Sunday, March 14, 2010

ဘူးသီးတောင်တွင် စစ်တပ် အရာရှိများ နေအိမ် မီးလောင်

မင်းအောင် (နိရဉ္စရာ) မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ ဖြစ်သော မတ်လ ၁၃ ရက်နေ့က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ရှိ နအဖ စစ်အရာရှိများ နေထိုင်သော အိမ်တလုံး မီးလောင်သွားကြောင်း သတင်း ရရှိသည်။

ဘူးသီးတောင်မြို့ခံ တဦးက “ မီးက မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းမှာ စလောင်တာ ဖြစ်ပါတယ်။ ရွာသားတွေ တရာကျော်ခန့် မီးသတ်အဖွဲ့နဲ့ လက်တွဲပီး မီးကို ငြိမ်းသတ်ခဲ့ရပါတယ်။ မဟုတ်ရင် တခြား စစ်သား အိမ်တွေပါ မီးထဲ ပါသွားနိုင်ပါတယ်” ဟု ပြောသည်။

မီးလောင်သွားသော စစ်တပ် အရာရှိများမှာ နေအိမ်မှာ ဘူးသီးတောင်မြို့ အမှတ် (၆) ရပ်ကွက်တွင် တည်ရှိသည်ဟု သိရသည်။

“မီးကတော့ လူတွေ ရှို့တာ မဟုတ်ပါဘူး။ ဘုရားစင်မှာ ထွန်းညှိထားတဲ့ ဖယောင်းတိုင်က စလောင်တာ ဖြစ်ပါတယ်။ စစ်အရာရှိတွေက အိပ်ကောင်းတိုင်း အိပ်နေတော့ အိမ်တ၀က်ကို မီးလောင်းပီးမှ သူတို့က သိတာပါ။ ရွာသားတွေ မကယ်ရင် အကုန်လုံး မီးထဲ ပါသွားနိုင်ပါတယ်” ဟု သူက ဆက်ပြောသည်။

စစ်အရာရှိများနေသော အိမ် မီးထဲ ပါသွားသဖြင့် အရေးကြီးသော စာရွက် စာတန်းများ အပြင် စုစုပေါင်း တန်ဖိုး သိန်း ၅၀ ဖိုးခန့် ဆုံးရှုံးသွားကြောင်း သိရသည်။

ဘူးသီးတောင်ရဲမှ စစ်အရာရှိများ နေထိုင်သော အိမ်ဖြစ်သဖြင့် မီးလောင်မူနှင့် ပတ်သက်ပြီး တစုံတရာ အရေးယူဆောင်ရွက်ခြင်း မရှိသလို တရားစွဲဆိုခြင်းလည်း မရှိကြောင်း သတင်း ရရှိသည်။

No comments: