Friday, April 24, 2009

တောင်ကိုးရီးယားနိုင်ငံ၏ အမြင့်မားဆုံးလူ့အခွင့်အရေးဆုမင်းကိုနိုင်ရရှိ

Kaowao

စံခလပူရီ(ဧပြီ-၂၄)။ ။တောင်ကိုးရီး ယားနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ အမြင့်မားဆုံးဆုတစ်ခုဖြစ်သည့် ဂွမ်ဂျူးလူ့အခွင့် အရေးဆုကို ၂၀၀၉ ခုနှစ် အတွက် မြန်မာနိုင်ငံမှ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်အား ရွေးချယ်လိုက် ကြောင်း ကိုးရီးယားနိုင်ငံ ဂွမ်းဂျူမြို့ရှိ May 18 Memorial Foundation မှ ၂၀၀၉ ခုနှစ် ဧပြီလ ၂၄ ရက် သောကြာနေ့ ကိုးရီးယားစံတော်ချိန် မနက် ၁၁ နာရီ ကကိုးရီးယား နိုင်ငံအတွင်း ရှိ သတင်းမီဒီယာများမှတဆင့် တရားဝင် သတင်းထုတ်ပြန် လိုက်သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် (လွတ်မြောက်နယ်မြေ)၊ ကိုးရီး ယားဌာနခွဲ၊ ပြန်ကြားရေး တာဝန်ခံ ကိုရန်နိုင်ထွန်း ပေးပို့သောစာ အရ သိရပါသည်။

ဤဆုကို လာမည့် မေလ ၁၈ ရက်နေ့တွင် တောင်ကိုးရီးယားနိုင်ငံ၊ ဂွမ်းဂျူးမြို့ရှိ May 18 Memorial ခန်းမဆောင်တွင် အခမ်းအနား ဖြင့် ဆုချီးမြှင့်မည်ဖြစ်ပြီး ဆုအဖြစ် အမေရိကန်ဒေါ်လာ ငါးသောင်းနှင့် အတူ ဂွမ်ဂျူးလူ့အခွင့်အရေး ဆုတံဆိပ်ပါရွှေပြားနှင့် ဂုဏ်ထူး ဆောင်လက်မှတ် ကိုလည်း ချီးမြှင့်ပေးအပ်မည် ဖြစ်ပါသည်။

လွန်ခဲ့သော ၂၀၀၄ ခုနှစ်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဂွမ်ဂျူးလူ့အခွင့်အရေးဆု ရရှိခဲ့စဉ် က ဆုအဖြစ် ဂွမ်ဂျူးလူ့အခွင့်အရေး ဆုတံဆိပ်ပါရွှေပြားနှင့် ဂုဏ်ထူးဆောင်လက်မှတ်နှင့်အတူ ထိုစဉ်က ငွေသား အမေ ရိကန်ဒေါ်လာ တစ်သောင်းသာချီးမြှင့် ခဲ့သော်လည်း ၂၀၀၅ ခုနှစ်မှစ၍ဆုငွေအား အမေရိကန်ဒေါ်လာတစ်သောင်းမှ အမေရိကန်ဒေါ်လာ ငါးသောင်းသို့ တိုးမြှင့် ချီးမြှင့်လိုက်ခြင်း ဖြစ်သည်။

ထိုကဲ့သို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အား ဂွမ်ဂျူးလူ့အခွင့်အရေးဆု ရရှိနိုင်စေရေးအတွက် ဆုရွေးချယ် ရေးအဖွဲ့သို့ အစဆိုတင်သွင်းခဲ့သည့် အဖွဲ့အစည်းမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ်လွတ်မြောက်နယ်မြေ ကိုးရီးယားဌာနခွဲမှ ဖြစ်ပြီး ကိုမင်းကိုနိုင်နှင့် ပတ်သက်သည့် သမိုင်းအချက်အလက်၊ အထောက်အထားများကို နိုင်ငံ ရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအဖွဲ့ (AAPP) နှင့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဗဟိုဌာနချူပ်တို့မှ ဝိုင်းဝန်းရှာဖွေ ပေးပို့ခဲ့ကြပါသည်။

No comments: