Tuesday, April 28, 2009

ပလက်ဝနယ်မြို့နယ်မှ ရွာလူကြီး ၃ ဦး ပြန်ပေးဆွဲခံရ

Narinjara News

မင်းအောင် (နိရဉ္စရာ) ချင်းပြည်နယ် ပလက်ဝမြို့နယ် ဘင်္ဂလာနယ်စပ် အနီး ကျေးရွာ နှစ်ရွာမှ ရယက ဥက္ကဌနှစ်ဦးနှင့် ရွာသားတဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့တခုက ပြန်ပေးဆွဲ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

ပြန်ပေးဆွဲခံရပြီးနောက် သူတို့ ၃ ဦးမှာ ယခုတိုင် ပျောက်ဆုံးနေကြောင်း ပြိုင်စော်ရွာ ဥက္ကဌ၏ ဆွေမျိုး တဦးက ပြောသည်။

“ သူတို့ကို လိုက်ရှာဖို့အတွက် ဘင်္ဂလာနယ်စပ်ကို ရောက်လာတုန်း အကြောင်းကြား ခဲ့ပါတယ်။ ဒီလ ၂၄ ရက်နေ့ ညနေ ၇ နာရီလောက်မှာ လူ ၁၁ ဦး လက်နက် အပြည့် အစုံနဲ့ ကျနော်တို့ရွာကို ၀င်လာပြီး ဥက္ကဌကို ဖမ်းခေါ်သွားပါတယ်။ ကြက်နှစ် ကောင်နဲ့ ဆန် ၂ တောင်းကို တောင်းပြီး သူကို ခေါ်သွားတာ ဖြစ်ပါတယ်။ နောက်ပြီး မြောင်ရွာက တအိမ် ကို ဆန် ၂ တောင်းစီ တောင်းပြီး ဥက္ကဌနဲ့နောက် တဦးကိုလည်း ဖမ်းခေါ်သွားတယ်လို့ သိရပါတယ်။ ”

အဆိုပါ ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ခံရသူများမှာ ပလက်ဝမြို့နယ် ပြိုင်စော်ကျေးရွာ ဥက္ကဌ ဦးစိန်အောင်၊ မြောင်ကျေးရွာ ဥက္ကဌ ဦးဝေနီကျော်နှင့် အရပ်သား တဦးဖြစ်သူ ဦးထွန်းအောင်တို့ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ဖမ်းဆီးခေါ်ဆောင်သွားသူများမှာ တော်လှန်ရေး ပါတီ တခုမှ ဖြစ်ပြီး သူတို့တွင် အေကေ ၄၇ ၊ အမ် ၁၆ နှင့် တခြားလက်နက်ငယ် မျိုးစုံ ပါရှိသည်ဟု အဆိုပါ ရွာသားမှ ပြောသည်။

ယခုအခါ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူများမှာ ယနေ့ထိ နေအိမ်ပြန်မရောက်သေးသည့် အတွက် သေဆုံးသွားပြီဖြစ်ကြောင်း မိသားစုများနှင့် ရွာသားများက ယုံကြည်နေကြပြီး ပလက်ဝမြို့ရှိ သက်ဆိုင်ရာ အာဏာပိုင်များထံ အကြောင်းကြားထားသည်ဟု သိရသည်။

လွန်ခဲ့သည့်အပတ်ကလည်း အဆိုပါဒေသတွင် တည်ရှိသည့် ဆမီးကျေးရွာအနီးတွင် ဗုဒ္ဓဘာသာ ကိုရင်ကြီး တပါးကို အမည်မသိသူများက လုပ်ကြံသတ်ဖြတ် ပစ်ခဲ့သည်ဟု သိရသည်။

No comments: