိုင်ငံတခုပဲ ပြင်းပြင်းထန်ထန် လုပ်တာရှိတယ်။ ဥရောပသမဂ္ဂက တစိတ်တပိုင်းအနေနဲ့ နိုင်ငံရေးအရ ပိတ်ဆို့မှု လုပ်တာရှိတယ်။ ၂ဝဝ၇ ခု နောက်ပိုင်းမှာတောင်မှ သြစတြေးလျားတို့၊ ကနေဒါတို့ ပူးပေါင်းဆောင်ရွက်လာတာလွဲရင် ကုလသမဂ္ဂအဆင့်မှာ မရှိဘူး။ ဒါကြောင့် အငြင်းပွားစရာတွေ ရှိမှာပါပဲ။

ဒါပေမဲ့ ကျနော်တို့ တိုင်းပြည်နဲ့ ပတ်သက်လာရင်တော့ ကျနော်တို့ လိုချင်တဲ့ target ပေါ့နော်၊ Sanction ဟာ ထိရောက်တယ်လို့ ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မကြာခင်ကမှ သူတို့ ဝန်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန်ကိုယ်၌က အမေရိကန် ပြည်ထောင်စုအနေနဲ့ စီးပွားရေးအရ ပိတ်ဆို့မှု၊ ဗီဇာပိတ်ဆို့မှုတွေကို ပယ်ဖျက်ပေးဖို့ သူတို့ လိုလားတယ်။ နှစ်ပေါင်းများစွာမှာလည်း ဒေါ်လာသန်းနဲ့ချီ အကုန်ခံပြီးတော့ Sanction ပေါ်လစီ ဖျက်သိမ်းရေးကို အမေရိကန် ပြည်ထောင်စုမှာ ကြိုးပမ်းခဲ့တာတွေ ကြည့်မယ်ဆိုရင်တော့ သူတို့ အကျိုးစီးပွားနဲ့ သူတို့ရဲ့ လိုလားချက်တွေကို မထိခိုက်ဘူး ဆိုရင်တော့ နအဖက ဒီလိုကိစ္စတွေ ဆောင်ရွက်စရာ မရှိဘူးလို့ ကျနော် မြင်တယ်လေ။

အဲဒီတော့ကာ ကျနော်တို့ တိုင်းပြည်မှာ ဒီမိုကရေစီ အခြေအနေ တိုးတက်ဖြစ်ပေါ်မှုတွေ ထိထိလင်းလင်း မရှိလာမချင်း၊ လူ့အခွင့်အရေး အခြေအနေတွေ၊ တိုးတက်ဖြစ်ပေါ်မှုတွေဟာ ထင်ထင်ရှားရှား မရှိမချင်းတော့ နိုင်ငံတကာ မိသားစုအနေနဲ့ Sanction ကို ဆက်ပြီးတော့ ထိန်းထားသင့်တယ် ဆိုတာတော့ ကျနော်တို့ရဲ့ position ပါပဲ။ ကျနော်တို့ရဲ့ ရပ်တည်ချက်ပါပဲ။

နအဖနဲ့ အန်စီဂျီယူဘီ ကြားမှာ တွေ့ဆုံနိုင်ဖို့ ရားမို့ဟိုတာက ဆောင်ရွက်ပေးကောင်းပေးမယ် ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။ အဲဒီကိစ္စကို ရှင်းပြပေးပါလားဗျာ။

ဒါကတော့ မဟုတ်ပါဘူး။ ကျနော်တို့ကတော့ ဒီတွေ့ဆုံဆွေးနွေးပွဲများ ဖြစ်ပေါ်လာရေး နိုင်ငံတကာနဲ့ ပြည်တွင်း အခင်းအကျင်းတွေ ဖန်တီးဖို့အတွက်သက်သက် တာဝန်ခံပြီး ဆောင်ရွက်နေတဲ့ အမတ်တွေနဲ့ စုစည်းထားတဲ့ စုဖွဲ့မှုတခုပဲ ဖြစ်တယ်။ ကျနော်တို့ပြောတဲ့ တွေ့ဆုံရေးဆိုတာက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီ အင်အားစုတွေ၊ စစ်မှန်တဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ နအဖ သုံးပွင့် သုံးဖလှယ် တွေ့ဆုံဖို့ပဲ ပြောတာဖြစ်ပါတယ်။ ကျနော်တို့နဲ့တော့ မလုပ်ပါဘူး။

အန်စီဂျီယူဘီက ရေးဆွဲနေတဲ့ အသွင်အကူးအပြောင်းကာလအတွက် စီမံချက်အကြောင်း ရှင်းပြပေးပါလားဗျာ။

အခြေခံကတော့ ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်ခင်မှာ ပါဝင်သင့်တဲ့ အဖွဲ့စည်းတိုင်း၊ ပုဂ္ဂိုလ်တိုင်း ပါဝင်ပတ်သက်နိုင်တဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တရပ်ပေါ်ရေးကို ဦးတည်တဲ့ ပြင်ဆင်ချက်ဖြစ်ပါတယ်။ ဦးတည်ချက် (၂) ရပ်နဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။ ပထမ အချက်ကတော့ နိုင်ငံတကာရဲ့ အမြင်မှာ ကျနော်တို့ လှုပ်ရှားမှုဟာ နအဖ ကိုပဲ အပြစ်တင်နေတယ်။ နအဖရဲ့ လုပ်ပုံကိုင်ပုံတွေ။ သူတို့ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ သူတို့ရဲ့ လုပ်ငန်းစဉ်တွေ အားလုံးကို ကျနော်တို့က ဆန့်ကျင်နေကြတယ်။ ကျနော်တို့ မှာတော့ကာ ပိုကောင်းပြီးတော့ ပိုပြီးလက်တွေ့ကျတဲ့ အမြင်တွေနဲ့ vision and action plan တွေ strategic action plan တွေ မရှိဘူးဆိုတဲ့အမြင် မှားယွင်းမှုတွေ ရှိတာကို သက်သေပြနိုင်ဖို့အတွက် ကျနော်တို့က movement တခုလုံးကိုယ်စား ကြိုးစား ပြချင်တာ။

ဒုတိယ တချက်က ကျနော်တို့ ယုံကြည်တာက နအဖ အခုလုပ်နေတာက အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ၁၉၇၄ တုန်းကလည်း စစ်တပ်က ဦးဆောင်တဲ့ တိုင်းပြည်ကို အခြေခံဥပဒေ မရှိဘဲနဲ့ ၁၉၆၂ ကနေ ၁၂ နှစ် လောက် အုပ်ချုပ်တယ်။ ၇၄ ခုနှစ်လောက်ကျတော့ မဆလ ပါတီဆိုပြီးတော့ လုပ်တယ်။ ကွာဟချက်တခုကတော့ အရင်တုန်းက တပါတီ အာဏာရှင်စနစ်ကို ဦးတည်တဲ့ အခြေခံဥပဒေ ဖြစ်တယ်။ အခုကတော့ နအဖ အပြောအရ ပါတီစုံဘာညာပေါ့။ ပြောချင်တာက ဖြစ်ပေါ်လာတဲ့ အခြေခံဥပဒေဟာ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှ ပါဝင်ပတ်သက်ခွင့် ရှိရေး အာမခံချက်ရှိရေး၊ နိုင်ငံသား တဦးချင်းစီရဲ့ အခြေခံ လူ့အခွင့်အရေးတွေနဲ့ ဒီမိုကရေစီ အခွင့်အရေးတွေကို လူတန်းစားမရွေး လူမျိုးမရွေး ခံယူပိုင်ခွင့် ရှိရေးဆိုတဲ့ အချက်တွေ၊ နောက်စီးပွားရေးအရ ချမ်းသာမှုကို ဖြန့်ဝေတဲ့အခါမှာ မညီမျှတာတွေကို မဖြေရှင်းနိုင်ရင် ဘယ်လို အခြေခံ ဥပဒေမျိုးပဲဖြစ်ဖြစ် မယုံကြည်ပါဘူး။

အဲဒီစီမံချက်ရေးဆွဲတာက အခု ဘယ်အဆင့်လောက် ရောက်နေပြီလဲ။ ရေးဆွဲပြီးရင် နအဖ ဆီကိုရော ပို့မှာလားခင်ဗျာ။

ကျနော်တို့ စီမံချက်က အခုကတော့ ပထမအဆင့် မူကြမ်းကတော့ ပြီးပြီလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ပြည်တွင်းပြည်ပက အတိုက်အခံ အဖွဲ့အစည်းအားလုံးနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေရဲ့ အကြံဉာဏ်တွေ ရယူဖို့ အဆင့်ထိတော့ အဆင်သင့် မဖြစ်သေးပါဘူး။ ကျနော်တို့က ပထမ တာဝန်ခံပြီး ပညာရှင်များ၊ ကျွမ်းကျင်သူများနဲ့ စုစည်းပြီးတော့ ဆောင်ရွက်ပေးတယ်။ ပြီးရင် သက်ဆိုင်ရာ ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစုတွေဆီ ပို့မယ်။ နိုင်ငံတကာမှာ ရှိနေတဲ့ ကျနော်တို့ရဲ့ မိတ်ဆွေ နိုင်ငံတွေဆီလည်း ပို့ပြီးတော့ သူတို့ရဲ့ သဘောထားတွေ အကြံပြုချက်တွေ ရယူပြီးတော့ ကောင်းတာထက် ကောင်းအောင် မွမ်းမံသွားမယ်ပေါ့။

Movement က သဘောတူ ပြီဆိုရင်တော့ အားလုံးဆီကို ရောက်မှာပါ။ ဒီ တပ်မတော် ခေါင်းဆောင်တွေ၊ နအဖ ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေ သုံးဦးသုံးဖလှယ် တွေ့ဆုံဆွေးနွေးနိုင်တဲ့ အခြေအနေကောင်းတွေ ဖြစ်ပေါ်ဖို့ ဦးတည်တာဖြစ်တဲ့အတွက် အားလုံးက သိသင့်သိထိုက်တဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ ကျနော်တို့ချည်းပဲ သဘောတူလို့ကတော့ ဘယ်နည်းနဲ့မှ အဖြေပေါ်မှာ မဟုတ်ပါဘူး။ ဒါတွေကို စစ်တပ်ထဲမှာ အမြင်မှန်မှန်ကန်ကန် ရှိကြတဲ့ နအဖ ခေါင်းဆောင်များဟာလည်း တကယ်ပဲ တိုင်းပြည်အတွက် စေတနာမှန်တယ် ဆိုရင်တော့ ဒါကို သေချာလေ့လာဖို့ လိုလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ အချိန်တန်လို့ရှိရင် သူတို့ဆီလည်း ရောက်မှာပါ။

အဲဒီစီမံချက်ထဲမှာပါဝင်တဲ့ အကြောင်းအရာတွေကို အနှစ်ချုပ် ပြောပြပေးပါလားဗျာ။

ကဏ္ဍအားဖြင့် ၆ ခုလောက် ခွဲပြီးတော့ တင်ပြထားပါတယ်။ ကျနော်တို့ ယုံကြည်တာက တိုင်းပြည်မှာ အဓိကအားဖြင့် crisis ကြီး ၃ ခု ရှိတယ်။ ပထမကတော့ အခြေခံဥပဒေဆိုင်ရာ ဒါမှမဟုတ် နိုင်ငံရေးဆိုင်ရာ ပဋိပက္ခတွေ ရှိနေတယ်။ ဒုတိယကတော့ လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ ဆင်းရဲငတ်မွတ်မှု ပြဿနာတွေနဲ့ စီးပွားရေး အကျပ်အတည်းပေါ့။ နောက်ဆုံးကတော့ လူသားချင်း စာနာမှုဆိုင်ရာ ပြဿနာတွေ အထူးသဖြင့်တော့ ၂ဝဝ၇ ခုနှစ် နာဂစ်အပြီးမှာ ပိုပြီးဆိုးလာတဲ့ အနေအထားတွေပေါ့။ ဒီ ၃ ခုလုံးကို တပြိုင်နက်တည်း ဖြေရှင်းပေးနိုင်မယ့် plan မျိုး တိုင်းပြည်မှာ ရှိဖို့ လိုအပ်တယ်လို့ ယုံကြည်ပါတယ်။

ဒါကြောင့် ဒီ ၃ ခုလုံးကို ခြုံငုံပြီး ပြေလည်စေမယ့် အခန်းကဏ္ဍ ၆ ခု ခွဲပါတယ်။ ပထမဖြစ်တဲ့ constitution frame work ဆိုတဲ့အခါမှာ နအဖ ဒီကနေ့ ဆွဲထားတဲ့ adopt လုပ်ထားတဲ့ constitution ကိုပဲ ကြည့်ပေးတာ ဖြစ်ပါတယ်။ ပြည်သူလူထုရော၊ နိုင်ငံတကာ မိသားစုရော လက်ခံနိုင်ဖွယ်ရာရှိတဲ့ constitution ဖြစ်အောင် အကြံပြုချက်တွေ ပါတဲ့အပိုင်း ဖြစ်ပါတယ်။ နောက်တခုက ကြားကာလ စီးပွားရေး တည်ငြိမ်အောင် တကယ့် ဈေးကွက်စီးပွားရေးကို ဦးတည်ပြီးသွားရင် လိုအပ်ချက်တွေကို ပညာရှင်တွေရဲ့ အကြံပြုချက်တွေနဲ့ စုစည်းပေးထားပါတယ်။ နောက်တခုက ရွေးကောက်ပွဲ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေ အကြံပြုထားတယ်။

နံပါတ် ၄ ကတော့ စစ်တပ်နဲ့ လူထုကြားမှာ ဘယ်လိုဆက်ဆံကြမလဲ။ အသွင်ကူးပြောင်းရေးကာလမှာ ဖြစ်စေ၊ နောင်အနာဂတ်မှာဖြစ်စေ စစ်တပ်ရဲ့ အခန်းကဏ္ဍက ဘယ်လိုရှိသင့်တယ်၊ စစ်တပ်ကိုပြန်ပြီး reform လုပ်ကြတဲ့ အခါမယ် ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီတဲ့ စစ်တပ်ကို နိုင်ငံတကာ အတွေ့အကြုံတွေနဲ့ အခြေခံပြီး အကြံပြုထားပါတယ်။

နောက်တခုက Reconciliation လို့ပဲခေါ်ခေါ် transitional justice လို့ပဲခေါ်ခေါ်။ ကြားကာလတခုကိုဖြတ်ပြီး ဒီမိုကရေစီကို သွားကြတဲ့အခါမှာ။ တိုင်းပြည်ပြုပြင်ပြောင်းလဲမှု ဖြစ်ပေါ်လာဖို့ အနစ်နာခံပေးသွားကြတဲ့၊ အသက်ပေးသွားကြရတဲ့ ပုဂ္ဂိုလ်တွေရဲ့ ခံစားချက်တွေ၊ နာကျည်းချက်တွေဟာ တိုင်းပြည်ရဲ့ အနာဂတ်ကို မသက်ရောက်အောင် ကြားကာလ အတွင်းမှာပင်လျှင် အားလုံးက ဝိုင်းပြီးတော့ ဒီလိုကိစ္စတွေကို မှန်မှန်ကန်ကန်နဲ့ တည်တည်ငြိမ်ငြိမ် ဘယ်လိုဆောင်ရွက်သွားမလဲ ဆိုတာတွေကို တင်ပြအကြံပြုထားပါတယ်။

နောက်ဆုံးကဏ္ဍကတော့ နိုင်ငံရပ်ခြားကို ရောက်နေကြတဲ့ ပညာရှင်တွေ အများကြီးရှိတယ်။ refugee တွေလည်း ရှိတယ်။ နိုင်ငံတွင်းမှာ ဒုက္ခရောက်နေတဲ့ IDP တွေလည်း ရှိတယ်။ သူတို့ကို စနစ်တကျနဲ့ ဘယ်လို လက်ခံနေရာချပေးမလဲပေါ့။

အဲဒီ ၆ ခုကိုပဲ ကျနော်တို့က ပညာရှင်တွေနဲ့ သက်ဆိုင်ရာကဏ္ဍ ကျွမ်းကျင်သူတွေနဲ့ ညှိနှိုင်းပြီးတော့ ပြင်ဆင်ပေးထားတာပဲ ဖြစ်ပါတယ်။

No comments: