ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် လပွတ္တာ မြို့ ပြင်တွင် နေထိုင်လျှက် ရှိသော နာဂစ် ဆိုင်ကလုန်း မုန်တိုင်း ဒုက္ခသည် ၁၀၀၀ ကျော်သည် အလုပ်အကိုင်နှင့် စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေဆဲ ဖြစ်ကြောင်း ဒုက္ခသည်များ က ပြောသည်။စစ်အစိုးရ၏ နေရပ်ရင်း ကျေးရွာများ ဆီသို့ အတင်းအကျပ်ပြန်လည်စေလွှတ်မှု ကိုငြင်းဆန်ခဲ့သော အဆိုပါဒုက္ခသည် များမှာ လပွတ္တာမြို့ပြင် လပွတ္တာ-မြောင်းမြကားလမ်းဘေးရှိ ကျေးရွာများ တွင်ခိုကပ်နေထိုင် နေရပြီး အလုပ်အကိုင် မရှိ၍ စားဝတ်နေရေး အခက်အခဲအပြင် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အခက်အခဲများ ကြုံတွေ့နေရ သည် ဟု ပိန္နဲတောင်ကျေးရွာအနီးတွင် နေထိုင်သည့် မုန်တိုင်းသင့် ဒုက္ခသည်များက ပြောကြားသည်။
ထို့အပြင် ကလေးငယ်များအတွက် ပညာရေးဆိုင်ရာ အခက်အခဲများကြုံတွေ့နေရပြီး အကူအညီမဲ့ ဖြစ်နေ ကြသည်ဟုလည်း ဆိုသည်။
လပွတ္တာ-မြောင်းမြကားလမ်းဘေးရှိ ဒုက္ခသည်စခန်းများကို အာဏာပိုင်များက ဖျက်သိမ်းပြီးနောက် နေရပ်ပြန်ရန် ငြင်းဆန်သည့် ဒုက္ခသည်များကိုပိန္နဲတောင်၊ကျောက်မှော်၊ကျောက်ဖြူကျေးရွာများရှိ လူသူ အရောက်အပေါက် နည်းသော နေရာများသို့အတင်းအကျပ် ပြောင်းရွှေ့စေခဲ့ကြောင်း၊ လပွတ္တာ-မြောင်းမြ ကားလမ်းဘေးတွင် နေ ထိုင် ကြခြင်းမပြုရန် တင်းကျပ်စွာ တားမြစ်ခဲ့ပြီး ထိုသို့တားမြစ်ခြင်း မှာ အခြေအနေ အားလုံးမှာ ပုံမှန် အနေအထား ပြန်လည် ရောက်ရှိပြီး ဒုက္ခသည် တဦးတယောက်မှ မရှိတော့ဟု ထင်မြင်စေလို သည့် အတွက်ကြောင့်ဖြစ်ကြောင်း ဒုက္ခသည်များက ပြောသည်။
“သုံးမိုင်၊ ငါးမိုင်နဲ့ ရတနာဒီပဒုက္ခသည်စခန်းတွေက နေရပ်မပြန်ချင်တဲ့ဒုက္ခသည်တွေကို ရွာနားတွေမှာ နေခိုင်း တယ်။ လပွတ္တာ-မြောင်းမြကားလမ်းဘေးမှာလုံးဝမနေရဘူး။ကားလမ်းဘေးမှာ နေရင် ဖြတ်သွားတဲ့ကားတွေ က ဒုက္ခသည်တွေကိုတွေ့မှာစိုးလို့”ဟု ပိန္နဲတောင်ကျေးရွာအနီးတွင် နေထိုင်သည့် အသက် ၃၀ ကျော်အရွယ် ဒုက္ခ သည် အမျိုးသမီးတဦးက ပြောသည်။
ဒုက္ခသည်များမှာ လူသူအရောက်အပေါက်နည်းပါးသည့် နေရာများတွင် တာပေါ်လင်စများဖြင့် ပြုလုပ်ထားသည့် တဲငယ်လေးများတွင်နေထိုင်နေရပြီး စစ်အစိုးရကတစုံတရာကူညီမှုမပြုတော့ကြောင်း၊ လပွတ္တာမြို့နယ်အခြေစိုက် WFP အဖွဲ့မှဝေခြမ်းသည့် ဆန်ရိက္ခာများကိုရရှိသော်လည်း အလုပ်အကိုင် မရှိဘဲဖြစ်နေသည့်အတွက် စားဝတ် နေရေး ခက်ခဲနေရကြောင်း ဒုက္ခသည်များကပြောသည်။
“WFP က လူတဦးကို တလ ဆန် ခြောက်ပြည်၊ ဆီ ၅၅ ကျပ်သား၊ ပဲနဲ့ဆားပေးတယ်။ အစိုးရဆီကတော့ ဘာမှ မရဘူး။ ဒါပေမယ့် အခုပေးတဲ့ ရိက္ခာကလည်း မိသားစုတွေအတွက်မလုံလောက်ဘူး။မုန်တိုင်းဖြစ်ပြီးတာ တနှစ် ပြည့် တော့မယ် ကျနော်တို့မှာခုချိန်ထိ နေစရာအတည်အကျမရှိ အလုပ်လည်းမရှိ။ တနေ့တနေ့ ငါတို့ကို ဘယ် များပြောင်းခိုင်းဦးမလဲဆိုပြီးကျီးလန့်စာစားနေရတယ်”ဟု နာဂစ်မုန်တိုင်းတွင် မိသားစုဝင် ၁၀ ဦးဆုံးရှုံးခဲ့သည့် ကိုင်းသောင်ကျေးရွာသားဒုက္ခသည်တဦးကဆိုသည်။
ဒုက္ခသည်များမှာ အလုပ်အကိုင်မရှိသည့်အတွက် အနီးအနားကျေးရွာများတွင် ကြုံရာကျပန်းအလုပ်များကို လုပ်အားခ ဈေးပေါပေါဖြင့်လုပ်ကိုင်နေရကြောင်းလည်း သိရှိရသည်။
“ဆန်ချည်းပဲချက်စားလို့မရတော့ ဟင်းစားအတွက် ရွာတွေမှာအလုပ်သွားလုပ်ကြရတယ်။တချို့က ကျောက် မှော် ရွာနားမှာအုတ်ဖုတ်လုပ်ငန်းတွေမှာ လုပ်ကြတယ်။ တချို့က လယ်တွေမှာ လယ်ကြွက်ထောင်တယ်။ မြောင်း တွေ မှာ ဖားငါးရှာတယ်။ တချို့ကတော့ ၃ မိုင်လပွတ္တာမြို့သစ်စီမံကိန်းမှာဝင်ပြီး အလုပ်လုပ်ကြ ပေါ့။ အားလုံး တနေ့ ရတဲ့လုပ်အားခက ကျပ် တထောင်အောက်မှာပဲရှိတယ်။ ကံတအားကောင်းတဲ့ဒုက္ခသည်တချို့ကလပွတ္တာမြို့ ပေါ် က ကုလသမဂ္ဂနဲ့တခြားအဖွဲ့တွေဆီမှာ လုံခြုံရေးအလုပ်တို့ဘာတို့ရတယ်။ဒါပေမယ့် ဒီလိုအဖွဲ့အစည်းတွေဆီ မှာ အလုပ်ရတဲ့သူက နည်းလွန်းပါတယ်”ဟုပိန္နဲတောင်ကျေးရွာနေ ဒုက္ခသည်အမျိုးသမီး တဦးကဆိုသည်။
ဖေဖော်ဝါရီလကုန်မှစပြီး လပွတ္တာမြို့နယ်အတွင်း အလွန်ပူပြင်းလာရာ တာပေါ်လင်စဖြင့်ပြုလုပ်ထားသည့် တဲများ တွင် နေထိုင်ရသော ဒုက္ခသည်များမှာ အပူဒဏ်ကို အလွန်ခံစားနေရပြီး ကလေးငယ်များမှာလည်း အပူဒဏ် နှင့် ပတ်သက်သောရောဂါများခံစားနေရသည်ဟု သိရသည်။
“တာပေါ်လင်တဲက နေ့လယ်ဆို ပူလို့မနေနိုင်ဘူး။ တာပေါ်လင်တဲမှာနေတဲ့လူကြီးရောကလေးတွေရော မိတ်တွေ အရေပြားအနာတွေ ဖြစ်ကြတယ်” ဟုပိန္နဲတောင်ကျေးရွာအနီး တွင်နေထိုင်သည့် ဒုက္ခသည်တဦးက ဆိုသည်။
ယင်း ဒုက္ခသည်များ၏ ကျန်းမာရေးနှင့် ကလေးငယ်များပညာရေးအတွက် အာဏာပိုင်များက တစုံတရာစီမံပေး ထားခြင်းမရှိကြောင်းလည်း သိရှိရသည်။
“ကျန်းမာရေးနဲ့ကလေးတွေအတွက်ကျောင်းတွေ စီမံပေးဖို့ ဝေးရော ကျနော်တို့မှာ ခုနေတဲ့ နေရာလေးကနေ ဘယ်အချိန်ပြောင်းခိုင်းမလဲဆိုပြီး လန့်နေရတာဗျ”ဟု အသက် ၄၀ ကျော်အရွယ်ဒုက္ခသည်တဦးက ဆိုသည်။
ကျေးရွာများတွင် ခိုကပ်နေထိုင်ကြသည့် ဒုက္ခသည်များကိုနယ်ခံများက ခွဲခြား နှိမ်ချဆက်ဆံမှုများရှိကြောင်း လည်းသိရသည်။
နှိမ်ချဆက်ဆံမှုများ၊စားဝတ်နေရေး၊ကျန်းမာရေးအခက်အခဲများကြုံတွေ့နေရသော်လည်း ဒုက္ခသည်များမှာ
နေရပ်ရင်းကျေးရွာများဆီသို့ အပြန်လိုကြကြောင်း ပြောဆိုကြသည်။
“ဒီမုန်တိုင်းမှာ မိသားစုတွေသေကုန်တယ်။ ရွာကိုပြန်သွားလို့နောက်ဒီလိုအဖြစ်မျိုး ထပ်ကြုံမယ်၊မကြုံဘူးဆိုတာ မပြောနိုင်ဘူး။ နောက်ပြီးရွာပြန်ရင် သေသွားတဲ့မိသားစုတွေကို အမြဲသတိရနေမှာ။ လုံးဝမပြန်တော့ဘူး” ဟု
ဒုက္ခသည်အမျိုးသားတဦးက ဆိုသည်။
အဆိုပါ ဒုက္ခသည်များထဲတွင် လင်ယောက်ျားဆုံးရှုံးသွားသည့် အမျိုးသမီးများ ပါဝင်ပြီးအချို့သောအမျိုးသမီးများ မှာ ဒုက္ခသည်များစုပေါင်းနေထိုင်ရာ နေရာများနှင့် အနီးအနားကျေးရွာများတွင် လိင်ဖျော်ဖြေရေး အလုပ်လုပ်၍ အသက်မွေးမှုများလည်း ရှိကြောင်း ဒုက္ခသည်များကပြောသည်။
ပိန္နဲတောင်ကျေးရွာအနီးတွင် ဒုက္ခသည်မိသားစု ၃၀၀ နီးပါးရှိ လူဦးရေ တထောင်ကျော်နှင့် ကျောက်ဖြူ၊ ကျောက် မှော် ကျေးရွာအနီးအနားတွင် ဒုက္ခသည်ဦးရေရာဂဏန်းနီးပါးတို့သည် ယခုအချိန်ထိ အကူအညီမဲ့ နေကြကြောင်း လည်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ဧရာဝတီ သတင်းထောက် အောင်သက်ဝိုင်းသည် နာဂစ် ဒုက္ခသည်များ လတ်တလော ကြုံတွေ့နေရဆဲ အခက် အခဲများကိုသိရှိရန် မကြာသေးခင်က နာဂစ်မုန်တိုင်း ဒဏ်သင့် မြစ်ဝကွန်းပေါ် ဒေသသို့ ကိုယ်တိုင်သွားရောက် ခဲ့ပြီး ယခု သတင်းကို ရေးသားပေးပို့ခြင်းဖြစ်သည်။ ၎င်းဒုက္ခသည်များ၏ အခက်အခဲများနှင့်ပတ်သက်ပြီး ဆက်လက် ရေးသားတင်ပြသွားမည် ဖြစ်ပါသည်။
No comments:
Post a Comment