Tuesday, April 14, 2009

ဟုတ်ပါ့မလားမောင်ကာဠု

မင်းရန်နိုင် (ဘန်ကောက်)

အပိုင်း(၁)

သိဒ္ဓတ္ထမင်းသား အတွက် မိဖုရားလောင်းလျာ၊ ယသော်ဓယာမင်းသမီး သင့်တင့်လျောက် ပတ်ကြောင်းလူနဲ့မတူ နတ်ထက်မက သာလွန် ချောမွေ့ ပြစ်မျိုးမှဲ့ မထင်ကောင်းခြင်း ငါးဖြားမကဖွဲ့လို့ မကုန်၊ လှပ ချောမောပုံ တွေကို ခမည်းတော် သုဒ္ဓေါဓနဘုရင်ကြီးအား၊ အမတ်ကာ လုဋာယီ လျှောက်တင်သဖြင့် “ဟုတ်ပါ့မလား မောင်ကာဠု” ဆိုတဲ့ ယုံနိုင်ဘွယ်မရှိ၊ သံသယအမြင်ဖြင့် ပြန်ပြောတဲ့စကား အဖြစ်ဖတ်ဖူး ကြားဖူးပါတယ်။

ကျနော်တို့ မြို့ နယ်အဆင့် ဘောလုံးကန်ခဲ့တဲ့ အချိန်က ၁၉၈၁/၈၂ လောက်မှာပါ။ အဲဒီအချိန်တုန်းက ကျနော်တို့ ကိုပြတဲ့နည်းပြက တိုင်းနဲ့ပြည်နယ် လက်ရွေးစင် ဘောလုံးသမား တစ်ယောက်ပါ။ သူခေတ် သူ့အခါအရ ကျနော်တို့ လေ့ကျင့်ရတဲ့ နည်းစံနစ်တွေဟာ ၉၀ ပြည့်လောက်မှာ တော်တော်ကို ပြောင်းသွားခဲ့ပါတယ်။

ဘောလုံးကွင်းလယ်ဒိုင်ရဲ့  ဥပဒေဟာလည်း တစ်နှစ်နဲ့ တစ်နှစ်ကွဲလွဲချက်တွေ အများအပြားရှိလာပါတယ်။ ဥပမာ ဖနောင့်နဲ့ ပေါက်ရင် ဖေါင်း(ပစ်ဒဏ်ဘော) ပေးသလို၊ မပေး တော့တာရှိလာပါတယ်။ အလားတူ ပယ်နယ်တီ ဘောလုံးကို ကန်ရာမှာလည်း ဘောလုံးနဲ့ လူနဲ့တစ်ဖြောင့်တည်း နေပြီး ခြေလှမ်းဘယ်နှစ်လှမ်း အကွာကကန်ရမယ် ဆိုရာကနေ ကြိုက်တဲ့အနေအထားနဲ့ လွတ်လွတ်လပ်လပ် ကန်ခွင့်တွေဖြစ်လာပါတယ်။

ကျနော်တို့ကို ဘောလုံးနည်းပြ ဆရာကပြောပြဖူးပါတယ်။ ကွင်းလယ်ဒိုင် တစ်ယောက်ဟာ တစ်နာရီခွဲဘောလုံး ကစား ချိန်မှာအနည်းဆုံး ၇ မိုင်အထက်မှာ ပြေးလွှားနေရမယ် ဘောလုံးပြေး သလောက်ဒိုင်လည်း ပြေးလိုက် နေရမယ်။ စည်းကြပ်ဒိုင်တွေရဲ့  အချက်ပြမှုတွေကို မျက်စိလျှင်လျှင် နဲ့ကြည့်ရှုပြီး ကိုယ့်အမြင်နဲ့ ပေါင်းစပ်၊ နောက်ဆုံး သတ်မှတ် ထားတဲ့ ဘောလုံးဥပဒေသတွေနဲ့ ညှိနိုင်းပြီး မှန်မှန်ကန်ကန်ဆုံးဖြတ်တတ်ရမယ်။ ဘက်မလိုက်ရဘူး၊ ဘောလုံးကန်ကြသူ အချင်းချင်း မတော်တဆထိခိုက်မှုကြောင့် အချင်းချင်းပြဿနာမတက် ရုံသာမက၊ ပြင်က ပွဲကြည့် ပရိတ်သတ်တွေ အချင်းချင်းပြဿနာ မဖြစ်အောင်ပါပွဲကို ထိန်းသိမ်းတတ်ဖို့လိုတယ်။ ဒါ့အပြင်ပရိတ်သတ် တွေ နားလည်းအောင် ခြေဟန် လက်ဟန်နဲ့ပြပြီး ဘာကြောင့် ဒါရိုက်ပေးရတယ်။

အင်တာရိုက်ပေးရတယ်၊ လက်ပစ်ဘောပေးရတယ်။ ပြစ်ဒဏ်ဘော ပေးရတယ် အစရှိသဖြင့် သဘောပေါက် စေတဲ့ အမူအယာတွေနဲ့ လုပ်ပြတတ်ရမယ် လို့ဆိုပါတယ်။ ကွင်းလယ်ဒိုင်ရဲ့ မဆင်ခြင်မှုကြောင့် ဆုံးဖြတ်ချက် တစ်ခုချ မိလို့ တစ်ဘက်အသင်းက မရှုံးသင့်ပဲရှုံး နိမ့်ခဲ့ရင် ဘောလုံးပွဲကနေ ရန်ပွဲအဆင့်ကို ရောက်ရှိသွားတတ်တယ်။ တစ်ရွာနဲ့ တစ်ရွာ၊ တစ်သင်းနဲ့ တစ်သင်းလူမှုရေး ကိစ္စရပ်တွေမှာပါများစွာ ထိခိုင်စေနိုင်ပါတယ်။

အပိုင်း(၂)
ဘောလုံးကွင်း နိုင်ငံတကာဘောလုံးသမားတွေ ကန်နေတဲ့ အပျံစားကစားကွင်းလား။ ချိုင့်တွေ၊ ဗွက်တွေနဲ့လား၊ မိုးရွာရင် ကန်မရတော့တဲ့ ကွင်းမျိုးလား၊ ကစားတဲ့ အသင်းတွေဟာ အနိုင်အရှုံးကို အဓိကထား တဲ့ပွဲလား၊ ခြေစမ်းပွဲ လား၊ ယှဉ်ပြိုင်မှုကို အဓိကထားတဲ့ ပွဲလား၊ မကြေပွဲလား၊ အစရှိသဖြင့် ပြိုင်ဘက်အသင်းတွေရဲ့ နောက်ကြောင်း ရာဇ၀င်ကအစ၊ ကစားသမားတွေဟာ လူသစ်တွေလား၊ ပွဲအထားနဲ့ ကွင်းအထာကို ကြေညက်နေကြသူတွေလား ပွဲကြည့် ပရိတ်သတ်တွေကကော ဘယ်လိုအမျိုးအစားလဲ စသဖြင့် အတွင်းအပြင် အခင်းအကျင်းအားလုံးကို ကွင်းလယ် ဒိုင်တို့ အဖွဲ့ကဦးစွာ သိထားမှ ပွဲကိုဘယ်လို ထိန်းကျောင်းရမယ်ဆိုတာ သိနိုင်ပါတယ်။

ဒိုင်လုပ်မယ့်လူတွေက နောက်ကွယ်မှာ ခေါက်ဆွဲစားထားပြီး လစ်ရင်လစ်သလို၊ ပိုင်ရင်ပိုင်သလို တဘက်အသင်း ကိုချိုး နှိမ်နေကြောင်း ကစားသမားတွေ ရိပ်မိလို့ကတော့ အဲဒီပွဲရော အဲဒီ ဒိုင်လူကြီးပါ အဆိုးဘက်ကို ဦးတည် သွားနိုင်ပါတယ်။

ပြီးတော့ ကွင်းလယ်ဒိုင်လုပ်သူဟာ လက်ရှိပြိုင်ပွဲဝင် ကစားသူတွေထက်၊ နည်းပညာအရပ်ရော၊ သမ္ဘာအရပါရင် ကျက်သူ ဖြစ်ရုံမကဘူး ဘောလုံးသမားတွေက လိုက်နာနိုင်တဲ့ စိတ်ချယုံကြည်တဲ့ သူဖြစ်ပါမှ ၀ီစီမှုတ်သံ ကို လိုက်နာ ကြမယ့် သဘောလည်းရှိပါတယ်။ ဒိုင်က ရပ်ကွက်အဆင့် သာရှိပြီး ကစားနေတဲ့လူတွေက နိုင်ငံကိုယ်စားပြု ကစား သမားတွေဆိုရင် အဲဒီဘောလုံးပွဲက သောင်းပြောင်းဖြစ်ဖို့က သေချာပါတယ်။

အပိုင်း(၃)
မြန်မာ့နိုင်ငံရေး ကစားကွင်းဟာ ပြေပြစ်ညီညာမှု မရှိတဲ့ အားကစားကွင်းနဲ့ နှိုင်းရင်ဖြစ်နိုင်သလို ရာစုနှစ် ၀က်ကျော် ကြာ တော်လှန်သူနဲ့၊ ခုခံသူ၊ ဘိုတပြန် ကျားတပြန်မျိုးဆက်နဲ့ ချီပြီး ကျားနာခဲခဲပြီး အာဏာရှင်တည်မြဲရေး နဲ့တန်း တူရေး ယှဉ်ပြိုင်နေသူတွေကို ၀ါရင့် ကစားသမားနဲ့ ဥပမာပေးရင် လွဲမယ်မထင်ပါဘူး။ ကုလသမဂ္ဂလိုအဖွဲ့ အစည်း ကတောင် လက်မြှောက်ထားရတဲ့ မြန်မာ့နိုင်ငံရေး ဘောလုံးပွဲကို စီးပွားရေးအခွင့်အလမ်းရရှိရေးဆိုတဲ့ ခေါက်ဆွဲ စားပြီး ထိုင်းနိုင်ငံက ဒိုင်ဝင်လုပ်မယ်ဆိုတော့ “ဟုတ်ပါ့မလားမောင်ကာဠု” လို့မေးရမယ်လို့ယူဆပါတယ်။

အိမ်နီးချင်းကောင်း ပီသစွာနဲ့ ပြေလည်ကြပါစေဆိုတဲ့ စေတနာအပြင် မြန်မာ့နိုင်ငံရေး ပြဿနာရဲ့ အတိမ်အနက်၊ အခင်းအကျင်းတွေကို ရေဆုံး၊ မြေဆုံးသိရှိ နားလည်းပြီးတော့ ရှင်းနိုင်လောက်တဲ့ သြဇာတက္ကမ ထိုင်းမှာရှိ နေရင် တော့၊ သာဓုခေါ်စရာ ဖြစ်လာမှာပေါ့။ အဲသလိုမျိုးမဟုတ်ပဲ၊ ခလေးတွေ မကစားချင်တော့ရင် ငါ့အိုးခွက် အရုပ်တွေ ပြန်ပေးဆိုသလို၊ ငါတို့ ခိုင်းသလိုလုပ်မှ ငါတို့ ပိုင်နယ်မြေမှာ နေခွင့်ပြုမယ်ဆိုတဲ့ အကြပ်ကိုင် အပေါ် စီးဆန်မှုမျိုး အပေါက်သွားချိုးလို့ရမယ်လို့ ထင်ရင်တော့ အဲဒီဘောလုံးပွဲဟာ ကစားသူတွေရော ပွဲကြည့် ပရိတ်သတ်ပါရှင်းမကျင်း တဲ့ ပြဿတွေနဲ့ အဆုံးသတ်သွားမှာကိုတော့ စိုးရိမ်မိပါတယ်။ ဒါပေမယ့်ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ပွဲပြီးအောင် ထိန်းကျောင်း နိုင်ရင်တော့ အမောင်ထိုင်းလင်းကို ရွှေလောင်းအပြည့်နဲ့ ဂုဏ်ပြု ရမှာပေါ့လေ။

No comments: