Friday, March 13, 2009

၂၀၁၀ ကို တီးခေါက်ကြည့်တော့ အပြီးဆောက်မဲ့ နေပြည်တော်လား

စွာကျယ်

အခုတလော ညစဉ် တီဗွီ သတင်း တွေမှာ ကြပ်ပြေး နေပြည်တော်က ဟိုအခမ်းအနားပွဲ လုပ်ပြလိုက်၊ ဒီဆုပေးပွဲ ကျင်းပလိုက်၊ ဟိုအဆောက်အဦကြီး ဖွင့်ပွဲလုပ်ပြလိုက်၊ ဟိုနိုင်ငံ့ ခေါင်းဆောင်ကြီး လာတာ နေပြည်တော် လေဆိပ်မှာ ကြိုလိုက်၊ ပို့လိုက်၊ ရိုက်ပြလိုက်နဲ့၊ ရန်ကုန်အလှ ရှုခင်းတွေ တဖြည်းဖြည်း ပျောက်သွားပြီး ကြပ်ပြေး နေပြည်တော်ကြီးရဲ့ သတင်းတွေနဲ့ ရှုခင်းတွေကို ရိုက်ပြတာ များလာတာ တွေ့ရတယ်။

မရောက်ဖူးရင် ကျောက်ရူးလို လူက အထင်ကြီးသွားသလို အောက်မေ့မိတယ်လို့ ညစဉ်တီဗွီသတင်း ကြည့်တတ်တဲ့ ကိုရွှေနပင်းကြီးရဲ့ပြောသံကြားရတယ်။ ကြပ်ပြေး နေပြည် တော်ကြီးကို အံ့သြသွား ကြလေရော့သလား လို့လည်း ထင်ကြစေဗျား။


ကျုပ်တို့ကို ရွှေဗမာဝန်ထမ်းတွေကတော့ သူတို့ပြနေတဲ့ ညစဉ်တီဗွီသတင်း မြင်ကွင်းပြကွက်တွေ၊ ဒီကြပ်ပြေးနေပြည်တော်မှာ နေ့စဉ်နေ့ခင်း နေပြင်းပြင်းပူ ဖုန်ထူထူချိန်မှာ အမြဲမြင်တွေ့နေကြတော့ ဒီလိုပြတဲ့ မြင်ကွင်းကို မကြည့်ကြတော့၊ ကျုပ်တို့ကို ငြိမ်ဆေးကျွေးထားသလို အဆောင်တွေမှာ အခမဲ့တပ်ဆင်ပေးထားတဲ့
5 Movies & 5 Series ကိုပဲ အားပေးကြတယ်လေ။ တခါတလေ ကိုယ့်ဌာနဝန်မင်းကြီး ဘယ်နေရာ သွားလာနေမှန်းတောင် မသိပေါင် မသိဟန်ဆောင်သလို ဖြစ်နေပြီပေါ့။

ဒင်းတို့က ကြပ်ပြေးနေပြည်တော်ကို ပြီးသလောက် ကြွားလုံးထုတ်ပြ သတင်းရိုက်ပြနေပေမယ့် နေပြည်တော်ကြီး ပေါ်ခါစ မူလက အထူးဖွံ့ဖြိုးရေးစီမံကိန်းကြီး အမည်တပ်ပြီး အကွက်ချခဲ့၊ နောက်အတော် ကြာတော့ ၂ဝ၁ဝ မှာ အပြီးသတ်ဖို့ ရာဇသံပေါ်လာ၊ မပြီးပြတ်တဲ့ လုပ်လက်စ ဆောက်လက်စ လုပ်ငန်းတွေ တဖြည်းဖြည်း ရပ်လေတော့ ပြီးသမျှ တီဗွီက ထုတ်ကြွားပြတာ ဖြစ်မှာပေါ့။

ဟိုးမှာ ဝန်ထမ်းတွေနေတဲ့ သိဒ္ဓိအမည်ခေါ်မယ့် ရပ်ကွက်ကြီးတွေ မူလက (၁ဝ) ရပ်ကွက်တဲ့။ ရန်ကုန်မှာရှိသမျှ ဝန်ထမ်းတွေ အကုန်ခေါ်ဖို့အကြံနဲ့ မဟာလောဘ ဆောက်လုပ်ရေး၊ အခုတော့ ဓနသိဒ္ဓိ၊ ဥာဏသိဒ္ဓိ၊ ဗလသိဒ္ဓိ၊ သုခသိဒ္ဓိနဲ့ ဝဏ္ဏသိဒ္ဓိ ရပ်ကွက်ဆိုပြီး အကွက်ကြီး (၅) ကွက်နဲ့ပဲ ရပ်ခဲ့ပြီ၊ ဆောက်လုပ်ရေး ကုမ္ပဏီတွေက သူတို့ ရမယ့် အကြွေး ကျပ်ဘီလီယံ (၁ဝဝ) ကျော် မရတော့ ဟိုး--ဟိုး--ရပ်၊ ရန်ကုန်က ကျန်တဲ့အကောင်တွေ ထပ်မံ ခေါ်စရာ မလိုတော့ဘူး၊ ဒီအကွက်ကြီး (၅) ကွက် ဆောက်တာ ဒီမှာပဲရပ်၊ ၂ဝ၁ဝ မတိုင်မီ တော်ပြီ ငါ့အမိန့်တော်။

ဝန်ထမ်းရပ်ကွက်တွေ၊ အဆောင်တွေအတွက် အဆောက်အဦတွေ ပြီးသွားပြီ၊ နေပြည်တော်လေဆိပ် ဆိုတာလည်း ပြီးသွားပြီ၊ ဘူတာကြီးလည်း ဆောက်နေပြီ၊ ရွာတော်ဘူတာကြီးတဲ့၊ အခုတော့ နေပြည်တော် ဘူတာကြီး။ အဲဒီအနီးမှာ ခရီးသွားတွေ သွားကြလာကြမယ်ဆိုပြီး ရွာတော်အဆင့်မြင့်ဈေးကြီး ဟည်းနေတာပဲ။

နောက်တော့ ရန်ကုန်က မင်္ဂလာဈေးကြီး စည်းကားနေတာ အားကျပြီး “နေပြည်တော်မင်္ဂလာဈေး’’ လို့ အမည်ပြောင်းလိုက်သတဲ့။ ဒီဈေးနေရာက ကျယ်ကျယ်၊ အဆောက်အဦ ဆိုင်ခန်းတွေကလည်း များပေမယ့် လူသူမနီးတဲ့နေရာ ဈေးဝယ်တွေ မလာကြလို့ အဲဒီ မင်္ဂလာဈေးကို လူမလာဈေးလို့ ဈေးသူဈေးသားတွေက ကိုယ်တိုင်မင်္ဂလာယူပြီး ပြောနေကြလို့ နေပြည်တော် တိုင်းမှူးကြီးက သူ့တိုင်းရဲ့လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့တွေအားလုံး တနင်္ဂနွေတိုင်း တပ်တွေက ဈေးကားတွေ၊ အဲဒီကိုမောင်းကြစေ၊ ဘယ်ဈေးမှ မသွားရဘူးလို့ အမိန့်ထုတ်ပြီး လူလာအောင်လုပ်ရတဲ့ ဈေးကြီး၊ ဘယ်သူလာလာ မလာလာ၊ အဲဒီအနီးက နေပြည်တော် ဘူတာကြီးပြီးရင် ဘူတာမှာ လူလာမှာမို့ နေပြည်တော်ဘူတာကြီး ၂ဝ၁ဝ မှာ အပြီးဆောက်စေ ငါ့အမိန့်တော်။

အခုတလော လူပြောများနေတဲ့ ကြပ်ပြေးနေပြည်တော်ဝန်ထမ်းတွေအတွက် မြို့ကွက်သစ်တွေ၊ ဥတ္တသီရိ မြို့သစ်ရဲ့ မြို့ကွက်အမှတ် (၃)၊ မြို့ကွက်အမှတ် (၄) တဲ့၊ ဒီမြို့ကွက်သစ်တွေအတွက် သောက်ရေသုံးရေ ဘယ်တွေက ရမှာလဲ။

ဥတ္တသီရိမြို့သစ်အတွက် အဲဒီအနီးမှ လျှိုပိတ်ဆောက်မယ့် ဥတ္တသီရိဆည်၊ မြို့ကွက်သစ် အမှတ် (၃) အတွက် ဘုံကွဲချောင်းဆည်၊ တင်းဝါးချောင်းဆည်နဲ့ သရက်ရှင်းချောင်းဆည်၊ မြို့ကွက်သစ် အမှတ် (၄) အတွက် တောင်ပိန်းချောင်းဆည်၊ မြောက်ပိန်းချောင်းဆည်၊ သပြေစမ်းချောင်းဆည်နဲ့ ချောင်းခြောက်ဆည်တွေ တည်ဆောက်စေ၊ ဆည်ဆောက်တတ်တဲ့ ကုမ္ပဏီတွေ ဆောက်စေ။

ဒီဆည်တွေက နေ့စဉ်ရေဂါလန် (၆.၇၅) သန်း ဝေနိုင်မယ့်ဆည်၊ မဆောက်နိုင်ရင် ဟို- ငါ့ကုမ္ပဏီတွေကို ဆောက်ခိုင်းလိုက်၊ ရေအကျိုးဆယ်ပါး မတောင်းဘဲပြည့်လို့ ဒီဆည်တွေ ၂ဝ၁ဝ အပြီးတည်၊ ငါ့အမိန့်တော်။

ရှေးရှေးတုန်းက နေပြည်တော်ဆိုတာ မြို့ရိုး ပြအိုးနဲ့ ပစ္စင်နဲ့ ကျုံးနဲ့၊ အခုနေပြည်တော်က ခေတ်သစ်နေပြည် တော်ဖြစ်လို့ မြို့ရိုးမရှိဘူးလေ၊ မြို့ရိုးအစား ဟို- လှိုဏ်ခေါင်းတွေ တူးနေတယ်လို့ ကြားကြသိကြရတယ်။

ကျုံးမရှိပေမယ့် ရေရှိရင် ကျုံးလိုလှတာပဲကွ၊ ရေရှိမှ ပတ်ဝန်းကျင်ကလှတာ၊ တင့်တယ်တာ၊ သာယာတာ၊ စိုပြေတာလို့ မိန့်တော်မူလို့ သပြေကုန်းအဝိုင်းကြီး အနီးကနေ ဟိုး အနောက်ဘက် မင်္ဂလာ သိဒ္ဓိရပ်ကွက် ကံ့ကော်ဝန်ထမ်းဆောင် တောင်ခြေအထိ ပရဆေးဥယျာဉ်ကြီးရဲ့ ရှေ့တည့်တည့်မှာ ရေတွေစုစေသတဲ့၊
ဟိုးအပေါ်မှာ လျှိုပိတ်တမံကိုဆောက်၊ အောက်ဘက်ချိုင့်တွေရဲ့ ချုံတွေကို ဂေါ်ထိုးရှင်းပြီး ဆည်လိုလို မြောင်းကျယ်လိုလို ပတ်လမ်းပါ ထည့်ဆောက်ထားလို့ ကန်လိုလိုနဲ့၊ ကံ့ကော် လျှိုပိတ်တမံက မိုးတွင်းမှာ လျှံတဲ့ရေနဲ့ ကြည့်ကောင်းသလိုလို၊ ဟော- မိုးကုန်လို့ ဆောင်းမကုန် နွေမကူးသေးဘူး မူလထဲက ခပ်တိမ်တိမ် ခပ်ပါးပါး ဂေါ်ပြားနဲ့ ရှပ်ထိုးဆောက်ထားခဲ့လို့ အနက်ကသိပ်မရှိ၊ ဟိုတကွက် ဒီတနေရာတွေမှာ ကုန်းတွေ ပေါ်လာလို့ ရေကလည်းနည်း၊ ရေကလည်းပါးတော့ ရေပြင်မှာ ဝဲပေါက်သလို အဖတ်အဖတ်နဲ့ ရေညှိတွေ၊ ရေညစ်ရေမှော်တွေကို လှေတဖြည်းဖြည်းလှော်ပြီး ဆယ်ယူနေရတဲ့ ညနေရှုခင်း လှေလှော်အင်း၊ ရှေးဘုရင်မင်းမြတ်တွေ မြို့တော်တည်ရင် ကန်တော်မြတ်တွေ တူးကြသတဲ့။

အဲဒီအခါမှာ ဗြဟ္မာ၊ သိကြား၊ နတ်များနဲ့တကွ နဂါးမင်းတို့ပါလာ၍ အနောတတ်အိုင်မှ ရေကိုဆောင်ယူပြီး နဂါးတွေက ရေကို အန်ပေးကြလို့ နဂါးတို့အန်တဲ့ရေက အနှစ် (၈၄,ဝဝဝ) တည်သတဲ့။ ဒီအချက်ကိုကြည့်ရင် အနောတတ်အိုင်က ရေကို သယ်ယူဖို့ လိုနေပြီလား။ ဒီကန်တော်ကြီး ရေကြည် ရေပြည့်ရအောင် အစီအမံနဲ့ ၂ဝ၁ဝ မှာ အပြီးရေဖြည့်ကြစေ၊ ငါ့အမိန့်တော်။

ဟို-ဟို- ဟိုတယ်ဇုန်ဆိုတဲ့ နေရာက ရာဇသင်္ဂဟလမ်းမကြီး၊ လေဆိပ်သွားတဲ့ လမ်းမကြီးရဲ့ ဘေးမှာရှိတယ်။ အဲဒီ ဟိုတယ်ဇုန်နဲ့ မျက်နှာချင်းဆိုင်မှာ နေရာချပေးထားတဲ့ ဒီသံတမန်အိမ်ရာ ဧကကွက် (၃ဝဝ) နဲ့ ဟိုက ရန်အောင်မြင်ဆည်အနီးမှာ စစ်သံမှူး အိမ်ရာကွက်များ၊ အထူးဖွံ့ဖြိုးရေး စီမံကိန်းကြီးရဲ့ ကနဦးတည်းက ပါလာတဲ့ အစီအမံ ဒင်းတို့ဘာလို့ လာမဆောက်သေးကြသလဲလို့၊ မေးမကြည့်နဲ့ အဲဒီနေရာကို သွားကြည့် လိုက်ပါ့လား၊ ဆူးချုံပုတ်ကြားက အကွက်ချထားခဲ့တဲ့ငုတ် အခုထိမဖြုတ်သေးဘူး။ ဟင်း- ဒီလိုဆို ဒင်းတို့က ၂ဝ၁ဝ ကို စောင့်နေတာလား။ ငါအမိန့်ထုတ်လိုက်ရ၊ ကြပ်ပြေးနေပြည်တော်ကြီး ထိန်ထိန်ညီးပြီး တထီးတနန်းဖြစ်အောင် ဆောက်စရာတွေဆောက်၊ ငေါက်စရာတွေငေါက်လိုက်လို့ ပြီးတာများ ထင်နေသလား။

နေပြည်တော်ဆိုတာ ရှေးဘုရင်တွေရဲ့နန်းစံရာ နေရာကိုခေါ်တာ။ နန်းစံရာ အဆောက်အဦတွေက ရှေးရှေးကတော့ အချွန်အတက်တွေနဲ့မို့ ငါတို့လည်း အားကျမခံ ဟိုး- အဝေးမှာ တဖြည်းဖြည်း ရုပ်လုံးပေါ်လာတဲ့ ပြည်သူ့ လွှတ်တော်ကြီးဆိုတာ ထီးထီးကြီးမြင်ရပြီ။ အချွန်အတက်တွေလိုလိုနဲ့ ခေါင်မိုးတွေက ဘုံပြဿာဒ်အဆောင်တွေ အထပ်ထပ်၊ အံ့မခန်းအောင် ကြငှန်းဆောင်တွေက များပြား၊ သားနားအောင် စီမံနေရလို့ ဖြည်းဖြည်းပေါ့။

အဆောင်တွေနဲ့ တိုင်လုံးကြီးတွေပေါ်မှာ ကနုတ်ပန်းတွေ ပေါ်အောင်ပုံဖော်ရ၊ မြန်မာမှုအနုပညာတွေနဲ့ ချယ်မှုန်းရလို့ ဖြည်းဖြည်းပေါ့၊ အရည်အသွေးမီအောင် စံညွှန်းနဲ့မီအောင် ခေတ်မီပုံစံပြု ဆောက်ရလို့ ဖြည်းဖြည်းပေါ့။

ဒီပြည်သူ့လွှတ်တော်ကြီးကလည်း ဟို အထူးဖွံ့ဖြိုးရေး စီမံကိန်းဝင်ကြီး ဖြစ်လေတော့ ၂ဝ၁ဝ မှာ အပြီးဆောက်မှာလားလို့ မေးတော့ ဖြည်းဖြည်းပေါ့။ ဟိုး အဝေးကကြည့်ရင် မနက်စောစော မြင်လိုက်ရတဲ့ ကြပ်ပြေးနေပြည်တော်ကြီးရဲ့ ပြည်သူ့လွှတ်တော်ကြီးက မြူတွေဆိုင်းလို့ မှိုင်းနေတဲ့ကြားမှာ မှုန်ဝါးဝါး- ၂ဝ၁ဝ မှာ ပြီးမှာလား။


No comments: