ကို(၂)/ဧပြီ ၁၊ ၂၀၀၉
ထိုင်း-မြန်မာ နယ်စပ် ဒေသတွင် ကရင် လူမျိုးများ အများစု နေထိုင်ကြသည့် နိုးဖိုးနှင့် မယ်လ ဒုက္ခသည် စခန်း အတွင်း မြန်မာ ပြည်မှ လာ သည့် အမွေးအကြိုင် များနှင့် ဆေးဝါး များတွင် ခဲနှင့် အဆိပ်ပြင်း သည့် ဓါတ်ပါရှိ သည်ဟု ဓါတုနှင့် ပတ်သက်ပြီး သုတေသန ပြုစု ချက်ဖြင့် အစီရင်ခံစာ တစောင်တွင် ရေးသား ထားပါသည်။
အမေရိကန်နိုင်ငံသို့ အခြေချနေထိုင်သည့် ကရင်ဒုက္ခသည် စခန်းသူ၊သားများသည် အမေရိကန်နိုင်ငံမှ ကျန်းမားရေးစစ်ဆေးမှုအရ ၎င်းတို့၏ ကလေးများတွင် အဆိပ်ရှိသည့် မြန်မာပြည်မှ အမွေးအကြိုင်များ၊ ဆေးများအသုံးပြုနေသည့်အတွက် ခဲဆိပ်သင့်ရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားပါသည်။
ဒေါ်တွေး (ဂေါမုတ္တဆေး)၊ ဒေါ်ကြည်ခေါ် သူငယ်နာ-၀မ်းနှုတ်ဆေးတို့သည် အလွန်ပြင်းသည့် ဓါတ် (arsenic) ပါရှိပြီး၊ အနီရောင် စနွေးမှုန့် သည် ခဲပါဝင်မှုရှိသည့်အပြင် ဒယ်အိုးသည်လည်း ခဲပါဝင်မှုရှိပြီး ၎င်းတို့ကို အထူးရှောင်ကြည်ကြဖို့လိုကြောင်း နိုးဖိုးဒုက္ခသည်စခန်းမှ သုတေသနပြုစုချက်အရ သတိပေး ရေးသားထားသည်။
ပြီးခဲ့သည့်လ မတ်လ (၁၇) ရက်တွင် အမွေးအကြိုင်နှင့် ဆေးဝါးများကို ဓါတုနှင့် ပတ်သက်ပြီး သုတေသနပြုစုအပြီး အစီရင်ခံစာထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။
သို့သော်လည်း မယ်လစခန်းမှ စခန်းသားတဦး၏ ပြောပြချက်အရသည် ယခုလို အဆိပ်သင့်စေသည့် ဓါတ်ရှိ၊ မရှိဆိုသည်ကို အကြောင်း တစုံတရာ မသိရှိရသေးကြောင်း ပြောပါသည်။
၎င်းက “ကျနော်တို့ စခန်း (ကင်းမ်) ထဲမှာ ကလေးမိခင်အတွက်ပဲဖြစ်ဖြစ်၊ ကလေးအတွက်ပဲဖြစ်ဖြစ် ကျနော်တို့ သွားဝယ်တာပဲ။ ဈေးမှာ အကုန်ရောင်းနေတာလေ။ မြန်မာပြည်က လာတဲ့ ဆေးဝါးတွေပေါ့။ ထိခိုက်နာကျင်စေတာတွေတော့ မကြားရဘူးပဲ။ လိုရင် ကျနော်တို့ သွားဝယ်ကြတယ်” ဟု ပြောသည်။
အမေရိကန်နိုင်ငံ (Minnesota ) ပြည်နယ်မှ ဓါတုနှင့် ပတ်သက်သည့် အစီရင်ခံစာတွင်လည်း မြန်မာပြည်မှ ထုတ်လုပ်သည့် ပတ္တမြားဆေး၊ ကွန်းရွက်ပုံနှင့် ရီဂို ဆေး ၃ မျိုးကို သုတေသနပြုလုပ်ပြီး ခဲနှင့် အဆိပ်ပြင်းသည့် ဓါတ်ပါရှိသည်ဟု ဖော်ပြထားသည်။
ထို့အပြင် မြန်မာနိုင်ငံ ကျန်းမာရေးဌာနမှ ပြီးခဲ့သည့်လ မတ်လ ၁၂ ရက်နေ့တွင် လက်ဖက် Auramine O ဆိုးဆေးများပါသည့် လက်ဖက် အမျိုးအစား (၄၃) မျိုးကို တားမြစ်ပိတ်ပင်ထားလိုက်ပါသည်။ တဆက်တည်းတွင် ၂၉ ရက်နေ့မှာလည်း အမျိုးအစားပေါင်း (၅၇) မျိုးကို ထပ်မံတားဆီးလိုက်သည့်အတွက် တားမြစ်ခဲ့သည့်လတွင်း လက်ဖက်အမျိုးအစားပေါင်း ၁၀၀ ရှိသွားပြီ ဖြစ်သည်ဟု ပြင်ပသတင်းမီဒီယာ တခုဖြစ်သည့် ခေတ်ပြိုင်သတင်းဌာနတွင် ရေးသားထားပါသည်။
No comments:
Post a Comment