Wednesday, March 17, 2010

နယူးဒေလီက အမျိုးသမီးများနေ့ ကြွေးကြော်သံ

ဇာနည်မာန်

အိန္ဒိယနိုင်ငံ ဂျန်တားမန်တား ပန်းခြံထောင့်တနေရာမှာ အိန္ဒိယ နိုင်ငံရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ မြန်မာ အမျိုးသမီးတွေရဲ့ အမျိုးသမီး အခွင့်အရေးအပေါ် အလေးထားဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသမီး နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုသံတွေ ပျံ့လွင့်နေပါတယ်။

အိန္ဒိယ အနယ်နယ် အရပ်ရပ်က အမျိုးသမီး ၂ သောင်းကျော်တို့ဟာ အမျိုးသမီး အခွင့်အရေးတွေအတွက် စီတန်း လမ်းလျှောက်ပွဲ တခု လုပ်နေကြပါတယ်။

ကမ္ဘာတ၀န်းက အမျိုးသမီးတွေဟာ တန်းတူ အခွင့်အရေးရရှိဖို့၊ အမျိုးသမီးထုအပေါ် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှု ထုံးတမ်း စဉ်လာတွေအရ ဖိနှိပ်မှုတွေပပျောက်ဖို့အတွက် နိုင်ငံတကာ အမျိုးသမီးများနေ့ကို သတ်မှတ် လှုပ်ရှားလာကြတာ မတ်လ ၈ ရက်နေ့မှာ နှစ်ပေါင်း ၁၀၀ ပြည့်ခဲ့ပါပြီ။

အဖြူရောင် ၀တ်စုံတွေ ၀တ်ထားတဲ့ ကျောင်းသူလေးတွေဟာ ဒီနှစ် နိုင်ငံတကာ အမျိုးသမီးများနေ့ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ Equal rights, equal opportunities: Progress for all ဆိုတဲ့ စာတမ်းပါတဲ့ အလံနီတွေကို ကိုင်ဆောင်ရင်း အမျိုးသမီးတွေကို လေးစားဖို့၊ အမျိုးသမီးတွေကို အကြမ်းဖက်မှု၊ လစ်လျူရှုမှုတွေကို ရပ်တန်းကရပ်ဖို့ ဆိုတဲ့ ကြွေးကြော်သံတွေကို ဟင်ဒီဘာသာနဲ့ အော်ဟစ်နေကြပါတယ်။

သူတို့ရဲ့ နောက်မှာတော့ ဆိုင်းဘုတ်တွေ၊ အလံတွေ ကိုင်ထားတဲ့ အမျိုးသမီးတွေ၊ လက်တွဲပြီး စီတန်းလျှောက်လာနေတဲ့ အမျိုးသမီးကြီးတွေကို တွေ့ရပါတယ်။

မြန်မာ အမျိုးသမီးတွေ ကိုင်ဆောင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို မြင်တော့ “အခုချိန်ထိ သူ မလွတ်သေးဘူးလား” လို့ အမျိုးသမီး ဓာတ်ပုံ ပညာရှင် တဦးဖြစ်သူ Sarvesh က မေးပါတယ်။

“အမျိုးသမီးတယောက်ကို သေနတ်တွေနဲ့ စစ်ဗိုလ် အမျိုးသားတွေက ဘာလို့ ဒီလောက်တောင် ကြောက်နေကြလဲ။ ဘာလို့ အခုထိ လွှတ်မပေးသေးတာလဲဆိုတာ အံ့သြမိတယ်။ သူ့ကို ဒီလိုလုပ်ထားတာ မတရားဘူး။ သူအမြန်ဆုံး လွတ်မြောက်ပါစေလို့ ဆုတောင်းပါတယ်” လို့ သူက ဆက်ပြောပါတယ်။

လမ်းလျှောက်ပွဲမှာ ပါတဲ့ အိန္ဒိယ အမျိုးသမီးတချို့ဟာ မြန်မာ အမျိုးသမီးတွေ ဟစ်အော်နေတဲ့ ကြွေးကြော်သံတွေကို သံယောင်လိုက် အော်နေကြတာကိုလည်း တွေ့ရပါတယ်။ အမျိုးသမီး အခွင့်အရေးအတွက် ပြောဆိုနေတယ်လို့ သိသွားကြတော့ သူတို့လိုပဲ တန်းတူ အခွင့်အရေး မရကြတဲ့ နိုင်ငံတကာက အမျိုးသမီးတွေ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ အမျိုး သမီးတွေအတွက် လူမှုအဖွဲ့အစည်း အသီးသီးက ၀ိုင်းဝန်းကူညီလုပ်ဆောင်ကြစေချင်တယ်လို့ ဆိုကြပါတယ်။

လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်က အမေရိကန်နိုင်ငံ နယူးယောက်မြို့ အထည်ချုပ်စက်ရုံတရုံက အမျိုးသမီးတွေဟာ လုပ်ဖော်ကိုင်ဘက် အမျိုးသားတွေရတဲ့ လစာရဲ့ ထက်ဝက်နှုန်းပဲ ခံစားခွင့်ရှိသလို၊ လုပ်ငန်းခွင်မှာ ပင်ပန်းဆင်းရဲလွန်းတာကြောင့် ရောဂါတွေ ရကြတာကို တင်ပြပြီး ပိုမို ကောင်းမွန်တဲ့ လုပ်ငန်းခွင်နဲ့ ရသင့်ရထိုက်တဲ့ အလုပ်သမားအခွင့်အရေးတွေ တောင်းဆိုရရှိခဲ့ကြရာက နိုင်ငံတကာ အမျိုးသမီးများနေ့ အစပြု ဖြစ်ပေါ်ခဲ့ပါတယ်။

အလုပ်သမား အခွင့်အရေး၊ ဘူဇွာစနစ် ဆန့်ကျင်ရေးနဲ့ လူတန်းစားမျှတရေး လှုပ်ရှားမှုတွေနဲ့ စက်မှုတော်လှန်ရေးကာလ ၁၉၀၉ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာတော့ အမျိုးသမီးတွေရဲ့ အခွင့်အရေး၊ လွတ်လပ်ခွင့်၊ မဲပေးခွင့်တွေအတွက် အမေရိကန်နိုင်ငံ ဆိုရှယ်လစ်ပါတီက 'နိုင်ငံတကာ အမျိုးသမီးများနေ့' ဆိုပြီး စတင်လိုက်ပါတယ်။

၁၉၁၀ ပြည့်နှစ်က ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့မှာ လုပ်ခဲ့တဲ့ ပထမဆုံး နိုင်ငံတကာ အမျိုးသမီးများနေ့ ညီလာခံ မှာတော့ ဂျာမနီ၊ ဒိန်းမတ်၊ သြစတြေးလျ၊ ဆွစ်ဇာလန် စတဲ့ နိုင်ငံတွေကပါ ပါဝင်လာကြပြီး အမျိုးသမီးများ တန်းတူ အခွင့်အရေး ရရှိရေး လှုပ်ရှားမှုအနေနဲ့ နှစ်စဉ် နွေဦးကာလဖြစ်တဲ့ မတ်လဆန်းမှာ နိုင်ငံတကာ အမျိုးသမီးများနေ့ ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ပထမ ကမ္ဘာစစ်မီး တောက်လောက်စပြုနေတဲ့ ၁၉၁၃ ခုနှစ် မတ်လ ၈ ရက်နေ့မှာတော့ ဥရောပနိုင်ငံတွေက အမျိုးသမီးတွေဟာ ငြိမ်းချမ်းရေးအတွက် စုပေါင်းလမ်းလျှောက်ပွဲတခု ပြုလုပ်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာ အဲဒီနေ့ကို နိုင်ငံတကာ အမျိုးသမီးများနေ့ဆိုပြီး သတ်သတ်မှတ်မှတ်နဲ့ ၁၉၂၀ ပြည့်နှစ်များအထိ ကျင်းပခဲ့ကြပါတယ်။

ဒုတိယ ကမ္ဘာစစ်ကာလ အတွင်းမှာ နိုင်ငံတကာ အမျိုးသမီးများနေ့ဟာ မှေးမှိန်နေခဲ့ပြီး အမျိုးသမီးများကဏ္ဍ မြင့်မားလာတဲ့ ၁၉၆၀ နောက်ပိုင်းမှာတော့ ပြန်လည်အသက်ဝင်လာတာ ဒီနေ့ထိ တိုင်ပါပဲ။ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကတော့ ၁၉၇၅ ခုနှစ်မှာမှ နိုင်ငံတကာ အမျိုးသမီးများနေ့ကို စတင်ကျင်းပခဲ့ပါတယ်။

နိုင်ငံတကာ အမျိုးသမီးများနေ့ကို နိုင်ငံတော်တော်များများမှာ အားလပ်ရက်၊ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပြီး ထူးချွန်အမျိုးသမီးတွေကို ဂုဏ်ပြုပွဲတွေ၊ အမျိုးသမီးအခွင့်အရေးအတွက် ပညာပေး၊ ဟောပြောပွဲတွေ လုပ်ကြပါတယ်။

ဒီနေ့ကို ကျင်းပရတဲ့ အနှစ်သာရကတော့ အမျိုးသမီးများကို လူမှုဝန်းကျင်မှာ ခွဲခြား ဆက်ဆံတာတွေ မလုပ်ဖို့၊ အခွင့်အရေး တန်းတူပေးဖို့၊ လေးစားဖို့ဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ ခင်ပွန်းသည်တွေက ဇနီးဖြစ်သူကို၊ သားသမီးတွေက မိခင်ကို၊ တပည့်တွေက ဆရာမတွေကို ပန်းတွေ၊ လက်ဆောင်ကတ် လှလှလေးတွေ ပေးအပ်တဲ့ ချစ်သူများနေ့ဆန်ဆန် ဓလေ့ထုံးတမ်း ပွဲတခုအဖြစ် ပြောင်းလဲလာနေတယ်လို့ ဝေဖန်ရေး သမားတွေက ဆိုပါတယ်။

သူတို့တွေ ဆိုကြသလိုပါပဲ၊ တခြားနိုင်ငံတွေမှာလို နယူးဒေလီမြို့ပေါ်က တချို့သော နာမည်ကြီး စတိုးဆိုင်တွေ၊ Shopping Mall တွေ၊ Shopping Center တွေ၊ စားသောက်ဆိုင်တွေ၊ ရုပ်ရှင်ရုံတွေကနေ ရုပ်ရှင် အခမဲ့ ကြည့်ရှုခွင့်၊ ဈေးဝယ်ခွင့်လက်မှတ်၊ ဈေးလျှော့ရောင်းတဲ့ကြော်ငြာတွေ၊ အခမဲ့ မိတ်ကပ်လိမ်းခြယ်ပေးမယ်ဆိုတာတွေ၊ လာရောက်စားသောက်တဲ့ အမျိုးသမီးတွေကို အချိုရည် အခမဲ့သောက်သုံးခွင့်ပေးမယ် စတာတွေနဲ့ အမျိုးသမီးတွေကို ဆွဲဆောင်နေတာ တွေ့ရပါတယ်။

အိန္ဒိယတိုင်းရင်းသူ အမျိုးသမီးငယ်တွေကတော့ အမျိုးသမီးများနေ့ တနေ့လုံး သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် လျှောက်လည် နေကြတာ တွေ့ရပါတယ်။

“ဒီနေ့တနေ့လုံး သူငယ်ချင်းတွေနဲ့ လျှောက်သွားဖို့ရှိတယ်။ အမျိုးသမီးတွေအတွက် အခမဲ့ ဆိုတော့ ရုပ်ရှင်လည်း သွားကြည့်ကြမယ်။ ပျော်ပျော်ပါးပါးပေါ့။ အမျိုးသမီးနေ့ဆိုတော့ ပျော်ရွှင်ခွင့် ကျမတို့မှာ ရှိတယ်လေ” လို့ အသက် ၂၀ အရွယ် တက္ကသိုလ် ကျောင်းသူတယောက်က ဧရာဝတီကို ပြောပြပါတယ်။

အိန္ဒိယ နိုင်ငံဟာ အမျိုးသမီး အများစု တန်းတူအခွင့်အရေး ရရှိရေးအတွက် တိုက်ပွဲဝင်နေတာ ကြာလှပြီဖြစ်ပြီး တိုးတက်မှု နည်းပါးတဲ့အတွက် လူငယ်တွေအနေနဲ့ အမျိုးသမီးများအခွင့်အရေးအတွက် အလေးထားသင့်တယ်လို့ အိန္ဒိယ အမျိုးသမီးအများစုက မြင်ကြပါတယ်။

“တကယ်တော့ ဒီနေ့ဟာ ဈေးဝယ်ထွက်ဖို့၊ လက်ဆောင်ရဖို့ မဟုတ်ပါဘူး။ အိန္ဒိယမှာ ဒီလိုဈေးဝယ်နိုင်တဲ့လူတွေဟာ လက်တဆုပ်စာ လူချမ်းသာတွေပါ။ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်၊ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ မရကြတဲ့၊ ဖိနှိပ်ညှဉ်းပန်းခံနေရတဲ့ အများစုသော ဆင်းရဲတဲ့ အမျိုးသမီးတွေအတွက် ဒီလူငယ်တွေက စဉ်းစားပေးဖို့လိုတယ်၊ ပြောဖို့လိုတယ်၊ ရပ်တည်ပေးဖို့လိုတယ်” လို့ Sarvesh က ဧရာဝတီကို ပြောပြပါတယ်။

မြန်မာနိုင်ငံမှာတော့ ဒီလို ကမ္ဘာ့အမျိုးသမီးများနေ့ အပါအ၀င် အထိမ်းအမှတ် အခမ်းအနားတွေကို လုပ်ခွင့်မရကြပါဘူး။ ဒီလိုပဲ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍနဲ့ အမျိုးသမီး အခွင့်အရေးတွေကိုလည်း ဖောက်ဖျက်ခြင်း ခံနေရတယ်လို့ အမျိုးသမီးများ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ (WLB) က ဆိုပါတယ်။

နယူးဒေလီရောက် မြန်မာအမျိုးသမီးတွေနဲ့ မြန်မာ့ဒီမိုကရေစီ အင်အားစု ၁၅၀ ကျော်ကတော့ အမျိုးသမီးတွေအပါအ၀င် ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ဖိနှိပ်နေတဲ့၊ လူ့အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေးတွေကို ချိုးဖောက်နေတဲ့ စစ်အစိုးရက ရေးဆွဲထားတဲ့ အခြေခံဥပဒေနဲ့ စစ်အစိုးရက လုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်မှာ လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး အပါအ၀င် နိုင်ငံရေးအကျဉ်းသူ ၁၇၇ ယောက် ပါတယ်လို့ နိုင်ငံရေး အကျဉ်းသားများ စောင့်ရှောက်ရေး အဖွဲ့ AAPP က ဆိုပါတယ်။

“အမျိုးသမီး နိုင်ငံရေး လှုပ်ရှားသူတွေဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် အရေးပါတယ်။ ဒီအမျိုးသမီးတွေဟာ အနာဂတ် ဗမာပြည်အတွက် အင်အားဖြစ်တယ်။ သူတို့ကို လေးလေးစားစားဆက်ဆံဖို့၊ ဖမ်းဆီးထားရာက ပြန်လွှတ်ပေးဖို့ လိုတယ်” လို့ AAPP အတွင်းရေးမှူး ကိုတိတ်နိုင်က နိုင်ငံတကာ အမျိုးသမီးများနေ့ ထုတ်ပြန်ကြေညာချက်မှာ ဆိုထားပါတယ်။

ယမန်နေ့က ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့အတွက် သတ်မှတ်ထားတဲ့ ဆောင်ပုဒ်ကတော့ “တူညီသော အခွင့်အရေး၊ တူညီသော အခွင့်အလမ်းဖြင့် အားလုံးအတွက် တိုးတက်စေရမည်” ဖြစ်ပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်မစ္စတာ ဘန်ကီမွန်းရဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ သ၀ဏ်လွှာမှာတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာတွေ ဖြစ်တိုင်းဖြစ်တိုင်း နစ်နာသူတွေ၊ ဆိုးကျိုး ခံစားရသူတွေထဲမှာ အမျိုးသမီးတွေက အများစုဖြစ်လို့ နိုင်ငံ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး ကဏ္ဍ တိုးတက်ရေးတွေအတွက် အမျိုးသမီးဘ၀ မြင့်တင်ရေးနဲ့ တန်းတူအခွင့်အရေး ရဖို့က အရေးကြီးတယ်လို့ ဖော်ပြထားပါတယ်။

ဘန်ကီမွန်းက သူ့သဝဏ်လွှာထဲမှာ “လွန်ခဲ့တဲ့ ၁၅ နှစ် ဘေဂျင်းမှာ လုပ်ခဲ့တဲ့ အမျိုးသမီးများအတွက် ညီလာခံက တိုးတက်တဲ့ ရလဒ်တွေ ရခဲ့သလို၊ ကျနော်တို့ ရှေ့ဆက်ပြီး အမျိုးသမီးများအားလုံး တန်းတူအခွင့်အရေးရဖို့ အတူလက်တွဲ လုပ်သွားကြမယ်” လို့ ဆိုပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂက နိုင်ငံတကာက အမျိုးသမီးများ အရေးကိစ္စ တိုးတက်ရေးအတွက် ဆွေးနွေးမှုတွေမှာ အိန္ဒိယအမျိုးသမီးတွေ ရိုးရာ ယဉ်ကျေးမှုအရ အနှိမ်ခံရတာတွေ၊ အိန္ဒိယ သတို့သမီးတွေ တင်တောင်းငွေ မပေးနိုင်လို့ နှိပ်စက် သတ်ဖြတ်ခံရတာတွေ၊ အမျိုးသမီးတွေကို ငွေဝယ်ကျွန်လို သဘောထား ဆက်ဆံတာတွေ စတဲ့ ကိစ္စတွေဟာ ထိပ်တန်းအလေးပေး ဖြေရှင်းရမယ့် အဓိကအချက်တွေ ဖြစ်နေပါတယ်။

တဘက်မှာလည်း အစိုးရကို တင်ပြထားတာ ဆယ်စုနှစ်တခု နီးပါး ကြာမြင့်နေပြီဖြစ်တဲ့ အိန္ဒိယ ပါလီမန်မှာ အမျိုးသမီး ၃၃ ရာနှုန်း ပါဝင်ခွင့်ရဖို့ တောင်းဆိုထားတာကို အတည်ပြုရေး စတင်လက်ခံစဉ်းစားနေပြီလို့ အိန္ဒိယ အစိုးရက ထုတ်ပြန်ထားပါတယ်။

နယူးဒေလီရောက် မြန်မာဒုက္ခသည် အမျိုးသမီးတွေအဖို့ကတော့ ဒုက္ခသည်ဖြစ်နေတာကတကြောင်း၊ အမျိုးသမီးဖြစ်နေတာက တကြောင်းတို့ကြောင့် အခက်အခဲတွေ ရင်ဆိုင်ကြရတယ်။ ဒါကြောင့် အမျိုးသမီးတွေအပေါ် အလေးပေး ဆက်ဆံမှုတွေ ရှိစေချင်တယ်၊ အကြမ်းဖက်မှုတွေ ပပျောက်စေချင်တယ်လို့ ဆိုပါတယ်။

“ကျမဆို ဒီရောက်နေတာ နှစ်အတော်ကြာပြီ၊ UNHCR ပေးတဲ့ ထောက်ပံ့ငွေနဲ့ မလုံလောက်တော့ အလုပ်လုပ်ဖို့ရာက အမျိုးသမီးဖြစ်နေတော့ အလုပ်မရဘူး။ ရပြန်ရင်လည်း ခွဲခြားဆက်ဆံတာခံရတယ်။ အမျိုးသမီးငယ်တွေဆိုရင်လည်း အိန္ဒိယ တိုင်းသားတွေရဲ့ ကိုယ်ထိလက်ရောက် စော်ကားတာမျိုးတွေ ကြုံကြရတော့ ဘယ်နေရာမှာ မဆို အမျိုးသမီးတွေကို ခွဲခြားတာတွေပျောက်ပြီး တန်းတူခွင့်တွေ မြန်မြန်ရရင် ကောင်းမယ်” လို့ ကချင်အမျိုးသမီးကြီး ဒေါ်နန်းက ပြောပြပါတယ်။

သူကဆက်ပြီး “ဖိနှိပ်မှုတွေသာ မရှိတော့ဘူး၊ လွတ်လွတ်လပ်လပ်နဲ့ အခွင့်အရေးသာ အပြည့်ရမယ်ဆိုရင်တော့ ကိုယ့်ရပ်ကိုယ့်ရွာပြန်ပြီး အေးအေးဆေးဆေးပဲ နေချင်ပါတယ်” လို့ ပြောရင်း “စစ်အာဏာရှင်စနစ် ပြုတ်ကျရေး .. ဒို့အရေး .. ဒို့အရေး” လို့ ကြွေးကြော်နေပါတော့တယ်။

No comments: