Monday, April 6, 2009

AASYC မှ ရခိုင်အမျိုးသမီး အမတ် ဒေါ်အေးသိန်းထံ ၀မ်းမြှောက်ကြောင်း သ၀ဏ်လွှာပို့

ထိုင်းနိုင်ငံတွင် အခြေစိုက်သော ရခိုင်ပြည်လုံး ဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (AASYC) မှ များမကြာမှီက ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွှေးချယ် တင်မြှောက်ခံရသူ ရခိုင် အမတ် ဒေါ်အေးသိန်းထံ ၀မ်းမြှောက်ကြောင်း သ၀ဏ်လွှာ ပေးပို့ခဲ့သည်။

အဆိုပါ ၀မ်းမြှောက်ကြောင်း သ၀ဏ်လွှာအား ဧပြီလ ၃ ရက်နေ့က အဆိုပါ အဖွဲ့၏ ဗဟို အလုပ်အမူဆောင်ကော်မီတီက ရေးသား ပေးပို့ ခဲ့ခြင်း ဖြစ်သည်။

သ၀ဏ်လွှာထဲတွင် “မိမိတို့ အနေဖြင့် ဒေါ်အေးသိန်းအား ဒုတိယ အကြိမ်မြှောက် ရခိုင်လွှတ်တော် အမတ်အဖြစ် ရွှေးချယ် တင်မြှောက် ခြင်း ခံရသည်ကို ကြားသိရ၍ ၀မ်းမြှောက်ပါကြောင်း၊ ဘင်္ဂလာဒေခ်ျ့ နိုင်ငံရေး လောက ရခိုင်အမျိုးသမီး တဦး အနေဖြင့် အောင်မြင်မူ များ ရနေသည်ကို သိရှိရသဖြင့် ၀မ်းမြှောက်ပါကြောင်း၊ သို့သော်လည်း မိမိတို့ မြန်မာနိုင်ငံတွင် ရခိုင်အမျိုးသမီး အများစုမှာ နိုင်ငံရေး ဦးဆောင်မူ အခန်းကဏ္ဍတွင် မပါရှိဘဲ ဖြစ်နေသဖြင့် မိမိတို့ အနေဖြင့် ၀မ်းနည်း ရပါကြောင်း” ဖေါ်ပြထားသည်။

၎င်းပြင် အဆိုပါ သ၀ဏ်လွှာတွင် “ မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးများ အနေဖြင့် တန်းတူရေးနှင့် လူ့အခွင့်အရေး မရရှိသည့် အပြင် ဒီမိုကရေစီ အခွင့်အရေးများ ဆုံးရှုံးနေသော်လည်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် လူနည်းစုများနှင့် အမျိုးသမီးများ တန်းတူ အခွင့်အရေးများ ရရှိနေ၍ ၀မ်းမြှောက်ပါကြောင်း” ရေးသားဖေါ်ပြထားသည်။

နိဂုံးချုပ် အနေဖြင့် “မိမိတို့ အနေဖြင့် ရခိုင်အမျိုးသားတို့ အခြေအနေများ တိုးတက် ကောင်းမွန်လာစေရန် ရခိုင်အမျိုးသမီး ခေါင်းဆောင် တဦး အနေဖြင့် ယခင်ကကဲ့သို့ ကူညီပံ့ပိုးမူများအား လုပ်ဆောင်နိုင်ပါလိမ့်မည်ဟု မျှော်လင့်ပါကြောင်း” ရေးသား ဖေါ်ပြသည်။

ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံးမှာ ရခိုင်ကျောင်းသားနှင့် လူငယ်များကို အခြေခံပြီး ဖွဲ့စည်းထားသော နိုင်ငံရေး အဖွဲ့အစည်း တခုဖြစ်ပြီး ရခိုင်လူမျိုးများ အနေဖြင့် ကိုယ်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်နေသော အဖွဲ့အစည်း တခုဖြစ်သည်။

ရခိုင် နိုင်ငံရေး အဖွဲ့အစည်းများ အနေဖြင့် နာရေး သ၀ဏ်လွှားများမှ အပ အဖွဲ့ အစည်း တခုနှင့် တခုကြား၊ ခေါင်းဆောင် တဦးနှင့် တဦး အကြား၊ လူပုဂ္ဂိုလ် တဦးနှင့် တဦးအကြား ယခုကဲ့သို့ အောင်မြင်မူ ရရှိခြင်း အပေါ် ၀မ်းမြှောက်ကြောင်း သ၀ဏ်လွှာများပေးပို့၍ ယခင်က ချီးကျူး ဂုဏ်ပြုလေ့ မရှိခဲ့သဖြင့် ယခု အေအေအက်ဝိုင်စီ၏ လုပ်ရပ်အပေါ် အများက ချီးကျူးလေးစားနေကြသည်ဟု သိရှိရပါသည်။

No comments: